ကိုကိုဦး

ကြေးတိုင်ဆိုသည်မှာ မြန်မာစကားလုံးစစ်စစ်ဖြစ်ပြီး ဝေါဟာရ၏အဓိပ္ပာယ်မှာ ကြေးသည် ငွေကြေးကို ကိုယ်စားပြု၍ တိုင်သည် ခိုင်မာခြင်းကို ကိုယ်စားပြု ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် Settlement ဟု ခေါ်ဝေါ်သုံးစွဲပါသည်။ ကြေးတိုင်လုပ်ငန်းသည် နိုင်ငံတော်၏မြေခွန်တော်နှုန်းထား သတ်မှတ်ရန်အတွက် အဓိက အခြေခံကျဆုံးသော လုပ်ငန်းဖြစ်ပါသည်။ ကြေးတိုင်လုပ်ငန်းသည် မြေခွန်တော်သတ်မှတ်ခြင်း (Fixation of Land Revenue Rates)ကို ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည်။ ယင်းဝေါဟာရသည် မြန်မာဘုရင်များလက်ထက်ကပင်သုံးစွဲခဲ့ပြီး ဗြိတိသျှကိုလိုနီတို့က မြန်မာတို့သုံးစွဲခဲ့သည့် ကြေးတိုင်ဟူသော ဝေါဟာရကိုပင် ဆက်လက်သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။

 

ကြေးတိုင်လုပ်ငန်း၏ အခြေခံလုပ်ငန်းအဖြစ် မြေစာရင်းလုပ်ငန်းကို ဆောင်ရွက်ရပါသည်။ ဦးစွာ မြေများအား မြေတိုင်းတာ ပုံထုတ်သည့် လုပ်ငန်း ကို စနစ်တကျဆောင်ရွက်၍ နယ်မြေဒေသကို စနစ်တကျပိုင်းခြားအုပ်ချုပ် နိုင်ရန်အလို့ငှာ မြေခွန်စည်းကြပ်ခြင်းနှင့် လယ်ယာကဏ္ဍ စာရင်းဇယားများ ပြုစုခြင်းတို့ကို ဟန်ချက်ညီဆောင်ရွက်ကြရပါသည်။

 

ဗြိတိသျှတို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ကြေးတိုင်စိုက်၍ မြေခွန်စည်းကြပ်သတ်မှတ်သည့်လုပ်ငန်းကို ကိုလိုနီအစိုးရအာဏာစက်ပျံ့နှံ့ စေရန် ရည်ရွယ်ချက်ဖြင့် နယ်မြေအေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အထိရောက်ဆုံး လက်နက်သဖွယ် အသုံးပြုခဲ့ပါသည်။ ကြေးတိုင်စိုက်သည့် လုပ်ငန်းအား မြန်မာပြည်တစ်ဝှမ်း အလျင်အမြန်ဆောင်ရွက်ခဲ့ကြပြီး ကြေးတိုင် ဌာန (Settlement Department) ကို သီးခြားဖွဲ့စည်း၍ ကြေးတိုင်မင်းကြီး (Settlement Commissioner) ကို ရာထူးအဆင့်ဖြင့် အုပ်ချုပ်ဆောင်ရွက် စေခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

ဗြိတိသျှကိုလိုနီတို့က ကြေးတိုင်စိုက်၍ နယ်မြေအုပ်ချုပ်မှုအတွက် ဗျူရို ကရေစီယန္တရားကြီး တည်ဆောက်ခဲ့ပါသည်။ ယင်းတို့၏ မြေခွန်တော် စည်းကြပ်မှုကိုလည်း တော်သင့်၍ တရားမျှတမှုရှိသည့် (Fair and Equita -ble) လုပ်ငန်းဟု ဆိုထားပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နယ်မြေသဘာဝ၊ နယ်မြေအေးချမ်းမှု၊ လူမှုရေး၊ စီးပွားရေး စသည်တို့၏ ပကတိတည်ရှိနေမှု အခြေအနေအတိုင်း သုံးသပ်စည်းကြပ်ထားခြင်းတို့ကြောင့် တရားမျှတ၍ အခွန်ပေးနိုင်စွမ်းရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။

 

ထို့အပြင် ကြေးတိုင်လုပ်ငန်းနှင့်ပတ်သက်၍ (က)စာရင်းအင်းစုစည်းမှုနှင့် သုံးသပ်မှုတို့မှာ သိပ္ပံပညာတစ်ရပ် (The Collection and analysis of Statistics is a Science) ၊ (ခ) ငွေကြေးတောင်းခံ သတ်မှတ်ခြင်းသည် ဘဏ္ဍာရေးမူဝါဒတစ်ရပ် (The Fixing of demand is a matter of Financial Policy) ၊ (ဂ) မြေခွန်တော်စည်းကြပ်မှုခွဲခြားသတ်မှတ်ခြင်းသည် အနုပညာ တစ်ရပ် (The discrimination of assessment is an art) ဟု တင်စား ဖော်ညွှန်းခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

