ရဝမ်ဒါ အရှေ့ပိုင်း သတ္တုတွင်းပြိုကျမှု ဖြစ်ပွား ၁၄ ဦးသေဆုံး

၂၂ ဇန်နဝါရီ

ရဝမ်ဒါအရှေ့ပိုင်း  ရဝါမာဂါနာ ခရိုင် မဝူလီရီ နယ်မြေတွင် ယမန်နေ့က သတ္တုတွင်းပြိုကျမှု ဖြစ်ပွားခဲ့ရာ အလုပ်သမား အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့သည်ဟု ခရိုင်မြို့တော်ဝန် ရတ်ဂျပ် မဘွန်ယမ်ဗွန်ရီ က သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ သတ္တုတူးဖော်နေကြစဉ် သတ္တုတွင်း ရုတ်တရက်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အလုပ်သမားများ မြေအောက်ထဲတွင် ပိတ်မိနေခဲ့ကြကြောင်း မဘွန်ယမ်ဗွန်ရီ က ဆိုသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သတ္တုတွင်းကျောက်ကမ်းပါးစောက်  ပြိုကျခဲ့ကြောင်း ၎င်းက ဆိုသည်။

ကယ်ဆယ်ရေးရဲတပ်ဖွဲ့က မြေအောက်တွင် သေဆုံးနေသော အလုပ်သမားများကို ဆွဲထုတ်နိုင်ခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လက ရဝမ်ဒါ အနောက်ပိုင်း နရာမာရှီကီ ခရိုင်တွင် အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ပြီး သတ္တုတွင်းလုပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို