၁၄  အောက်တိုဘာ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ယခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြုလူနာ ပေါင်း ၃၀၀၀၀ နီးပါးရှိလာနေပြီ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ အဖွဲ့အစည်း အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေက ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ကြိုးပမ်းလုပ် ဆောင်နေကြတာဆိုရင် တကယ့်ကို ကျေးဇူးတင်ဂုဏ်ယူစရာဖြစ်သလို၊ ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးဝန်ထမ်း တွေနဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ထိရောက်အောင်မြင်မှာ ဖြစ်ပါတယ်။

ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ လိုက်နာ ဆောင် ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက ရုပ်မြင်သံကြားအစီအစဉ်နဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် အပတ်စဉ်အသိပညာပေး ရှင်းလင်းပြောကြားနေသလို ပြည်သူတွေကလည်း ဒီအချက်တွေကို အတိအကျ လိုက်နာခြင်းဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ တတပ်တအား ပါဝင်ပေးကြဖို့ လိုအပ်ပါတယ်။

ဒီနေ့အတွက် မေးခွန်း မေးမြန်း၊ ဖြေကြား ဆွေးနွေးမှုမှာ ပါမောက္ခဒေါက်တာမြင့်ဟန် (ညွှန်ကြားရေးမှူးချုပ် - ငြိမ်း၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့်ဆောင်ရွက် ရေး အဖွဲ့ဝင်) ၊ ပါမောက္ခဒေါက်တာဇော်လင်းအောင် (ပါမောက္ခဌာနမှူး၊ ဆေးပညာဌာန - ဆေးတက္က သိုလ် (၁) ရန်ကုန်) တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဒေါက်တာထွန်းတင် (ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန) က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဆရာကြီးတို့အားလုံး မင်္ဂလာပါ။ ဒီနေ့မှာ ဆရာကြီးတို့ မအားလပ်တဲ့ကြားကနေ အချိန်ပေးပြီး လာရောက်ဆွေးနွေးပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ပြောကြားပါရစေ။ ဆွေးနွေးမှုတွေ စတင်နိုင်ဖို့အတွက် ဆရာကြီးတို့ကို ဖိတ်ခေါ်ပါတယ်။

ဒေါက်တာထွန်းတင်။ ။ ကိုဗစ် - ၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ကြည့်ရှုနေကြတဲ့ မိဘပြည်သူများအားလုံး မင်္ဂလာပါ။ ဒီအစီအစဉ်ဟာ ယခုဆိုရင် တတိယအပတ်ထဲ ရောက်ရှိလာပြီးတော့ ပြီးခဲ့တဲ့အစီအစဉ်တွေမှာလည်း ဆရာကြီး၊ ဆရာမကြီးတွေ တော်တော်များများ ပြည့်ပြည့်စုံစုံ ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ကတော့ မေးစရာတွေ ကျန်နေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရောဂါရဲ့ သဘာဝအရလည်း ပြောင်းလဲမှုတွေရှိနေတယ်။ ဒီလို ပြောင်းလဲမှုမှာ မူတည်ပြီး လိုက်ပြီးတော့ တုန့်ပြန်ဆောင်ရွက်ရတဲ့ အစီအစဉ်တွေကလည်း ပြောင်းလဲ နေ တာဖြစ်လို့ ဖြေစရာတွေက ဆရာတို့မှာ ရှိနေပါတယ်။

ဒီနေ့အစီအစဉ်အတွက် စုဆောင်းထားတဲ့ မေးခွန်းတွေကို ဆရာတို့အနေနဲ့ လေ့လာ ကြည့်လိုက်တဲ့အခါမှာ ကဏ္ဏစုံပါဝင်နေတာကို တွေ့ရပါတယ်။ ရောဂါကူးစက်မှု၊ ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမှု၊ ရောဂါလက္ခဏာ ကုသမှုတွေ၊ အန္တရာယ်ရှိတဲ့အုပ်စု၊ ရောဂါအခံရှိသူတွေ၊ သေဆုံးမှုတွေ၊ ရောဂါကူးစက်မှု မရှိအောင် ဆောင်ရွက်ရမယ့်အပိုင်းတွေ စသည်ဖြင့် အစုံစုံ မေးထားတာတွေကို ဆရာတို့ တွေ့ရပါတယ်။

ကျွန်တော်တို့ အဖွဲ့အနေနဲ့က အကုန်လုံးကို တစ်ခါတည်း ဖြေကြားပေးလိုပေမယ့် လည်း ရရှိတဲ့ အချိန်ကန့်သတ်ချက်ပေါ်မူတည်ပြီး ဦးစားပေးပြီး ရွေးချယ်ဖြေဆိုသွားပါရစေ။ မိဘပြည်သူ တွေ သိတဲ့အတိုင်းပဲ ယခုဆိုရင် ကိုဗစ် - ၁၉ ရောဂါအတည်ပြုနိုင်သူ စုစုပေါင်းက ၃၀၀၀၀ နီးပါး ရှိလာပြီ၊ သေဆုံးသူပေါင်းက ၆၀၀ ကျော်၊ ၇၀၀ နီးပါး ရှိနေခဲ့ပြီဖြစ်ပါတယ်။

ဒါနဲ့ဆက်စပ်ပြီး ပထမဆုံးမေးခွန်းအနေနဲ့ ကိုဗစ်-၁၉ ကြောင့် ကူးစက်ရောဂါအခံရှိသူတွေ သေဆုံးမှု များတယ်ဆိုရင် သူတို့ရောဂါတွေကို ဘယ်မှာသွားပြကြရမလဲ၊ ဆေးမပြတ်အောင် ဘယ်လိုလုပ်ရပါ့မလဲ၊ ဘယ်ဆေးရုံ၊ ဘယ်ဆေးခန်းကို သွားရပါ့မလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဆရာကြီး ပါမောက္ခ ဒေါက်တာဦးမြင့်ဟန်ကို စတင်ဖြေကြားပေးဖို့ ပန်ကြားပါတယ်။

ပါမောက္ခဒေါက်တာမြင့်ဟန်။ ။ ကျွန်တော် ဒီမေးခွန်းနဲ့ အစပြုပြီးတော့ ပြည်သူတွေ အန္တရာယ်ရှိတဲ့အုပ်စု၊ ရောဂါအခံရှိတဲ့အုပ်စုနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေလည်း ရှိပါတယ်။ ယခုကိုဗစ်ကာလမှာ ဆေးရုံ၊ ဆေးခန်း တွေကို သွားပြီးတော့ လူနာတွေက ပြသဖို့ အခက်အခဲရှိနေတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားတာတွေ အားလုံးကို ကျွန်တော်အနေနဲ့ စုစည်းပြီး ဆွေးနွေး ပါ့မယ် ဆရာ။

