ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး

မယ်စဲ့ ၂၂  ဇန်နဝါရီ   


ကယားပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ကော်မတီဝင်များသည် မယ်စဲ့မြို့ နယ်အတွင်းရှိ ၂၀၁၈ ခုနှစ် (ပထမ၆လ) တွင် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက် နံနက် ၁၀ နာရီက မယ်စဲ့မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

123


တွေ့ဆုံပွဲတွင် ကယားပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဌာနများအနေဖြင့် မိမိတို့ဌာနများအလိုက် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေများဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစေရေးကို ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် လိုအပ်ပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားဆွေးနွေးသည်။

123


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသန့်က ၂၀၁၈ခုနှစ် (ပထမ၆လ) တွင် ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများ၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲလုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့သည်။ 

123


ဌာနဆိုင်ရာများမှလည်း ဌာနများအလိုက် ၂၀၁၈ခုနှစ် (ပထမ၆လ) လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီဝင်များက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။


ယင်းနောက် ကယားပြည်နယ်လွှတ်တော်၊ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် မယ်စဲ့မြို့နယ်အတွင်းရှိ ၂၀၁၈ခုနှစ် (ပထမ၆လ) တွင် ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲ လုပ်ငန်းများအား လေ့လာခဲ့ကြောင်း သိရသည်။


"ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီအနေနဲ့ လုပ်ငန်းများအပေါ် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းအားဖြင့် ဒေသခံပြည်သူလူထုအတွက် အမှန်တစ်ကယ် အကျိုးရှိစေမယ့် လုပ်ငန်းများဖြစ်/မဖြစ်ကို အားသာချက်အနေနဲ့ တွေ့ရှိရပါတယ်။ တင်ဒါအောင် ကုမ္ပဏီတွေအနေနဲ့လည်း အတတ်နိုင်ဆုံး၊ အဖြစ်နိုင်ဆုံးအခြေအနေတွေထဲက အကောင်းဆုံးကို စေတနာမှန်မှန်နဲ့ ဆောင်ရွက်သွားရင် ကောင်းမွန်တဲ့လုပ်ငန်းတွေ မလွဲမသေရရှိမှာဖြစ်တယ်"ဟု ကော်မတီဝင်တစ်ဦးက ပြောကြားသည်။


ဝတ်ရည်(ပြန်/ဆက်)