၁၉ အောက်တိုဘာ

 

 

ဥရောပနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၂၅၀,၀၀၀ ကျော်သွားကြောင်း မနေ့ (တနင်္ဂနွေနေ့) က ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

အစ္စရေးနဲ့ ဩစတြေးလျနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့တော် မဲလ်ဘုန်းမြို့မှာ ပိုးကူးစက်မှု လျော့နည်းသွားတဲ့အတွက်  ပြဋ္ဌာန်းထားတဲ့ အသွားအလာ ကန့်သတ်မှု lockdown တွေကို မနေ့က ပြန်လည် ရုပ်သိမ်းပြီး ဖြစ်ပါတယ်။

 

 

ဥရောပနိုင်ငံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတဲ့အတွက် လူတွေရဲ့ နေ့စဉ်ဘဝတွေအပေါ် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ပြီး ကန့်သတ်မှုတွေ ရှိလာကြောင်း သိရပါတယ်။ ဥရောပနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ဒီသီတင်းပတ်အတွင်း ပိုးတွေ့ရှိသူ ၄၄ ရာခိုင်နှုန်း များလာကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာတဲ့အတွက် သန်းချီတဲ့ လူတွေဟာ ညမထွက်ရ အမိန့်အောက်မှာ နေထိုင်နေရသလို ဆွစ်ဇာလန်နိုင်ငံမှာလည်း နိုင်ငံသားတွေကို မျက်နှာဖုံး ဝတ်ဆင်ရေး စည်းမျဉ်း ထုတ်ပြန်ထားတာပါ တွေ့ရပါတယ်။

 

 

ဥရောပနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ လက်တင် အမေရိကနဲ့ ခရစ်ဘီယန် နိုင်ငံတွေပြီးရင် ဒုတိယ အများဆုံး ဖြစ်ပါတယ်။ လက်တင်အမေရိကနဲ့ ကခရစ်ဘီယန် နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၅၀,၀၀၀ ကျော်ရှိပြီး ဥရောပနိုင်ငံတွေမှာ ၂၅၀,၀၀၀ ကျော် ရှိကြောင်း သိရပါတယ်။

 

 

ဥရောပမှာ သေဆုံးသူ အများဆုံး နိုင်ငံဟာ ဗြိတိန်နိုင်ငံဖြစ်ပြီး သေဆုံးသူမှာ ၄၃,၆၄၆ ဦး ရှိပါတယ်။ အီတလီနိုင်ငံဟာ သေဆုံးသူ ဒုတိယ အများဆုံးဖြစ်ရာ သေဆုံးသူ ၃၆,၅၄၃ ဦး၊ စပိန်နိုင်ငံမှာ ၃၃,၇၇၅ ဦး၊ ပြင်သစ်နိုင်ငံမှာ ၃၃,၃၉၂ ဦးနဲ့ ရုရှားမှာ ၂၄,၁၈၇ ဦး ရှိကြောင်း သိရပါတယ်။

 

 

ဥရောပမှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်းမှာ သေဆုံးသူ ၈,၃၄၂ ဦး ရှိတဲ့အတွက် မေလလယ် နောက်ပိုင်းမှာ သေဆုံးအများဆုံး သီတင်းပတ်ဖြစ်လာပါတယ်။

 

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဥရောပမှာ ဗိုင်းရပ်စ်ပိုးကူးသူ များလာတဲ့အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာ ရောက်နေကြောင်း ပြောခဲ့ပါတယ်။

 

 

MDN

ကိုးကား - AFP