၁၉၀၆ ခုနှစ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန စတင်ဖွဲ့စည်းစဉ်ကပင် ဌာနတာဝန်ခံမင်းကြီးမှ မြေတိုင်းစာရေးအထိ အောက်ခြေအဆင့် (Grass-Roots Level)အထိ ကွင်းဆင်း၍ တောင်သူလယ်သမားများနှင့် ထိတွေ့ပြီး ရာသီဥတုနှင့် ကောက်ပဲသီးနှံစိုက်ပျိုးမှု၊ သဘာဝဘေးအန္တရာယ်၊ ကျွဲ၊ နွား တိရစ္ဆာန်နှင့် ထွန်ထယ်ကိရိယာ၊ လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ကုန်ဈေးနှုန်း၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လမ်းပန်း ဆက်သွယ်ရေးအခြေအနေတို့ကို စုံစမ်းစစ်ဆေးပြီး ကြေးတိုင်အစီရင်ခံစာ (Settlement Report) နှင့် ခရိုင်မှတ်တမ်း (District Gazetteer)တို့ကို ရေးသား၍ နိုင်ငံတော်သို့ အစီရင်ခံကြရပါသည်။ ခရိုင်တစ်ခုသို့ အခြား တစ်နေရာမှ ဌာနဆိုင်ရာတာဝန်နှင့် ပြောင်းရွှေ့လာသူ ဝန်ထမ်းသည် အဆိုပါ အစီရင်ခံစာဖတ်ရှုပြီး အခြေအနေအားလုံးကို ခြုံငုံသိနိုင်စွမ်းရှိသဖြင့် အုပ်ချုပ် ရေးတွင် လွယ်ကူချောမွေ့စေသည်ဟု အဆိုရှိခဲ့ပါသည်။ သို့ဖြစ်၍ ကြေးတိုင် လုပ်ငန်းဆိုသည်မှာ မြေခွန်တော်စည်းကြပ်ရန် သတ်မှတ်မှုတစ်ခုတည်း မဟုတ်ဘဲ ဒေသဆိုင်ရာအုပ်ချုပ်ရေးကိစ္စရပ်များကိုလည်း များစွာအထောက် အကူပြုသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။ နှောင်းခေတ်ကာလများ၌ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလျင်အမြန်ဆောင်ရွက်ခဲ့ကြ ရာ၌ ယခုတင်ပြခဲ့သည့် ကြေးတိုင်နှင့်မြေစာရင်းလုပ်ငန်းသည် အချိန်ကာလ တစ်ခုကိုရယူ၍ ဆောင်ရွက်ကြရခြင်းဖြစ်ရာ “လက်တွေ့နယ်ပယ်၌ ချက်ချင်း လက်ငင်း အကျိုးအမြတ်မပေါ်သည့် လုပ်ငန်းတစ်ရပ်သဖွယ် တည်ရှိမှုကြောင့်” ယခုအခါ တိမ်မြုပ်မှေးမှိန်လျက်ရှိကြောင်းနှင့် ယနေ့ကောက်ခံနေသော မြေခွန်တော်အရပ်ရပ်သည် အဆိုပါကြေးတိုင်လုပ်ငန်းကြောင့်သာ ဖြစ်ပေါ် ခဲ့ခြင်းသာဖြစ်ပါကြောင်း သိရှိနိုင်ရန် ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

 

ကြေးတိုင်သက်တမ်းကို ယေဘုယျအားဖြင့် နှစ် (၂၀) သတ်မှတ်ထားရှိ သော်လည်း သဘာဝအခြေအနေပြောင်းလဲခြင်း၊ သီးနှံဈေးနှုန်းပြောင်းလဲခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေပြောင်းလဲခြင်း၊ စိုက်ပျိုးမှုပုံသဏ္ဌာန် ပြောင်းလဲခြင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အခြေအနေပြောင်းလဲခြင်း၊ လူနေမှု အခြေအနေပြောင်းလဲခြင်း၊ ဆည်မြောင်းတာတမံ တည်ဆောက်ပေးခြင်း ကြောင့် အခြေအနေပြောင်းလဲခြင်း၊ အခြားစီးပွားရေးနှင့် ပတ်ဝန်းကျင် အခြေအနေပြောင်းလဲခြင်းများ ဖြစ်ပေါ်လာပါက သတ်မှတ်ကာလထက်စော၍ ပြင်ဆင်ကြေးတိုင်များ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 

နိုင်ငံတော်၏ မြေခွန်တော်နှုန်းထား သတ်မှတ်မှုသမိုင်းကြောင်းကို လေ့လာ ကြည့်ရှုပါက မြန်မာဘုရင်များလက်ထက်၌ မြေမှတိုက်ရိုက်ကောက်ခံသောအခွန်ကို အများအားဖြင့် သီးနှံအထွက် (Gross Produce) ၏ ၁၀ ပုံ ၁ ပုံ (သို့မဟုတ်) ကျွဲ၊ နွားအရှဉ်းလိုက်သတ်မှတ်လေ့ရှိခဲ့ပါသည်။ ၎င်း နောက်ပိုင်း မြေခွန်တော်စည်းကြပ်သည့်စနစ် (၄) မျိုးဖြင့်လည်း ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ အဆိုပါ (၄) မျိုးမှာ -

(က) မြေခွန်တော်ကို မြေမျိုးအတန်းအစားအလိုက် တစ်ဧကနှုန်း သတ်မှတ်ခြင်း (Soil class Rate) ၊

(ခ) တန်ဖိုးကြီးမြင့်သည့် ကွမ်း၊ ကြက်သွန်၊ ဆေးနှင့်ကြံစသည့် အထူးသီးနှံတို့ကို သီးနှံအလိုက် တွက်ချက်၍ တစ်ဧကနှုန်း မြေခွန်သတ်မှတ်ခြင်း (Special Crop Rates) ၊

(ဂ) ကြေးတိုင်စိုက်ချိန်တွင် စိုက်ပျိုးလုပ်ကိုင်ပြီးသော မြေဖြစ်သော် လည်း စိုက်ပျိုးခြင်း အသားမကျသေးသော မြေများဖြစ်ပြီးလျှင် သီးနှံအထွက်သင့်လင့်ကစား တောရှင်းမြေ ပြုပြင်စရိတ် များပြား ၍ နောက်အနည်းဆုံး(၅)နှစ်အတွင်း မြေမျိုးအတန်းအစား ပုံသေ ကားကျ မခွဲနိုင်သေးသောမြေများကို နီးစပ်ရာ အနိမ့်ဆုံး မြေမျိုးအတန်းအစားများနှင့် ညှိနှိုင်း၍ သင့်လျော်သော နှုန်းထား ဖြင့် တစ်ပြေးတည်းနှုန်း (Flat Rate)သတ်မှတ်စည်းကြပ်ခြင်း၊

(ဃ) ကြေးတိုင်စိုက်သောအချိန်တွင် စိုက်ပျိုးလုပ်ကိုင်ပြီးသော မြေများရှိသော်လည်း တစ်နေရာနှင့် တစ်နေရာ ကွက်ကျား ဝေးလွန်းစွာတည်ရှိ၍ အသွားအလာခက်ခဲမှုရှိပြီးလျှင် နှစ်စဉ် တစ်ဦးချင်းစိုက်ပျိုးလုပ်ကွက်ကို စစ်ဆေးမှတ်သား၍ စည်းကြပ် ရန်အတွက် ကုန်ကျစရိတ်မှာ ရနိုင်မည့် အခွန်တော်ငွေနှင့် နှိုင်းစာ လျှင် တွက်ကိန်းမကိုက်သော ဒေသများအတွက် ကွက်စိပ် တိုင်းတာပြီးသော ကွင်းများရှိပါက ကွင်းအလိုက်သော်လည်း ကောင်း၊ ကွင်းဖွဲ့မတိုင်းတာသေးသော ဒေသများဖြစ်လျှင် ကျေးရွာအုပ်စုအလိုက်သော်လည်းကောင်း မြေခွန်ကို တစ်လုံး တစ်ခဲတည်း စည်းကြပ်သော လုံးပေါင်းစနစ်(Lump Sum) ဖြင့် စည်းကြပ်ခြင်းတို့ ဖြစ်ပါသည်။

 

ထို့အပြင် ၁၉၆၇ ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၄၂၅ အရ ကြေးတိုင်စိုက်ပြီးဒေသများတွင် ကြေးတိုင်မြေခွန်နှုန်းထားများဖြင့် ဆက်လက်မြေခွန်စည်းကြပ်ခြင်းနှင့် ကြေးတိုင်မစိုက်ရသေး သည့် ဒေသများတွင် စပါးကို တစ်ဧက (၁) ကျပ် ပြား (၅၀) နှင့် အခြားသီးနှံကို တစ်ဧက (၁) ကျပ်နှုန်း စည်းကြပ်ခြင်းနှင့် ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉/၈၇ ဖြင့် မြေခွန်ကို သီးနှံဖြင့် ပေးဆောင်စေခြင်း၊ (၁၉၈၇-၈၈ ခုနှစ် တစ်နှစ်အတွက်သာ ကျင့်သုံး ဆောင်ရွက်ခဲ့ပြီး (၆-၉-၈၈)နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၁/ ၈၈ ဖြင့် ပြန်လည်ရုပ်သိမ်းပြီး ယခင်အတိုင်း ငွေကြေးဖြင့်သာ ဆက်လက်စည်းကြပ် ကောက်ခံခဲ့ပါသည်။ ) တို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။

 