ဒီနေရာမှာ ကျွန်တော်တို့ NCD ခေါ်တဲ့ မကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ အဓိက အရေးကြီးတာကတော့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စသဖြင့် ဖြစ်ပါတယ်။ ဒီရောဂါ တွေက တစ်ခုတည်း ဖြစ်နိုင်သလို ဒါတွေက ဆက်စပ်ပြီးတော့လည်း ရောဂါပေါင်းစုံ တစ်ဦးတည်းမှာ ရှိနေတာမျိုးလည်း တွေ့ရပါတယ်။

ဒီကာလမှာ မိမိတို့ရဲ့ သွေးပေါင်ချိန်ကို ထိန်းသိမ်းထားဖို့ လိုပါတယ်။ ဆီးချိုကိုလည်း ထိန်းသိမ်းထားဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆီးချို၊ သွေးချိုကြောင့် နောက်ဆက်တွဲ ရောဂါတွေ၊ ကိုဗစ်ရောဂါ ရခဲ့ရင် ပိုမိုလာဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ လူနာ ကိုယ်၌က မိမိရဲ့ ဆီးချို၊ သွေးချိုကို မိမိတို့ ကိုယ်တိုင် ထိန်းကျောင်းနိုင်ဖို့၊ သွေးပေါင်ကိုလည်း ထိန်းနိုင်ဖို့ ကျွန်တော် နည်းလမ်းလေးတွေ ဆွေးနွေးပါ့မယ်။

အဓိက မိမိရဲ့အိမ်မှာ သွေးပေါင် ချိန်နိုင်ဖို့ လိုပါတယ်။ သွေးပေါင်ကို စနစ်တကျ ချိန်နိုင်ဖို့ အတွက်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဗီဒီယိုနဲ့တကွ သွေးတိုးရောဂါ အကြောင်းတွေလည်း ရှင်းလင်းထားတာတွေရှိပါတယ်။ ဒါတွေကိုလည်း လေ့လာနိုင်ပါတယ်။ သွေးချိုတိုင်းကိရိယာ၊ ဆီးချိုတိုင်းတဲ့ကိရိယာတွေက ယခုအချိန်မှာဆိုရင် အသုံးဝင်လာပြီး လူတိုင်းလည်း လက်လှမ်းမှီလာတဲ့ အနေအထားရှိတဲ့အတွက် ဒါတွေကို အသုံးချကြပါလို့  တိုက်တွန်းလိုပါတယ်။

ဥပမာအားဖြင့် သွေးတိုးရောဂါနဲ့ ပတ်သက်ပြီး ယခုလို ကိုဗစ်ကာလမှာ ကိုယ်လက် လှုပ်ရှားမှုတွေ နည်းလာတယ်။ တာရှည်ခံ အစားအသောက်တွေ စားရတယ်။ အငန်တွေ ပိုကဲစွာ စားသုံးမီတဲ့ အခွင့်အလမ်းတွေ ဖြစ်လာနိုင်တယ်။

နောက်အရေးကြီးတဲ့အပိုင်းက ကိုဗစ်ကြောင့် စိတ်ဖိစီးမှုတွေ အားလုံးများပြားကြပါတယ်။ ဒါကြောင့်လည်း သွေးပေါင်ချိန် တက်နိုင်ပါတယ်။ နောက်မိမိရဲ့ သွေးပေါင်ချိန်ကို မှန်မှန်ချိန်တဲ့အပြင် သွေးပေါင်ချိန် အနည်းငယ် မြင့်တက်ရုံမျှနဲ့လည်း စိုးရိမ်ပူပန်စရာ မရှိပါဘူး။ ပုံမှန်သွေးကျ ဆေးတွေကိုလည်း ပုံမှန်အတိုင်း သောက်သုံးပြီး စောစောက ကျွန်တော် ပြောတဲ့ အစားအစာကို လျော့ပြီး၊ အငန်လျော့ပြီးစားမယ်၊ တာရှည်ခံအစားအသောက်တွေ လျော့စား မယ်။ ကိုယ်လက် လှုပ်ရှား ကို တစ်နေ့ကို နာရီဝက်၊ တစ်ပတ်ကို အနည်းဆုံး ၅ ရက် လုပ်မယ်။

နောက်ပြီး ဆေးလိပ်နဲ့ အရက်ကို ရှောင်မယ်။ စိတ်ဖိစီးမှုတွေ လျော့ပါးအောင်  သတိမှတ်တဲ့ အလေ့အကျင့်မျိုး၊ တရားထိုင်တဲ့ တရားမှတ်ခြင်းစတဲ့ အလေ့အထတွေက သွေးပေါင်ချိန် တော်ယုံ၊ တန်ယုံ မြင့်မားတာကို ချပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒီတော့ မိမိရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲခြင်းဖြင့်လည်း မိမိရဲ့ သွေးတိုးကို ဂရု တစိုက်စောင့်ကြပ်ကြည့်ရှုပြီး ကျွန်တော်တို့ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း  ဒီသွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေက ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်တဲ့ အခါမျိုးတွေရှိမှာပါ။ ယခုလို အင်တာနက်နဲ့ အွန်လိုင်းတွေ အသုံးပြုများလာတဲ့ အချိန်မှာ ကောင်းတာ ကတော့ မိမိတို့ရဲ့ ဆရာဝန်၊ မိသားစုဆရာဝန်နဲ့ တိုင်ပင်နိုင်တဲ့ အခွင့် အရေးတွေလည်း ရှိနိုင်ပါတယ်။ အဲဒီတော့ မိမိရောဂါကို ကြည့်ရှုကုသနေကျ ဆရာတွေနဲ့ တိုင်ပင်တာကလည်း ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဒါ့အပြင်   မြို့နယ်တွေ၊ ကျေးလက်တွေမှာဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း (Community Clinic) တွေမှာ သွေးတိုးနဲ့ ဆီးချိုရောဂါ ကုသပေးတဲ့ ဆေးခန်းတွေ အပတ်စဉ် မှာ တစ်ရက် သတ်မှတ်ပြီး ဖွင့်လှစ်ထား တာတွေ ရှိပါတယ်။ အဲဒီမှာလည်း အခြေခံကျတဲ့ လုံ လောက်တဲ့ ဆေးဝါးတွေ၊ စမ်းသပ်စစ်ဆေးမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

အထူးသဖြင့် ကိုဗစ်ဆိုးဝါးနေတဲ့ ဒီရန်ကုန်တိုင်းဒေသကြီးမှာ ကျွန်တော် လမ်းညွှန်ရရင် မြို့နယ်ပေါင်း ၂၂ မြို့နယ်ကျော်ကို မြန်မာနိုင်ငံဆရာဝန်အသင်းက GP Society လို့ခေါ်တဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ရဲ့ Facebook Page မှာ ဒီရောဂါလက္ခဏာတွေ၊ မိမိမှာရှိတဲ့ ကျန်းမာရေးပြဿနာတွေ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနိုင်တယ်ဆိုပြီး   ညွှန်ပြချင်ပါတယ်။ ဆရာဝန်ပေါင်း ၁၅၀ ကျော်က တနင်္လာနဲ့ ဗုဒ္ဓဟူး နေ့တွေမှာ ဒီဝန်ဆောင်မှုကို ပေးနေတယ်ဆိုတာ  သတင်းပါးလိုပါတယ်။

နောက်ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး စောစောက   လူနေမှု နေထိုင်ပုံ၊ စားသောက်ပုံ ဒါလေးတွေကို ဂရုစိုက်ဖို့ မှာကြားချင်ပါတယ်။ အချိုကို လျော့စားဖို့၊ ကဆီဓာတ် ပါတဲ့ အစားအသောက် တွေကိုလည်း ဆင်ခြင်ပြီး စားသုံးဖို့ ဒီလိုနည်းအားဖြင့် မိမိရဲ့ သွေးချိုကို ထိန်းထားနိုင်ပါတယ်။ ဒါပေမယ့်လည်း လိုအပ်တဲ့အချိန်မှာဆိုရင် ဆရာဝန်တွေနဲ့ ပြသတိုင်ပင် ရမှာဖြစ်ပါတယ်။ စောစောက Tele-consultation, Tele-medicine ဆောင်ရွက်တာ မျိုးရှိ သလို၊ တကယ်တမ်းရောဂါမှာ ရောဂါကြီးမားလာတယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းတွေကို မဖြစ် မနေသွား ရမှာ ဖြစ်ပါတယ်။

ပြည်သူ့ဆေးရုံတွေမှာလည်း ယခုအချိန်မှာ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာဆိုရင် ကိုဗစ် လူနာတွေနဲ့ အလုပ်များနေတဲ့ အနေအထားမှာလည်း ရှိပါတယ်။ ဒါပေမယ့် ကိုဗစ် မဟုတ်တဲ့ လူနာတွေကိုလည်း ဆက်လက်ပြီး ကုသပေးနေတယ်ဆိုတာ   ပြောကြားချင်ပါတယ်။

ဒီနေရာမှာ ဆက်စပ်ပြီး  ဆေးရုံ၊ ဆေးခန်းတွေမှာ သွားပြဖို့အခက်အခဲတွေက လူနာကလည်း စိုးရိမ်တယ်။ ဆေးရုံတွေကလည်း ကိုဗစ်လူနာတွေ ပျံ့ပွားများပြားလာရင် ဆေးရုံကို ပိတ်ထား ရတာ၊ Lockdown ချရတာ၊ ဆရာဝန်တွေကိုယ်၌က Quarantine ဝင်ရ တာ ဒီလိုအခက်အခဲတွေကြောင့် ဆေးရုံနဲ့ ဆေးခန်းတွေက လွယ်လွယ်ကူကူ ပြည်သူတွေအတွက် လက်လှမ်း မမှီဖြစ်နေပါတယ်။ အဲဒါမှာ အဓိက ကိုဗစ်ရောဂါနဲ့ ကိုဗစ် မဟုတ်တဲ့လူနာ ကို ပြင်ပဆေးရုံ၊ ဆေးခန်းတွေ အားလုံးကလည်း ဒီလိုစစ်ဆေးခွင့်ရှိရင် ဒီအခက်အခဲက ကျော်လွှား နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုကျော်လွှားနိုင်အောင်လည်း   ညှိနှိုင်းလုပ် ဆောင်နေတယ်ဆိုတာ တစ်ပါ တည်း တင်ပြအပ်ပါတယ်။

စောစောက ဆေးဝါးတွေ မပြတ်ဖို့ဆိုတာက   စိတ်ပူစရာမရှိဘူး ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆေးဝါးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေက ပြည်သူတွေအတွက် မရှိမဖြစ် လုပ်ငန်းတွေဖြစ်တော့ နိုင်ငံတော်ကနေပြီး ခွင့်ပြုပံ့ပိုးနေတာ ဖြစ်တဲ့အတွက် အသုံး များတဲ့ဆေးတွေ ပြတ်ဖို့အကြောင်း ရှိမယ်မထင်ပါဘူး။

ဒါပေမယ့် ခဏခဏထွက်ပြီး ဝယ်ရ၊ ခြမ်းရတာ မဖြစ်အောင် မိမိတို့အနေနဲ့ အသင့်အတင့် ဒါတွေ စုဆောင်းထားရင်လည်း မမှားပါဘူးလို့  ဖြေကြားလိုပါတယ်။ 

ဒေါက်တာထွန်းတင်။ ။ ဟုတ်ကဲ့ပါ ဆရာ၊ တော်တော်လေးလဲ ပြည့်ပြည့်စုံစုံဖြေတဲ့ အတွက်ကြောင့်မို့ လူနာတွေအနေနဲ့က ဗဟုသုတလည်း တော်တော်လေးရမယ်လို့  ယူဆပါတယ်။ နောက် ဆရာပြောတာ မှန်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ဆေးတွေ မပြတ်အောင်လို့ အသိပေးပြီး စီမံဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ထပ်မေးထားတဲ့ မေးခွန်းတွေထဲမှာ ကြည့်လိုက်တဲ့အခါ လူနာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပါ။ မေးခွန်းတွေက တော်တော်လေး များတဲ့အတွက်ကြောင့်မို့ ဆရာကြီး ပါမောက္ခဒေါက်တာဇော်လင်းအောင် အနေနဲ့ ချုံငုံပြီးတော့ ဖြေကြားပေးဖို့ ပန်ကြားအပ်ပါတယ် ဆရာ။

ပါမောက္ခဒေါက်တာဇော်လင်းအောင်။ ။ ကျွန်တော်အနေနဲ့ ရရှိထားတဲ့ မေးခွန်းတွေကို ဖြေကြားတဲ့ အထဲမှာ အပိုင်း ၂ ပိုင်း ဖြေကြားလိုပါတယ်။

ပထမအပိုင်းမှာ  အနံ့ပျောက်ခြင်းနဲ့ ပတ်သက်လို့ ဒီအနံ့ပျောက်ခြင်းသည် ယခု ဒီကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်ပြီး လူတွေ အများစုသိလာကြတယ်။ အနံ့ပျောက်လာလို့ ရှိရင်လည်း ဒါဆိုရင် ရောဂါဖြစ်နိုင်တယ်ဆိုတဲ့ အသိတွေရှိလာတဲ့အချိန်မှာ ရှေ့ယခင်က ပြောခဲ့ တဲ့ဆရာကြီးတွေရဲ့ ပြောကြားချက်တွေထဲမှာလည်း အနံ့ပျောက်ခြင်း အကြောင်းကို အသင့် အတင့် ပါရှိပြီးဖြစ်ပါတယ်။

