မင်းရဲကျော်ခေါင်

၁၁ နှစ်အရွယ်  ကလေးငယ်လေးတစ်ဦးရဲ့  စာလေးတစ်စောင်ဟာ အားလုံးရဲ့ ရင်ကို ရိုက်ခတ်လှုပ်ရှားစေခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော့်ရင်မှာ အမျိုး အမည်မသိနိုင်တဲ့  ခံစားမှုများစွာ ဖြစ်တည်စေခဲ့တာက  အင်းယားစင်တာသို့ ၁၁ နှစ်အရွယ်သမီးငယ်လေး ကြည်စင်လင်းလက်    စတင်ရောက်လာတဲ့ နေ့ကတည်းကပါ။ သမီးလေး ကြည်စင်လင်းလက်ဟာ အင်းယားစင်တာကို ပထမဆုံးရောက်လာတဲ့  ကိုဗစ်-၁၉  အတည်ပြုလူနာတစ်ယောက်လို့ ဆိုရပါမယ်။

သမီးလေးရဲ့သတ္တိနဲ့          စိတ်ဓာတ်ကြံ့ခိုင်မှုကို        အင်းယားစင်တာမှာရှိတဲ့ ပါမောက္ခဆရာဝန်ကြီးကစပြီး  စေတနာ့ဝန်ထမ်းတွေအထိ  စံနမူနာအဖြစ် ချီးကျူးခဲ့ကြရပါတယ်။

ကျွန်တော်ဟာ အင်းယားစင်တာ စတင်တည်ဆောက်တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကတည်းက  စေတနာ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ပရဟိတစိတ် အရင်းခံပြီး ပါဝင်လုပ်အားပေးခဲ့ပါတယ်။

အင်းယားစင်တာကို အောက်တိုဘာလ  ၁၀ ရက်နေ့မှာ ပြင်ဆင်ဆောင်ရွက် ပြီးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနထံ  လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါတယ်။  အဲဒီနေ့ညနေကစလို့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို စတင်လက်ခံ ကုသစောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။

စင်တာလွှဲပြောင်းပြီး    မကြာခင်မှာပဲ  သမီးလေး ကြည်စင်လင်းလက် ရောက်လာပါတယ်။ ကားပေါ်ကအဆင်း ကျောပိုးအိတ်လေးလွယ်ထားပြီး ခရီးဆောင်လက်ဆွဲအိတ်ကိုဆွဲရင်း  စင်တာထဲဝင်လာတဲ့  သူ့ကိုတွေ့တော့ ကျွန်တော်   တဒင်္ဂအံ့သြမှင်တက်မိနေခဲ့ပါတယ်။    သူ့ရဲ့ပုံစံက    ကြောက်ရွံ့ တုန်လှုပ်မှုမရှိဘဲ တစ်စုံတစ်ရာကို စိန်ခေါ်နေတဲ့ ဟန်ပန်အမူအရာပါ။ အခြား ဘယ်သူမှ ဒီစင်တာကြီးထဲကို  မရောက်ကြသေးပါ။  ခေါင်းမော့ရင်ကော့ပြီး ယုံကြည်ချက်တစ်ခုနဲ့   စင်တာထဲကို   ပထမဆုံးဝင်ရောက်လာတဲ့  အရွယ် မရောက်သေးတဲ့ မိန်းကလေးငယ်ကိုကြည့်ပြီး   အားလုံးလည်း မှင်တက်အံ့သြ နေခဲ့ကြပါတယ်။ အဲဒီအထဲမှာ   ပါမောက္ခဒေါက်တာအောင်သိန်းဌေးလည်း အပါအဝင်လို့ ဆိုနိုင်ပါတယ်။ တစ်ယောက်တည်းလာတဲ့  ကလေးငယ်တစ်ဦး ဖြစ်နေလို့လည်း    အားလုံးက   စိုးရိမ်ခဲ့ကြတာပါ။   စင်တာကြီးထဲမှာတော့ ဆရာဝန်၊ သူနာပြုကလွဲပြီး ဘယ်လူနာမှ မရှိကြသေးပါဘူး။

ကိုဗစ်အင်းယားစင်တာကို          အနီးကပ်ကြီးကြပ်ကွပ်ကဲသူကတော့ ဆရာကြီး ပါမောက္ခဒေါက်တာအောင်သိန်းဌေး (ဆေးတက္ကသိုလ်  - ၂ ရန်ကုန် ပါမောက္ခ၊ ဌာနမှူး) ပါ။  အင်းယားစင်တာရဲ့ ဒုဦးစီးအုပ်ချုပ်သူအဖြစ် ဦးဆောင် နေသော ဆရာဝန်ကြီးတစ်ဦးလည်း   ဖြစ်ပါတယ်။  ဆရာကြီးရဲ့ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ  အခုလိုရေးသားထားတာကိုလည်း  အမှတ်မထင် ဖတ်လိုက်မိပါတယ်။

“ပထမဆုံးအင်ယားစင်တာကို ရောက်လာခဲ့သူလေးကတော့  ၁၁ နှစ်အရွယ် သမီးငယ်လေးတစ်ဦးပါပဲ။ ရက်စက်ပြီး  အသက်ကိုနုတ်ယူတတ်တဲ့   ကိုဗစ် ပိုးတွေ ခန္ဓာကိုယ်ထဲ  အုံဖွဲ့ခံထားရပေမဲ့  သမီးငယ်လေးကတော့ တည်ငြိမ်မှု အပြည့်နဲ့လိုက်ပို့တဲ့အဖွဲ့တွေကို  နှုတ်ဆက်ရင်း အိတ်ကလေးဆွဲကာ စင်တာထဲ လမ်းလျှောက်ဝင်လာတာကို အသက်ရှူမှားလောက်အောင် ငေးကြည့်နေခဲ့မိ တယ်။  ကပ်ရောဂါရဲ့ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရဲတဲ့ သမီးငယ်လေးရဲ့ သတ္တိဟာ စံထားလောက်ပါပေတယ်” ဟုရေးသားထားပါတယ်။