မြေခွန်တော်ကို အထက်ဖော်ပြပါအတိုင်း သတ်မှတ်မှုများ ဆောင်ရွက် ခဲ့ကြပြီး မြေခွန်တော်ကောက်ခံခြင်းလုပ်ငန်းကို ၁၉၇၂ ခုနှစ် အုပ်ချုပ်ရေး စနစ်သစ် မပေါ်မီက အထွေထွေအုပ်ချုပ်မှု အဖွဲ့အစည်းက ဒေသအလိုက် ကြီးကြပ်ကွပ်ကဲ၍ အောက်ခြေအဆင့်တွင် ၁၉၆၃ ခုနှစ် မတိုင်မီ ကျေးရွာ အုပ်စုသူကြီးနှင့် ယင်းနောက် ကျေးရွာအုပ်စုမြေယာကော်မတီက တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ် နောက်ပိုင်းတွင် မြေခွန်တော်ကောက်ခံခြင်း ကို ပြည်တွင်းအခွန်များဦးစီးဌာနက ဒေသအလျောက် လွှဲပြောင်းဆောင်ရွက် ခဲ့ကြပြီး အခြေခံအဆင့်ကောက်ခံရေးတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီဝင်များက ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က တာဝန်ယူပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ်အထိ မြေခွန်အရပ်ရပ်၊ ရေခွန်နှင့် တာတမံခွန်ကောက်ခံခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လွှဲပြောင်းတာဝန်ယူဆောင်ရွက်ပြီး အခြေခံအဆင့်ကောက်ခံရေးတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (ယခုအခါ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့)က ဆောင်ရွက်ခဲ့ပါသည်။

 

နိုင်ငံတော်အနေဖြင့် အုပ်ချုပ်သူအစိုးရအဆက်ဆက် ပြောင်းလဲခဲ့သော် လည်း လယ်ယာမြေများအပေါ် စည်းကြပ်သော မြေခွန်တော်နှုန်းထားမှာ ၁၉၅၃ ခုနှစ်မတိုင်မီကာလက နှုန်းထားများဖြစ်နေကြောင်း တွေ့ရှိရပါလိမ့်မည်။ ထိုသို့ မြေခွန်တော်နှုန်းထား မပြောင်းလဲခဲ့သော်လည်း နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၂၀၀၃-၂၀၀၄ ခုနှစ်ခန့် အထိ အစိုးရအဆက်ဆက် နိုင်ငံတော်၌ ဆောင်ရွက်ခဲ့သော လုပ်ငန်းတစ်ရပ်မှာ လယ်ယာမြေအပေါ်၌ စိုက်ပျိုးထုတ်လုပ်သော စပါးစိုက်ဧကအပေါ်မူတည်၍ သတ်မှတ်ကောက်ခံဝယ်ယူသော စပါး၊ တစ်နည်းအားဖြင့် တာဝန်ကျေ စပါးရောင်းချပေးရမှုစနစ် ကျင့်သုံးခဲ့သည်ကို တွေ့ရပါသည်။ တာဝန်ကျေ စပါးသတ်မှတ်ဝယ်ယူသည့်ဈေးနှုန်းသည် ပြင်ပပေါက်ဈေးနှင့် များစွာကွာခြားမှု ရှိသည့်အတွက် အဆိုပါကွာခြားမှုသည် တစ်နည်းအားဖြင့် မြေခွန်တော်အား “သွယ်ဝိုက်အခွန်” အဖြစ် စည်းကြပ်ကောက်ခံသော ရည်ရွယ်ချက်ကြောင့် သာဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁)၊ ပြည်ထောင်စုဥပဒေပြု စာရင်း ပုဒ်မ ၅၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ပုဒ်မခွဲ (ဂ) ၌ “ကြေးတိုင် နှင့် မြေစာရင်း” ဟု ပြဋ္ဌာန်းထားသည့်အတွက် ပြည်ထောင်စုလွှတ်တော်က ကြေးတိုင်သတ်မှတ်ခြင်း၊ မြေစာရင်းသတ်မှတ်စီမံခြင်းနှင့်စပ်လျဉ်း၍ ဥပဒေ ပြဋ္ဌာန်းနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် ယင်းကဲ့သို့ သတ်မှတ်ခြင်းတွင် မြေယာ ခွန်ကိုပါ တစ်ပါတည်းသတ်မှတ်ရန်ဖြစ်ကြောင်း ဆိုနိုင်မည်မဟုတ်ဟု သဘော ရရှိပါသည်။ ဇယား(၂) ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ၏ အပိုဒ်ခွဲ(ဂ)တွင် “မြေယာခွန်” ဟု ဖော်ပြထားသဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မှ မြေယာခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ပြီး ဇယား(၅)ပါ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများတွင်လည်း “မြေယာခွန်” ပါဝင်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ပြဋ္ဌာန်းသောမြေယာခွန်ဥပဒေအရ သတ်မှတ်သည့်မြေယာခွန် များကို ကောက်ခံနိုင်မည်ဖြစ်ပါသည်။ လယ်ယာမြေဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (ခ)တွင် “လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စည်းကြပ်သောမြေခွန်နှင့် အခြားအခွန်အခ များကို ပေးဆောင်ရမည်” ဟု ပြဋ္ဌာန်းထားရာ “တည်ဆဲဥပဒေတစ်ရပ်ရပ်” ဆိုသည့်စကားရပ်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့် မြေယာခွန်ဥပဒေလည်း အကျုံးဝင်သဖြင့် ပြည်ထောင်စု/ နေပြည်တော်ကောင်စီ တိုင်းဒေသကြီး/ ပြည်နယ်/ ဌာနဆိုင်ရာများ စုပေါင်း ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပါသည်။

 

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ပြဋ္ဌာန်းစဉ်က လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏အမည်မှာ ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာနဖြစ်သဖြင့် ထိုစဉ်က ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအား ပြည်ထောင်စု အစိုးရအဖွဲ့၏အောက်၌ တိုက်ရိုက်သဖွယ်ထားရှိသည့်သဘောဟု ယူဆခဲ့ သူများလည်း ရှိကြပါသည်။ ကြေးတိုင်နှင့် မြေစာရင်း၏ အဓိပ္ပာယ်နှင့် သဘော သဘာဝများကို အမှန်သိရှိနားလည်ရန် လိုအပ်မည်ဖြစ်ပါသည်။

 

မြေယာများပေါ်တွင် အခွန်စည်းကြပ်ခြင်းနှင့်ပတ်သက်၍ အကြမ်းအားဖြင့် မြေအပေါ် စည်းကြပ်သည့်အခွန် (Tax on Land) ၊ မြေငှားခ(Rent) ၊ မြေခွန် တော် (Land Revenue) ဟူ၍ (၃) မျိုး ခွဲခြားထားကြောင်း တွေ့ရှိရပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လက်ရှိ လယ်ယာမြေများအပေါ် စည်းကြပ်ကောက်ခံရာတွင် မြေခွန်တော် (Land Revenue) စနစ်ဖြင့် ကောက်ခံနေခြင်းဖြစ်ပါသည်။ နိုင်ငံတော်မှ လယ်ယာမြေများအား ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)သည် လယ်ယာမြေများအပေါ်တွင် တင်းပြည့် ကျပ်ပြည့် ပိုင်ဆိုင်ခွင့် (Proprietorship) ပေးထားခြင်းမျိုးမဟုတ်ဘဲ မြေလက်ဝယ်ထားရှိခွင့် (Land Holder's Right) သာဖြစ်သဖြင့် သာမန် လယ်သမားတစ်ဦး သာမန်လယ်ယာမြေတစ်ခုအပေါ်တွင် သာမန်ကြိုးပမ်း လုပ်ကိုင်မှုကြောင့် ရရှိလာနိုင်သည့် အသားတင်အကျိုးအမြတ်အပေါ် မူတည်၍ စည်းကြပ်ကောက်ခံဆောင်ရွက်နေသည့် မြေခွန်တော်သာဖြစ်ပါသည်။

 

နိုင်ငံတကာ၌ ကျင့်သုံးနေသော မြေခွန်တော်စည်းကြပ်မှုစနစ် (System of Land Taxation) အနေဖြင့် အခြေခံအားဖြင့် (၄)မျိုးရှိသည်ကို တွေ့ရပါသည်။ ယင်းတို့မှာ -

 

(က) မြေဧရိယာအပေါ် အခြေခံသည့်အခွန်များ (Taxes Based on Land Area) ။

အခွန်ပေးဆောင်နေသော တောင်သူလယ်သမား၏ မြေဧရိယာ အကျယ်အဝန်းအပေါ် ညီညွတ်မျှတသော တစ်ဧကနှုန်းထား (Uniform Rate) နှင့် မြေကို အမျိုးအစားအလိုက် ခွဲခြားထားသော နှုန်းထား (Classified Rate)တို့အပေါ် အခြေခံစည်းကြပ်ပါသည်။

 

(ခ) ငှားရမ်းခအပေါ် အခြေခံသည့်အခွန်များ (Taxes Based on Rental Value) ။

နှစ်စဉ် ငှားရမ်းခအပေါ်မှ နှုန်းထားများ(Annual Rental Value)နှင့် ငွေလုံးငွေရင်းငှားရမ်းခအပေါ်မှနှုန်းထား(Capital Value)တို့အပေါ် အခြေခံစည်းကြပ်သည်။

(ဂ) ဝင်ငွေအပေါ်တွင် အခြေခံသည့်အခွန်များ (Taxes Based on Income Concept)။

 

ဝင်ငွေ၏ ဆယ်ပုံပေါ်မှနှုန်းထား(Tithe) စုစုအထွက် (သို့) စုစု ဝင်ငွေပေါ်မှ နှုန်းထား (Gross yield or Gross Income)။ အသား ဝင်ငွေပေါ်မှနှုန်းထား (Net Income or Net Produce Value)နှင့် ရောင်းပြီး ထုတ်လုပ်မှုအပေါ်မှ နှုန်းထား (Marketed Pro-duce)တို့အပေါ် အခြေခံစည်းကြပ်သည်။

 

(ဃ) အထူးကိစ္စအခွန်များ (Special purpose Taxes)။

တန်ဖိုးမြင့်တက်လာမှုအပေါ်မှ အခွန်များ (Taxes on Incre-mental Value)၊ ဒဏ်ကြေး (သို့) ချီးမြှင့်ကြေးအခွန်များ ( Penatly or Incentive Taxes)နှင့် သဘာဝထုတ်ကုန်များအပေါ်မှ အထူး ခွန်များ (Special Taxes on certain Natural Resources)တို့အပေါ် အခြေခံစည်းကြပ်သည်။ မြန်မာနိုင်ငံတွင် ကျင့်သုံး နေသောစနစ်များလည်း အထက်ဖော်ပြပါစနစ်(၄)မျိုးနှင့် အကျုံး ဝင်ပါသည်။