ရန်ကုန်အထွေထွေရောဂါကုဆေးရုံအသစ်ကြီးမှာ ဒီလူနာတွေကို ကုသနေတဲ့ သမားတော်ကြီး တစ်ယောက်အနေနဲ့ အနံ့ပျောက်ခြင်းအကြောင်းတွေကို ထပ်မံ ပြီး ဖြည့်စွက်တင်ပြလိုပါတယ်။

အနံ့ပျောက်ခြင်းဆိုတဲ့နေရာမှာ အရေးကြီးတဲ့အချက်ကတော့ လတ်တလော ရုတ်တရက် အနံ့ပျောက်ခြင်း ဖြစ်ပါတယ်။ ရေရှည်အနံ့ပျောက်တဲ့သူတွေကို မဆိုလိုပါဘူး။ တချို့သော သူတွေသည် နှာခေါင်းရောဂါတွေ ရှိတယ်။ လေဝင်ရိုး ပိုးဝင်တဲ့ ရောဂါတွေရှိတယ်။ အဲဒီ လို ရောဂါတွေမှာ ကြာရှည်အနံ့ပျောက်တာတွေ ဖြစ်တယ်။

ဒါပေမယ့် လူတစ်ယောက်က ယခင်အနံ့ကောင်းကောင်းရရှိပြီး အနံ့သည် လတ်တလော ရုတ်တရက် ပျောက်သွားရင် နည်းနည်းဂရုစိုက်ရမယ့် အနေအထားရှိပါတယ်။ ဒီလို အနံ့ပျောက်တဲ့အခါမှာ သီးသန့်အနံ့ပျောက်ခြင်းနဲ့ လာနိုင်သလို၊ အနံ့ပျောက်ခြင်းနဲ့တွဲပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မောခြင်းနဲ့ တခြားလက္ခဏာတွေနဲ့တွဲပြီး လာနိုင်ပါ တယ်။

ဒါကြောင့် ကျွန်တော်တို့က ဒီအနံ့ပျောက်တဲ့သူတွေ သို့မဟုတ် အနံ့ပျောက်တာနဲ့ တခြားရောဂါတွေနဲ့ တွဲပြီးလာတဲ့သူတွေသည် ကိုဗစ်သံသယရှိတဲ့ လူနာဆိုပြီး စစ်ဆေးသမှု တွေ ပြုကြရပါ တယ်။ ဒီတော့ ဘယ်လောက် ရာခိုင်နှုန်းတွေက အနံ့ပျောက်နိုင်သလဲလို့ မေးရင် နည်းနည်း အပြောင်း အလဲရှိပါတယ်။

နိုင်ငံတကာ စစ်ဆေးမှုတွေအရ ပျှမ်းမျှအားဖြင့် ၅၀ ရာခိုင်နှုန်းလောက်သည် အနံ့ပျောက် နိုင်ပါတယ်လို့ ဆိုထားပါတယ်။ တချို့နေရာတွေမှာ ၃၀ ရာခိုင်နှုန်း အနံ့ပျောက်တယ်။ တချို့လည်း ၇၀ ရာခိုင်နှုန်းလောက် အနံ့ပျောက်တယ်။   အကြမ်းဖျင်းအားဖြင့် ၅၀ ရာခိုင်နှုန်းလောက် အနံ့ပျောက် တယ်လို့ ဆိုလို့ရပါတယ်။

အနံ့ပျောက်သွားပြီဆိုရင် ဘာလုပ်ရမလဲဆိုတော့ သူသည် ရုတ်တရက် အနံ့ပျောက်တဲ့ လူနာတစ်ယောက်အနေနဲ့ ကိုဗစ် ဖြစ်နိုင်ခြေရှိလားဆိုပြီး နီးစပ်ရာ ဆေးခန်း သို့မဟုတ် ဆေးရုံ ကို ရောက်ရှိဖို့ လိုပါတယ်။  ဆေးရုံကို ရောက်လာရင် သူတို့ကို အဲဒီလက္ခဏာ ရှိတဲ့အတွက်ကြောင့်မို့ ကိုဗစ်သံသယရှိ လူနာအဖြစ် သတ်မှတ်ပြီး စစ်ဆေးသမှုတွေ ပြုပါတယ်။

အဲဒီနေရာမှာလည်း အားလုံးသိကြတဲ့ မကြာသေးခင်က ရရှိတဲ့ Rapid Diagnostic Test လို့ခေါ်ပါတယ်။ အမြန်စစ်ဆေးလို့ရတဲ့ နည်းစနစ်တွေနဲ့ စစ်ဆေးတဲ့အခါမှာ သူရဲ့ ကန့်သတ် ချက် တွေရှိပါတယ်။ ရောဂါစတင်ပြီး မပေါ်ခင် ၂ ရက်ကနေပြီး ရောဂါစတင်ပေါ်ပြီး ၆ ရက်ဆို တဲ့ ၈ ရက် အတွင်းမှာပဲ ဒီမြန်မြန်စစ်တဲ့ Test က မိတယ်။ ဒါမှမဟုတ်လို့ရှိရင် တချို့သော အနံ့ ပျောက်နေတဲ့ သူတွေက ၈ ရက်၊ ၉ ရက်လောက် ရှိပြီဆိုရင် ဒီ Test ထဲမှာ အနှုတ်ပြနိုင်ပါတယ်။ Negative ပြနိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီ Test တွေ စစ်တဲ့အခါမှာ ဒီလိုမျိုး ကန့်သတ်ချက်တွေ ရှိတယ်ဆိုတာကို သိထားဖို့လိုပါတယ်။

ဒီအနံ့ပျောက်တဲ့ လူနာတွေက တခါတလေကျလို့ရှိရင် ဘယ်လိုဖြစ်လဲဆိုတော့ အိမ်မှာ နေကြတယ်။ အိမ်မှာနေရင်းနဲ့ ဆေးခန်းလည်း မသွားဖြစ်ဘူး၊ ဆေးရုံလည်း မရောက်ဖြစ်ဘူး ၉ ရက်တို့၊ ၁၀ ရက်တို့ ဖြစ်သွားတယ်။ တချို့လည်း ၁၁ ရက်ဖြစ်သွားတယ်။  ဒီမှာ ရောဂါစပေါ်တဲ့ အချိန်ကစပြီး ၁၁ ရက်ကြာလို့ရှိရင် သုတေသနပြုချက်တွေအရ သူများကို မကူးစက်နိုင်တော့ဘူး။

