၁၅ အောက်တိုဘာ

 

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ  ၇ သန်း ကျော်သွားပေမယ့် လနဲ့ချီပြီး ပိတ်ထားတဲ့ ရုပ်ရှင်ရုံတွေအား ဒီနေ့ (ကြာသပတေးနေ့) မှာ ပြန်လည်ဖွင့်လှစ်ကြောင်း သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရုပ်ရှင်ရုံတွေကို ၇ လ နီးပါး ပိတ်ထားရမှ ပြန်လည်ဖွင့်လှစ်ရာတွင် ရုပ်ရှင်ကြည့်နေချိန်မှာ မျက်နှာဖုံး နှာခေါင်းစည်း ဝတ်ထားရန် လိုအပ်ပါတယ်။ ဒီနေ့မှာတော့ ရုပ်ရှင်ကားအဟောင်းတွေကို ပြသမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်  ဇာတ်ကားအဟောင်းတွေကို ပြသရင် လာရောက်ကြည့်ရှုသူ နည်းတာကို တွေ့ရပါတယ်။

 

 

အိန္ဒိယနိုင်ငံက ဒုတိယ အကြီးဆုံး ရုပ်ရှင်ပြသရေး ကုမ္ပဏီ INOX Leisure က သူတို့ရဲ့ ရုပ်ရှင်ရုံတွေမှာ ဇာတ်ကားအဟောင်းများကို ပြသမှာဖြစ်ကြောင်း၊ ရုပ်ရှင်ကြည့်မယ့် သူတွေအတွက် ရုပ်ရှင်ရုံတွေဟာ လုံခြုံကြောင်း ခံစားနိုင်အောင်ထိ ပြင်ဆင်ထားကြောင်း ပြောပါတယ်။

 

 

ရုပ်ရှင်လက်မှတ်ဟာ ရူပီးငွေ ၇၅ (အမေရိကန် ၁ ဒေါ်လာ) သာပေးရပြီး လေအေးပေးစက် တပ်ဆင်ထားတဲ့ အဆောက်အအုံ အတွင်းမှာ  ၃ နာရီကြာ ဒရမ်မာဇတ်ကားတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

 

 

ရုပ်ရှင်ရုံတွေ စတင်ဖွင့်လှစ်တဲ့နေမှာ လာရောက်ကြည့်ရှုသူတွေကို ဒံပေါက် တစ်ပွဲ သို့မဟုတ် hot fudge sundaes လို အချိုပွဲတွေ ဧည့်ခံသွားဖို့ ပြင်ဆင်ထားကြောင်း INOX ကပြောပါတယ်။

 

 

ရုပ်ရှင်လာရောက် ကြည့်ရှုသူတိုင်းဟာ အဝင်တံခါးမှာ အပူချိန် တိုင်းတာမှု ခံယူရမှာ ဖြစ်ပြီး ရုံမှာ ဆံ့တဲ့ ဦးရေရဲ့ တစ်ဝက်သာ ကြည့်ရှုခွင့်ရမယ်လို့ သိရပါတယ်။

 

 

MDN

ကိုးကား - AFP