 

နိုင်ငံတော်၌ လက်ရှိကောက်ခံနေသောစနစ်မှာ “ဝင်ငွေအပေါ်တွင် အခြေခံသည့်အခွန်များ” (Taxes Based on income Concept) ဖြစ်ပြီး အဆိုပါ မြေခွန်တော်စနစ်(Land Revive System)တွင် မြေခွန်တော်နှုန်းထားများသတ်မှတ်ခြင်း (Fixation of Land Revenue rates)၊ နှစ်စဉ် မြေခွန် စည်းကြပ်ခြင်း (Annual Assessment of Land Revenue)၊ မြေခွန်တော် ကောက်ခံခြင်း (Collection of Land Revenue)ဟူ၍ အပိုင်း (၃)ပိုင်း ရှိပြီး ပထမပိုင်းဖြစ်သည့် မြေခွန်တော်နှုန်းထားသတ်မှတ်ခြင်းတွင် လက်ရှိ နိုင်ငံတော်၏ သတ်မှတ်မှုနည်းစနစ်အရ ကြေးတိုင်လုပ်ငန်းသည် အဓိက အခြေခံအကျဆုံးသော လုပ်ငန်းရပ်ဖြစ်ပါသည်။

 

အဆိုပါ မြေခွန်တော်စည်းကြပ်နိုင်ရန်အလို့ငှာ မြေခွန်နှုန်းထားများ သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် ကြေးတိုင်စိုက်ခြင်း (Settlement)လုပ်ငန်းကို ဦးစွာဆောင်ရွက်ရပါသည်။ မြေယာတစ်ခုအားမြေခွန်နှုန်းထား သတ်မှတ်ရန်အတွက် ဆောင်ရွက်ရသည့် ကြေးတိုင်လုပ်ငန်းအဆင့်ဆင့်မှာ (၁၂)ဆင့် ရှိပါသည်။ အဆိုပါ(၁၂)ဆင့်မှာ - အခွန်ရပ်ကွက်ခွဲခြားခြင်း၊ မြေမျိုး ကြီးနှင့် မြေမျိုးအတန်းအစားခွဲခြားခြင်း၊ သီးနှံအထွက်နှုန်း မေးမြန်းစုံစမ်း ခြင်း၊ စံကွက်ရိတ်သိမ်း၍ သီးနှံအထွက်နှုန်းများ စိစစ်ခြင်း၊ သီးနှံလက်ကား ဈေးနှုန်းများ စုံစမ်းစာရင်းပြုစုခြင်း၊ သီးနှံစိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ် ကို စုံစမ်းစစ်ဆေးစာရင်းပြုစုခြင်း၊ ရေမြေသဘာဝအနေအထားနှင့် မြေဆီဩဇာ အခြေအနေများကို လေ့လာစိစစ်ခြင်း၊ သီးနှံစိုက်ပျိုးမှုတိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းအခြေအနေများကို လေ့လာစာရင်းပြုစုခြင်း၊ သီးနှံဓမ္မတာ အထွက်နှုန်းများသတ်မှတ်ခြင်း၊ မြေပိုင်ဆိုင်ခွင့်စုံစမ်းစစ်ဆေးခြင်းနှင့် တောင်သူ လယ်သမားများ၏ စီးပွားရေးစစ်တမ်းကောက်ယူပြုစုခြင်း၊ ကြေးတိုင်အစီရင် ခံစာပြုစုခြင်းတို့ ဖြစ်ပါသည်။

 

အထက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးနောက် ကြေးတိုင် သွန်သင်ချက်အပိုဒ်-၂၇၆ အရ ကြေးတိုင်ဝန်(ကြေးတိုင်ဦးစီးမှူး)က စည်းကြပ် သင့်သည့်တန်ဖိုးကို သတ်မှတ်နိုင်ပါရန် အစီရင်ခံစာ အဆိုပြုတင်ပြခြင်း၊ ကြေးတိုင်သွန်သင်ချက် အပိုဒ်-၂၇၇၊ ၂၇၈ အရ အဆိုပြုနှုန်းထားများကို ကြေးတိုင်နှင့်မြေစာရင်းမင်းကြီး (ညွှန်ကြားရေးမှူးချုပ်၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန)၊ တိုင်းမင်းကြီး (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)၊ သက်ဆိုင်ရာခရိုင်ဝန် (ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူး)၊ ကြေးတိုင်ဝန်တို့ ပါဝင်သောအဖွဲ့က စိစစ်ပြီးနောက် တိုင်းမင်းကြီး (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန) ဦးဆောင်ပြီး တောင်သူလယ်သမားကိုယ်စားလှယ်၊ လိုအပ်သည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ဖြင့် မြေခွန်နှုန်းထား အဆိုပြု တင်ပြသတ်မှတ်ခြင်း အစည်းအဝေး (Settlement Conference) ဆောင်ရွက်ပြီး မြေခွန်နှုန်းသတ်မှတ်ရန် လေ့လာသုံးသပ်စိစစ်ခြင်း၊ ကြေးတိုင် သွန်သင်ချက်အပိုဒ်-၂၈၀ အရ ဘဏ္ဍာတော်မင်းကြီး(ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) မှ ဆက်လက်စိစစ်ခြင်းနှင့် နိုင်ငံတော် အစိုးရထံတင်ပြခြင်း၊ ကြေးတိုင်သွန်သင်ချက်အပိုဒ်-၂၈၁ မှ ၂၈၄ အရ နိုင်ငံတော်အစိုးရ မြေခွန်နှုန်းထားသတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ရပါမည်။

 

အထက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ချိန်နှင့် တစ်ပြိုင်တည်း ကြေးတိုင်မြေပုံကိုလည်း ထူထောင်ရပါသည်။ ကြေးတိုင်မြေပုံဆိုသည်မှာ မြေခွန်စည်းကြပ်ခြင်းအတွက် အခြေခံမြေပုံဖြစ်ပါသည်။ ကြေးတိုင်လုပ်ငန်းဆောင်ရွက်ပြီးနောက် ကြေးတိုင်ဌာနခွဲမှ မြေစာရင်းလက်စွဲဥပဒေအပိုဒ်-၁၁၇၀ အရ အောက်ပါအချက်အလက်များ ဖော်ပြပါရှိသည့် ကြေးတိုင်ကွင်းမြေပုံ များကို ပြုစုရပါသည်-

(က) မြေကွက်များကို ဦးပိုင်အလိုက် ဖော်ပြထားသည့်ဦးပိုင်များ၊

(ခ) စိုက်ပျိုးလုပ်ကိုင်သည့် မြေများကို စိုက်ပျိုးမှုနှင့် မြေအတန်း အစားအလိုက် ခွဲခြားခြင်း၊

(ဂ) အစိုးရဆည်ရေသောက်ဖြစ်ခဲ့ပါလျှင် ရေသောက်ရာရပ်ကွက် နှင့် သက်ဆိုင်ရာ ဆည်ရေပေးသည့် ဆည်မြောင်း၊

(ဃ) ကြေးတိုင်ဌာနခွဲမှ `အသိအမှတ်ပြုပြီးသော စိုက်ပျိုးလုပ်ကိုင် သည့် မြေမျိုးကြီးများကို မြေစာရင်းလက်စွဲဥပဒေအပိုဒ်-၁၁၇၆ အရ RG = အစိုးရဆည်ရေသောက်လယ်မြေနှင့် M (သို့) R= မိုးကောင်းလယ်မြေ စသည်ဖြင့် ခွဲခြားသတ်မှတ်ရပါသည်။)

မြေစာရင်းလက်စွဲဥပဒေ အပိုဒ်-၁၁၇၇ အရ မည်သည့်မြေမျိုးကြီးကို မဆို မြေခွန်စည်းကြပ်ရန် အတန်းအစားများအဖြစ် ကြေးတိုင်အဖွဲ့က ခွဲခြား ရန်ဖြစ်ပြီး ယင်းအတန်းအစားကို မြေမျိုးအတန်းအစားဟူ၍လည်း ခေါ်ဆို ပါသည်။

နိုင်ငံတော်အနေဖြင့် ထိုကဲ့သို့ အထက်ဖော်ပြပါအတိုင်း ဆောင်ရွက် ခြင်းကြောင့် ရရှိလာသော မြေမျိုးနှင့်အတန်းအစားအလိုက် မြေခွန်တော် စည်းကြပ်ကောက်ခံခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြေခွန်တော်ကောက်ခံခြင်းနှင့်ပတ်သက်၍ စီးပွားရေးပညာရှင်တို့မှ အောက်ဖော်ပြပါအချက်များနှင့် ပြည့်စုံရန်လိုအပ်ကြောင်း ဖော်ညွှန်းလေ့ ရှိပါသည်-

(က) တရားမျှတမှုရှိခြင်း။ ပြည်သူများ ပေါ့ပါးစွာပေးဆောင်နိုင်မည့် သင့်တင့်မျှတမှုရှိခြင်း၊(Fair and Equitable)

(ခ) သေချာတိကျမှုရှိခြင်း။ မြေကိုအခြေခံ၍ စိုက်ပျိုးထုတ်လုပ်မှု အပေါ် ပုံသေတွက်ချက်တောင်းခံထားခြင်း၊ (Fixed Demand)

(ဂ) အဆင်ပြေလွယ်ကူခြင်း။ နှစ်ကာလသတ်မှတ်ချက်အတွင်း နှုန်းထားပြင်ဆင်ခြင်းမရှိသဖြင့် အခွန်ထမ်းဆောင်သူတို့က သံသယမဖြစ်ဘဲ လွယ်ကူစွာပေးဆောင်နိုင်ခြင်း၊

(ဃ) စီးပွားရေးတွက်ခြေကိုက်ခြင်း။ မြေခွန်ကောက်ခံရာတွင် ကုန်စရိတ်သည် ရငွေနှင့်နှိုင်းယှဉ်ပါက နည်းပါးသည့်အပြင် အခွန်မပြေကျန်ရှိမှုလည်း နည်းပါးခြင်း၊