ဒါကြောင့် အဲဒီလို နေရင်းထိုင်ရင်းနဲ့ အိမ်မှာများ ၁၁ ရက်ရှိသွားရင် ကိုယ်ရဲ့ ရောဂါပိုးသည် သူများကို မကူးစက်နိုင်ဘူးဆိုတဲ့ အတွက်ကြောင့်မို့ အိမ်မှာဆက်နေလည်း ရတဲ့အနေ အထားဖြစ်ပါတယ်။ ဒါကို ဥပမာအနေနဲ့ ပြရရင် တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ယခင်က ရောဂါလက္ခဏာတွေ သိပ်ဆိုးဆိုးရွားရွား မဖြစ်ဘူးပေါ့လေ။ ပေါ့ပေါ့ပါးပါးလေးနဲ့ရှိတဲ့ ရောဂါလက္ခဏာသည်တွေကို အိမ်မှာပဲ နေကြတယ်။ စစ်ဆေးပြီးရင်လည်း ပိုးတွေ့ရင်တောင် အိမ်မှာပဲ နေခိုင်းတယ်။

အိမ်မှာနေတယ်ဆိုတဲ့ကိစ္စကလည်း အိမ်ရဲ့ အနေအထား လိုပါတယ်။ သီးသန့်ခန်း ရှိရမယ်။ မိမိ မိသားစုဝင် အချင်းချင်းကို Social Distancing နဲ့ ခွာနေရမယ်။ လိုအပ်လာရင် Mask တပ်ရမယ်။ လက်ကို မကြာခဏ ဆေးရမယ်ဆိုတဲ့ ဟာတွေကိုလိုက်နာပြီး အိမ်မှာနေရင်းနဲ့ အဲဒီကာလကို ဖြတ်ကျော်သွားတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့်  မြန်မာပြည်မှာတော့ လတ်တလောအနံ့ ပျောက်တဲ့သူတွေကို စစ်ဆေးခြင်းနဲ့ ရောဂါပိုးရှာဖွေခြင်း ဆိုတာကို လုပ်နေတာဖြစ်ပါတယ်။

ဒီတော့ အနံ့ပျောက်ရင် ဘာလုပ်ရမလဲ နောက်တစ်ခုက စိုးရိမ်ကြတာပေါ့။ ဘာဆေး စားရမလဲ။ အဲဒါကို ရောဂါပျောက်တဲ့ဆေးရော ရှိသလားဆိုတော့ သီးသန့်ဆေး မရှိပါဘူး။ နှစ်ပတ်၊ သုံးပတ်လောက်အကြာမှာ အနံ့ပြန်ရတတ်ပါတယ်။  ဆေးရုံတွေမှာ ဆိုရင် ရက်ပိုင်းအတွင်း၊ ၁၀ ရက်လောက်အတွင်းမှာ အနံ့ပြန်ရတဲ့သူတွေ အများကြီးပါ။

အချို့အနည်းစုမှာ ဆက်ပြီးတော့ အနံ့မရတာလေးတွေ ရှိပါတယ်။ ဒီတော့ အခြားဆေး တွေ ဘာမှ သောက်စရာ မလိုပါဘူး။ စောစောကပြောတဲ့ လိုက်နာသင့်တာတွေ လိုက်နာမယ်။ အိပ်ရေး ဝအောင် အိပ်မယ်။ အစားကောင်းကောင်း စားမယ်။ အချို့ ဗိုက်တာမင်စီလေးတွေ စားမယ်ဆို ရင် အနံ့ပျောက်ခြင်းအတွက်ကို စိုးရမ်စရာမရှိဘူးလို့ ဒီနေရာကနေ Information ပေးချင်ပါတယ်။

နောက်တစ်ပိုင်း တင်ပြချင်တာက ရောဂါနဲ့ပတ်သက်ပြီး သွေးထဲမှာ ပဋိပစ္စည်း ကိုယ်ခံအားကို Test လုပ်တဲ့ စက်ကလေးတွေ ယခုပေါ်နေပါတယ်။ အဲဒီတော့ ခန္ဓာကိုယ် ထဲမှာ ရှိနေတဲ့ ခုခံအားကို စမ်းသပ်တဲ့အခါ အသုံးပြုတဲ့စမ်းသပ်မှု (Antibody Test) တွေသည် အရေးကြီး =တာ ဘာလဲဆိုတော့ ဒီစမ်းသပ်မှုရဲ့ ခိုင်မာမှု၊ မှန်ကန်မှုက အလွန်အရေးကြီးပါ တယ်။

ရောင်းချနေတဲ့ စက်တွေထဲမှာ အမျိုးစုံရှိနေပါတယ်။ စီးပွားရေးအရ ရောင်းချနေပါ တယ်။ ဒါပေမယ့် ခိုင်မာမှု မရှိဘူး၊ တိကျမှု မရှိဘူးဆိုရင် အဲဒီရဲ့ကောက်ချက်က မှားသွားနိုင်ပါ တယ်။ ဒါပေမယ့် ယခုမြန်မာပြည်မှာ ခိုင်မာမှု၊ တိကျမှုရှိတဲ့ စက်ကလေးတွေကို စပြီးတင်သွင်း လာတယ်။ သူရဲ့ ဆေးပစ္စည်းလေးတွေကို တင်သွင်းလာတယ်။ စစ်လို့ ရနေပါပြီ။  ဒီတစ်ပတ်ထဲမှာပဲ စတင်ပြီး စစ်မှာဖြစ်ပါတယ်။

ဒီလိုစစ်တော့ ဘာထူးမှာလဲလို့ဆိုရရင် ရောဂါကို စတင်ပြီး ထိတွေ့တဲ့သူက ၂ ပတ်၊ ၁၄ ရက် အလွန်ကျရင် သူ့ရဲ့ သွေးထဲမှာ ခုခံအားဆိုတဲ့ ပဋိပစ္စည်း တစ်ခု ပေါ်လာပါတယ်။ ဒီ ပဋိပစ္စည်းကို  တိုင်းတာကြမယ်။ တိုင်းတာတဲ့အခါမှာလည်း တိုင်းတာပြီး ဒီလူဟာ သူရဲ့ရောဂါပိုးကို ထိတွေ့ပြီး တဲ့အခါမှာ သူက ပဋိပစ္စည်းပေါ်လာတဲ့အတွက် ကိုယ်ခံအား ဆိုတာ ရှိလာတာတွေ ရှိသလို၊ တချို့ မထိတွေ့ရသေးရင် အဲဒီကိုယ်ခံအားဆိုတာ မပေါ်သေး ပါဘူး။