ကိုလိုနီခေတ်က ကြေးတိုင်လုပ်ငန်းဆောင်ရွက်ပြီးနောက် နိုင်ငံအတွင်း နယ်မြေဒေသအသီးသီးတွင် အောက်ဖော်ပြပါအချက်များကို လိမ္မာပါးနပ်စွာ စဉ်းစားပြီးမှ မြေခွန်တော်နှုန်းထားကို သတ်မှတ်ခဲ့ကြောင်း လေ့လာတွေ့ရှိ ပါသည်-

(က) သူပုန်ထသောဒေသတွင် အခွန်တော်ကို ခပ်ပြင်းပြင်း စည်းကြပ် ခြင်း၊

(ခ) ငတ်မွတ်ခေါင်းပါးသောဒေသတွင် သူပုန်ထခြင်းမှ ကာကွယ်ရန် အခွန်တော်ကို လျှော့ပေါ့စည်းကြပ်ခြင်း၊

(ဂ) ဖွံ့ဖြိုးသော မြေနုကျွန်းကဲ့သို့သော ဒေသတွင် အခွန်တော်ကို တိုး၍စည်းကြပ်ခြင်း၊

အထက်တွင် ဖော်ပြခဲ့သည့်အချက်များနှင့်အညီ စဉ်းစားသုံးသပ်၍ မြေခွန် တော်နှုန်းထားသတ်မှတ်ရာတွင် ပုံသေကားကျ နည်းလမ်းသက်သက်ကို အသုံး မပြုဘဲ နိုင်ငံရေးအခြေအနေ (Political Conception)၊ ကိန်းဂဏန်းတွက်ချက် မှုအချိုးအစား (Mathematical Conception)၊ စီးပွားရေးအရ ပေးစွမ်းနိုင်မှု (Economical Conception) စသည့် သဘောတရားများကိုပါ ထည့်သွင်း စဉ်းစားရန်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မြေခွန်တော်ဆိုသည်မှာ ကမ္ဘာမြေပြင်ပေါ်တွင် ရပ်တည်ရှင်သန်နေကြရသော လူသားအားလုံးနှင့် တိုက်ရိုက်သက်ဆိုင်နေသည့်ကိစ္စဖြစ်ပါ၍ တစ်စုံတစ်ခု ချွတ်ချော်လွဲမှားမှု ဖြစ်ပေါ်ခဲ့ပါက ဖြစ်ပေါ်လာနိုင်သည့် တန်ပြန်သက်ရောက်မှုလှိုင်းဂယက် သည် လွန်စွာကြီးမားနိုင်သည့်အတွက် သတိမူထားရှိရန် အထူးလိုအပ်ပါ သည်။

 

မြေခွန်တော်နှုန်းထားသတ်မှတ်မှုနှင့် ကောက်ခံခြင်းကိစ္စကို အချုပ် အားဖြင့် တင်ပြရပါလျှင် ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ စေ့ငုအောင် လေ့လာ ဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်။ ဌာနအဖွဲ့အစည်းတစ်ခုမှ ဂဏန်း သင်္ချာနည်းဖြင့် တွက်ချက်သုံးသပ်တင်ပြမှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများမှ တွက်ချက်မှုသဘောတရားဖြင့်သာ အတည်ပြု၍ မရစကောင်းသော လုပ်ငန်း ဖြစ်သည်ကို ဤဆောင်းပါးပါအချက်များအရ လေ့လာတွေ့ရှိနိုင်မည် ဖြစ်ပါ သည်။ ယခုနိုင်ငံတော်က ရေးဆွဲပြဋ္ဌာန်းရန် စီမံချက်ချဆောင်ရွက်နေသည့် အမျိုးသားမြေဥပဒေတွင်လည်း ကြေးတိုင်နှင့်မြေစာရင်းလုပ်ငန်းသည် ခေါင်းစဉ်တစ်ခုအနေဖြင့် ပါဝင်ခွင့်ရရှိထားပြီးဖြစ်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော် အတွင်း ပြင်ဆင်ရန်လိုအပ်ချက်ရှိနေသည့် မြေခွန်တော်နှုန်းထားကိစ္စ အတွက် ကြေးတိုင်လုပ်ငန်းသည် တစ်ဖန်ပြန်လည်၍ နိုးထလာမည်မှာ ဧကန် ဖြစ်ပါသဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန)အနေဖြင့် ကြေးတိုင်ဘာသာရပ်လုပ်ငန်းဆိုင်ရာ ကိစ္စများ အသင့်ပြင်ဆင်ထားရန်နှင့် လေ့လာသိရှိထားရန် အထူးလိုအပ် နေပြီဖြစ်ကြောင်း သတိပေးပြောကြားအပ်ပါသည်။ {၁၅-၁၀-၂၀၂၀ ရက် နေ့တွင် ကျရောက်သည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန (ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန)၏ (၁၁၄) နှစ်မြောက်နေ့အား ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။}