ဒါကြောင့် စတင်တဲ့ ပထမအဆင့်အနေနဲ့ ဒီရောဂါတွေကို ပြုစုစောင့်ရှောက်နေရတဲ့ ကျန်းမာ ရေးဝန်ထမ်းတွေရဲ့ ကိုယ်ခံအားပဋိပစ္စည်း ဘယ်လောက်ပေါ်လဲဆိုတာ ကျွန်တော်တို့ စတင်ပြီး စမ်းသပ်ပါတယ်။ စမ်းသပ်တဲ့အခါမှာလည်း တစ်ကြိမ်တည်း စမ်းသပ်လို့ မသေချာရင် နှစ်ကြိမ် စမ်းသပ်မှာ ဖြစ်ပါတယ်။ စမ်းသပ်ပြီးတဲ့အခါမှာ ကိုယ်ခံအားတွေ ပေါ်နေပြီဆိုရင်ဖြင့် ရောဂါကို ထိတွေ့ပြီးသားဖြစ်တယ်။ ရောဂါပိုး ဝင်ရောက်ပြီးသားဖြစ်တယ်။ တစ်ခါတစ်ရံ လက္ခဏာပြတယ်။ တစ်ခါတစ်ရံ လက္ခဏာမပြဘူး။ အဲဒီလိုမျိုး သတ်မှတ်လို့ ရပါတယ်။

 ဒီမှာလည်း လူအများစုကို စစ်လိုက်ပြီး  ဉပမာအားဖြင့် တစ်နိုင်ငံလုံးရဲ့ ၆၀ / ၇၀ ရာခိုင်နှုန်းသည် အဲဒီပဋိပစ္စည်းတွေ ပေါ်နေရင်တော့ အရမ်းဝမ်းသာစရာ ကောင်းပါ တယ်။ ဒါကို Herd Immunity လို့ခေါ်ပါတယ်။  အဲဒါသည် ကူးစက်ခြင်းကြောင့် ရနိုင်သလို ကာကွယ် ဆေးထိုးခြင်းနဲ့လည်း ရနိုင်ပါတယ်။

ဒါကြောင့်  အဲဒါတွေကို မျှော်လင့်နေပါတယ်။ ဒါကြောင့်မို့လို့ ဒီစစ်ဆေး တဲ့ Test တွေပေါ့ လေ။ Antibody Test လို့လည်း ခေါ်ပါတယ်။  စတင်တော့မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ခိုင်မာမှု သေချာ တဲ့ စက်တွေလည်း ယခုရရှိနေပါပြီ။ စစ်ပြီးတဲ့အခါမှာ အဲဒီကနေအခြေခံပြီး  Strategy တွေ၊ နည်းဗျူဟာတွေကို ဘယ်လိုပြုလုပ်ကြမလဲ။ ဘယ်လိုရှေ့ဆက်လျှောက်ကြမလဲဆိုတဲ့ Idea တွေလည်း ရမှာဖြစ်ပါတယ်။

ဒါကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ အဲဒီအဖြေတွေအပေါ်မှာ မူတည် ပြီး ဆုံးဖြတ်ချက်တွေ ချမယ်။ ချပြီးရင် ရှေ့ဆက်သွားရမယ့် လမ်းစဉ်တွေကို အကောင် အထည်ဖော် မှာ ဖြစ်ပါတယ်။ ဒါက Antibody Test လို့ခေါ်တဲ့ ပဋိပစ္စည်းစမ်းသပ်ခြင်းနဲ့ ပတ်သက်ပြီး အများ ပြည်သူကို ဗဟုသုတအနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ 

ဒေါက်တာထွန်းတင်။ ။ ဆရာပြောတဲ့အထဲမှာ လူတွေစိတ်ဝင်စားနေတဲ့ အနံ့ပျောက်တဲ့ကိစ္စ၊ ကိုယ်ခံအား ကိစ္စတွေကို ရှင်းပြသွားတဲ့အတွက် ပြည်သူတွေလည်းနားလည်ပြီ၊ ရှင်းလောက်ပြီလို့ ထင်ပါတယ်။ ကုသရေးအပိုင်းနဲ့ ကာကွယ်ရေး အပိုင်းက ချိတ်ဆက်နေပါတယ်။ ဒီလိုအချိတ်အဆက်မိမှလည်း ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ မေးခွန်းတွေလည်း တော်တော်များများ ကုန်သလောက်ရှိသွားပြီ။ ကျန်တဲ့ မေးခွန်းတွေထဲမှာ ရောဂါကူးစက်ပုံနဲ့ ကုသမှုခံယူပြီး အိမ်ကိုပြန်နေတဲ့အခါ လက်ရှိကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး‌ မေးထားတဲ့ မေးခွန်းတွေ တွေ့ရလို့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ကပဲ ဆက်လက်ပြီး ဖြေကြားသွားပါမယ်။

လက်ရှိ ကိုဗစ်-၁၉ ရောဂါဟာ ပြောရမယ်ဆိုရင် အခါလည်သားလေးဖြစ်တော့မယ်။ ဒီလိုနဲ့ပဲ ကိုဗစ်-၁၉ နဲ့ ကျွန်တော်တို့ အတူနေတာ ကြာလာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ ရောဂါ ပိုးအကြောင်းကို ပိုပြီးသိလာတဲ့ အနေအထားလည်း ရှိလာပါတယ်။ အဓိက  ရည်ရွယ်ချက်သည် ကူးစက်မှုကို လျော့ချဖို့၊ ဖြတ်တောက်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။

ဒီလိုလုပ်ရာမှာလည်း အားလုံးသိတဲ့အတိုင်း သီးခြားခွဲခြားထားရှိ ကုသမှု၊ အသွားအလာ ကန့်သတ်မှု၊ ပိတ်ပင်မှုတွေ လုပ်ဆောင်ရပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း တသတ်မတ်တည်း မဟုတ်ဘဲ ပြောင်းလဲလာတဲ့အခြေအနေ၊ ရောဂါနဲ့ပတ်သက်ပြီး ပိုပိုသိလာတဲ့အကြောင်း အရာတွေကို WHO တို့၊ US CDC တို့နဲ့ နိုင်ငံတကာက အတွေ့အကြုံတွေအပေါ် မူတည်ပြီး ကျွန်တော်တို့ ပြောင်းလဲဆောင်ရွက်ရပါတယ်။

အားလုံး သတိထားမိကြမှာပါ။ အစပိုင်းမှာ ပြည်ပနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့သူတွေကို အသွားအလာ ကန့်သတ်ထားရှိဆောင်ရွက်ရတာတွေ၊ ဒီလိုလုပ်တဲ့နေရာမှာလည်း တင်းတင်း ကြပ်ကြပ် ဆောင်ရွက်ခဲ့ကြတာတွေလည်း သိမှာပါ။  စစချင်းတုန်း ကဆိုရင် အသွားအလာ တားမြစ်ခြင်းနဲ့ Quarantine ကို ၂၁ ရက်ထားရှိပြီး ဆောင်ရွက်ခဲ့ပါ တယ်။

ဒါ့အပြင်မှာ ဆေးရုံတက်ခဲ့ရတဲ့ လူနာတွေနဲ့ ပတ်သက်ပြီး လူနာတွေကို ရောဂါပိုး ရှိ / မရှိ၊ ရောဂါပိုးပျောက်တဲ့ အထိ အထပ်ထပ် စစ်ဆေးပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါကလည်း အဲဒီအချိန်၊ အဲဒီကာလတုန်းက သိရတဲ့ ရောဂါပိုးအကြောင်းအပေါ် မူတည်ပြီး  ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

ယခု ဒီရောဂါပိုးနဲ့ပတ်သက်ပြီး ပိုပိုပြီးသိလာတဲ့အတွက် တချို့အချက်တွေကို ပြောင်းလဲခဲ့ပါတယ်။ ပထမဦးဆုံးပြောင်းလဲခဲ့တဲ့ အပိုင်းက ဆေးရုံဆင်းလူနာရဲ့ ဆေးရုံတက်ရက်ကို ပြုပြင်ပြောင်းလဲတဲ့ ကိစ္စပါ။ ဒါကလည်း ခုနက ဆရာကြီးဇော်လင်းအောင် ရှင်းပြတဲ့အထဲမှာ လည်း ပါပြီးဖြစ်ပါတယ်။ နိုင်ငံတကာ အတွေ့အကြုံ အထောက်အထားတွေအပေါ် မူတည်ပြီး   ပြောင်းလဲရခြင်း ဖြစ်ပါတယ်။

ဒီအထောက်အထားက ဘာလဲဆိုတော့ ရောဂါလက္ခဏာပြပြီး ၁၁ ရက်နောက်ပိုင်းမှာ ဒီလူကို စစ်ကြည့်ရင် ရောဂါပိုးတော့ ရှိနေတယ်ဆိုတာ ပြကောင်းပြမယ်။ ဒါပေမယ့် ဒီလို ပြသမှုက ရောဂါပိုးအကောင်ကို စမ်းသပ်တာ မဟုတ်ဘဲနဲ့ သူ့ဆီက အကြွင်းအကျန် အပိုင်းအစ လေးတွေ ရှိနေရင်ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုမှာ တွေ့ရှိရလို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရက်တွေမှာ သူသည် သူများကို ရောဂါကူးစက်ပျံ့ပွားနိုင်တဲ့ အနေအထား မရှိတော့ဘူးဆိုတာတော့ နိုင်ငံတကာ အထောက်အထားတွေနဲ့ရော၊ လေ့လာမှုတွေအရ  သိရှိရပါတယ်။

နောက်တစ်ချက်က  လူနာတွေကို ဆေးရုံဆင်းပေးပြီး အိမ်ကို ပြန်တဲ့အချိန်မှာလည်း ခုနကဆရာကြီး ပြောသွားသလိုပဲ တိကျစွာလိုက်နာရမယ့် အချက်တွေကို ပြောလိုက်ပါတယ်။ သေသေချာချာလည်း မှာလိုက်ပါတယ်။ ပေးလည်း ပေးလိုက်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာ ဒီလို ဗဟုသုတရစရာ အချက်အလက်တွေကို တင်ထားပေးပါတယ်။ ဖတ်လည်း ဖတ်ကြပါလို့ တိုက်တွန်းလိုပါတယ်။

နောက်ပြီး ဒုတိယတစ်ပိုင်းအနေနဲ့ အသွားအလာကန့်သတ်ထားရှိမှု Quarantine ကိစ္စပါ။ အရင်က ၂၁ ရက် သတ်မှတ်ပါတယ်။ နောက်ပိုင်းမှာ ၁၄ ရက်လို့ ပြောင်းပြီး သတ်မှတ်ပါတယ်။ ဒါကလည်း ရောဂါရှိတဲ့လူနာနဲ့ ထိတွေ့ဖူးတဲ့ လူတစ်ယောက်က ရောဂါလက္ခဏာပေါ်ဖို့ ဆိုရင် အနည်းဆုံး ၂ ရက်၊ ၃ ရက်၊ ၄ / ၅ ရက်ကနေ အများဆုံး ၁၄ ရက်အတွင်းမှာ ဖြစ်နိုင်တဲ့အတွက်  ၁၄ ရက်ကိုတော့ စောင့်ကြပ်ကြည့်ရှုရမယ့်ကာလလို့ သတ်မှတ်ခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ မြို့ရွာအလိုက် Community Base Facility Quarantine လို့ခေါ်တဲ့ ပြည်သူ လူထုအခြေပြု အသွားအလာ ကန့်သတ်ထားရှိမှုနေရာတွေကို စီမံဆောင်ရွက်ပေးပြီး စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ အရင်တုန်းက ပြည်ပနိုင်ငံက ပြန်လာတဲ့သူတွေကိုပဲ  ထိန်းသိမ်းဆောင်ရွက်ခဲ့တဲ့ အတွက် နိုင်နိုင်နင်းနင်းတော့ လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ယခုလက်ရှိကာလမှာ လူနာနဲ့ ထိတွေ့ခဲ့တဲ့သူတွေလည်း တဖြည်းဖြည်း များလာတယ်။ လူနာနဲ့ ထိတွေ့မှုရှိတဲ့လူတွေကို  Contact Tracing လို့ ခေါ်တဲ့ လူနာထိတွေ့မှုတွေကို လိုက်ရှာရင်း တွေ့တဲ့လူတွေကလည်း တဖြည်းဖြည်း များလာတယ်။ စီစဉ်ရာမှာလည်း တဖြည်းဖြည်း အခက်အခဲတွေ ဉပမာအားဖြင့် နေရာတို့၊ လူအင်အားတို့ စတာတွေ တွေ့လာရပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက စီစဉ်ဆောင်ရွက်နေတဲ့သူတွေ၊ ဆောင်ရွက်ပေးတဲ့သူတွေ၊ တာဝန်ထမ်းဆောင်တဲ့ သူတွေကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ ရခိုင်မှာ ဒေသတွင်း ကူးစက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် တွေ့ရတဲ့လူတွေလည်း တဖြည်းဖြည်း များလာပါတယ်။

ဒါကြောင့်  ဒီလိုထိတွေ့ခဲ့တဲ့လူတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ ၇ ရက်၊ ဒါပြီးတဲ့ အခါမှာ ဓာတ်ခွဲစမ်းသပ်မှု နှစ်ကြိမ် လုပ်ပါတယ်။ ရောဂါပိုး မတွေ့ရှိဘူးဆိုရင် အိမ်မှာ ၇ ရက်နေဖို့ ဆိုပြီး အထူးသဖြင့် ရန်ကုန်နဲ့ ရခိုင်မှာ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် အိမ်ပြန်ပြီး ၇ ရက် နေတယ်ဆိုပေမယ့်လည်း အိမ်မှာလိုက်နာရမယ့် စည်းကမ်းတွေ သေချာပြောပြပေးပါတယ်။ မှာလိုက်ပါတယ်၊ ပေးလိုက်ပါတယ်။ ဒါတွေလုပ်ပြီးမှ  နေထိုင် စေခြင်း ဖြစ်ပါတယ်။ ဒီလူတွေကနေ‌ နောက်ထပ်တစ်ဆင့် အခြားလူတွေကို ရောဂါကူးစက်ဖို့ အခွင့်အလမ်း တော်တော်ကို နည်းပါးသွားတဲ့ အနေအထားရှိပါတယ်။

ဒီနေရာမှာ Quarantine ဆိုတာက မိမိမှတစ်ဆင့် မိမိရဲ့ မိသားစု၊ မိမိရဲ့ ပတ်ဝန်းကျင်ကို ရောဂါ မကူးစက်အောင် စီမံဆောင်ရွက်တဲ့၊ ရောဂါကူးစက်မှုကို ဖြတ်တောက်တဲ့ နည်းလမ်း ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းကူညီပြီး တွေ့ရတဲ့အခက်အခဲတွေကို သည်းခံပြီး  ပူးပေါင်းဆောင်ရွက်ပေးပါလို့  မေတ္တာရပ်ခံလိုပါ တယ်။

ဒီတော့ အိမ်မှာ နေရတယ်၊ နေခွင့်ပေးတယ် ဆိုပေမယ့်လည်း  သတ်မှတ်ချက်လေးတွေ ထားပါတယ်။ ခုနကဆရာကြီးလည်း ပြောကြားတဲ့အထဲမှာ ပါသွားပါတယ်။ သီးသန့်အိမ်ဆိုရင် ပိုပြီးကောင်းပါတယ်။ အိမ်မှာ သီးသန့်အခန်းရှိမယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။ ပိုပြီး ကောင်း မွန်ပါတယ်။ ဒီလူတွေက အိမ်မှာ‌နေမယ်ဆိုရင် မိသားစုနဲ့လည်း အတတ်နိုင်ဆုံး ခပ်ခွာခွာနေရမယ်။ မိမိကိုယ်တိုင်မှာလည်း အခြားရောဂါတွေ မရှိဘူး။ မိမိအိမ်မှာ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါသည်တွေ၊ ကလေးသူငယ်တွေ မရှိဘူးဆိုရင် ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်မှာ နေမယ်ဆိုရင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို  ညွှန်ကြားချက်အတိုင်း စနစ်တကျ တပ်ဆင်ဖို့လိုပါတယ်။ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ လောက် မကြာခဏ ဆေးကြောပေးဖို့လိုပါတယ်။ သီးသန့်နေရာမှာ အတတ်နိုင်ဆုံးနေထိုင် ပေးဖို့လိုပါတယ်။ တကယ်လို့ များအိမ်မှာ  မဖြစ်မနေ ဘုံသုံးရမယ့် ပစ္စည်းတွေ၊ နေရာတွေများ ရှိခဲ့တယ်ဆိုရင် မိမိသုံးပြီး သားပစ္စည်းကို အခြားလူတွေ၊ မိသားစုတွေ မသုံးခင်မှာ သန့်ရှင်းရေး လုပ်တာတို့၊ ပိုးသတ်တာတို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ သေချာ မှာပါတယ်။

ဒါ့အပြင်မှာ အိမ်မှာ နေရင်းနဲ့ သံသယရောဂါလက္ခဏာတွေ ဖျားတာတို့၊ နှာချေတာတို့၊ ချောင်းဆိုးတာတို့၊ အနံ့မရတာတို့ ဒီလက္ခဏာတွေများရှိခဲ့ရင် သက်ဆိုင်ရာမြို့နယ်မှာရှိတဲ့ ကိုဗစ်တုံ့ပြန် ရေးအဖွဲ့တွေနဲ့ ချက်ချင်းဆက်သွယ်ဆောင်ရွက်ပါလို့လည်း မှာပါတယ်။ ဒါတွေကို အတိအကျလိုက်နာရင်လည်း ရောဂါကူးစက်မှုကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာမှာ ဖြစ်ပေါ်နေတာကြာလာပြီဖြစ်တဲ့ ကိုဗစ် - ၁၉ ရောဂါဆိုတာ ကူးစက်မှုကို တိခနဲ ချက်ချင်းကြီး ဖြတ်တောက်ဖို့က ယခုအချိန်မှာ မလွယ်သေးပါဘူး။ ဒါကြောင့် ကိုဗစ်ရောဂါ ဖြစ်နေ တဲ့ကာလမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့အတူ  သတိနဲ့နေထိုင်ရမယ်။ သတိနဲ့ သွားရမယ်။ သတိနဲ့ လုပ်ဆောင်ရမှာ ဖြစ်တယ်ဆိုတာ မှာချင်ပါတယ်။

အဓိက ရောဂါကူးစက်မှုကို လျော့ချရမယ်။ မကူးစက်အောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မကြာခဏ သတိပေးတဲ့ ကိစ္စရယ်၊ ပြီးခဲ့တဲ့ အစီအစဉ် တွေမှာ ဆရာကြီးတွေ ပြောခဲ့တဲ့ကိစ္စကို  တင်ပြပါရစေ။ အရေးကြီး လို့ ဖြစ်ပါတယ်။ နှစ်ထပ်ရှိမှ မှတ်မိဆိုသလိုပဲ  အထပ်ထပ်ပြောနေရခြင်းလည်း ဖြစ်ပါတယ်။

ဘာလဲဆိုတော့ မိမိအိမ်မှာ တတ်နိုင်သလောက် နေပေးကြပါ။ ခပ်ခွာခွာအနေအထားလေးနဲ့ အတတ်နိုင်ဆုံး နေပေးကြပါ။ ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ကြပါ။ လူစုလူဝေးကို တတ်နိုင်သလောက် ရှောင်ကြဉ်ပေးကြပါ။ မိမိရဲ့လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် မကြာခဏ ဆေးကြောပေးကြပါ။ ဒါလေးတွေက အရေးကြီး တဲ့အချက် ဖြစ်ပါတယ်။ ဒါတွေကို အားလုံးသိရှိဖို့ လိုပါတယ်။ ပြီးရင် လိုက်နာဆောင်ရွက်ဖို့ လည်း လိုပါတယ်။ အလေ့ အကျင့်ဖြစ်ဖို့လည်း အထူးလိုအပ်ပါတယ်။

ဒါမှသာ ယခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကို အချိန်တိုအတွင်းမှာ ထိန်းချုပ် လျော့ချဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအလေ့အကျင့်ရခြင်းသည် ကိုဗစ် - ၁၉ အပါ အဝင် အခြားအသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကာကွယ်နိုင် မှာ ဖြစ်ပါတယ်လို့  ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ထက်လျှံ