ဆရာကြီးပြောသွားသလိုပါပဲ။   သူ့ရဲ့သတ္တိဟာ  စံထားလောက်အောင် ထူးခြားနေပါတယ်။  စင်တာထဲရောက်လာပြီး  တစ်ဦးတည်းဖြစ်နေလို့လည်း တုန်လှုပ်ဟန်မပြခဲ့ပါဘူး။  ပိုပြီးထူးခြားတာက  သူ့ရဲ့ပရဟိတစိတ်ထားလေးပါ။ စင်တာကို  သူ့နောက်မှ  ရောက်လာသူတွေကိုလည်း   လိုအပ်တာလေးတွေ သူနိုင်သလောက်  လိုက်လုပ်ပေးနေတာက  သူ့ကိုယ်သူ  ကိုဗစ်-၁၉  လူနာ တစ်ယောက်ပါလားဆိုတာတောင် မေ့နေပုံရပါတယ်။

နောက်ရက်တွေမှာတော့        ထပ်မံရောက်ရှိသူတွေ       များလာပါတယ်။ ထပ်ရောက်လာသူ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲက ဆရာဝန်တွေ၊ အတွေ့ အကြုံရှိသူတွေဦးစီးပြီး  စေတနာ့ဝန်ထမ်းအဖွဲ့လေး  ဖွဲ့လိုက်ကြပါတယ်။ ဒီအဖွဲ့ လေးဟာ  စင်တာထဲက   ကိုဗစ်-၁၉ အတည်ပြုလူနာတွေရဲ့   စားသောက်မှု၊ သန့်ရှင်းမှု၊ လူနာအချင်းချင်း ရိုင်းပင်းကူညီမှုလုပ်ငန်းတွေကို  အားတက်သရော ကူညီလုပ်ကိုင်ပေးကြပါတယ်။ အဲဒီအဖွဲ့ထဲမှာ အသက်အငယ်ဆုံးနဲ့ တက်ကြွ တဲ့   လှုပ်ရှားမှုတွေ    လုပ်လာသူလေးကတော့    ကြည်စင်လင်းလက်လေးပဲ ဖြစ်နေပါတော့တယ်။

အားလုံးကလည်း   ချစ်စရာကောင်းပြီး   သွက်လက်ချက်ချာတဲ့   သူ့ကို ချစ်ကြပါတယ်။ တချို့အိမ်ပြန်ခွင့်ရသွားတဲ့   လူနာတွေဆိုရင်    သူ့ရဲ့ခိုင်မာ ရဲရင့်တဲ့စိတ်ဓာတ်နဲ့   သွက်လက်ချက်ချာမှုလေးတွေကြောင့်   စိတ်ဓာတ် အင်အားတွေ တိုးခဲ့ရတယ်လို့ ဆိုကြပါတယ်။

အချို့က စိတ်ပင်ပန်းနွမ်းလျလို့  ကိုဗစ်ကို အရှုံးပေးဒူးထောက်ချင်နေသူ တွေရှိကြသလို  အချို့ကျတော့လည်း မဖြစ်သေးတော့  ဂရုမစိုက် ပေါ့ပေါ့တန်တန် နေထိုင်၊ စားသောက်၊  သွားလာနေကြသူတွေလည်း  ရှိနေပြန်ပါတယ်။ တကယ် တမ်းမှာ အသက်စွန့်ပြီး ကုသတိုက်ပွဲဝင်နေကြရတဲ့   ဆရာဝန်တွေ၊  သူနာပြု တွေရဲ့ ခံစားရတဲ့ဒုက္ခတွေကို  ဥပေက္ခာပြုထားကြသူတွေလည်း ရှိနေပြန်ပါ တယ်။   တကယ်တော့        ကိုဗစ်-၁၉       ကပ်ရောဂါဆိုးကို   တစ်ဦးကောင်း တစ်ယောက်ကောင်း တိုက်ထုတ်လို့ မရနိုင်ပါဘူး။ အားလုံးပူးပေါင်းပါဝင်မှုနဲ့ သာ အနိုင်ယူရမှာပါ။   ဒီလိုအနိုင်ယူဖို့အတွက်  အရင်ဆုံးစိတ်ဓာတ်ကြံ့ခိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်   အားကိုးယုံကြည်ဖို့ လိုအပ်ပါတယ်။  နောက်တစ်ချက်က  သတ်မှတ်စည်းကမ်းတွေကို တစ်သဝေမတိမ်း လိုက်နာရမှာပါ။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ  ၁၉ ရက်နေ့တွင်  ပြည်သူများသို့  အစီရင်ခံတင်ပြသည့်မိန့်ခွန်း မှာ “လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ်အားကိုးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့   နိုင်ငံတစ်နိုင်ငံအတွင်းမှာဆိုရင် ကိုယ့်ကိုယ်ကိုယ်အားကိုးတယ် ဆိုတဲ့နေရာမှာ  အချင်းချင်းအားကိုးဖို့ဆိုတာလည်း  နိုင်ငံတစ်ခုရဲ့  အဓိက လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ အချင်းချင်းအားကိုးတယ်ဆိုတာ ညီညွတ်မှု ပါပဲ။ တစ်ယောက်ကို တစ်ယောက်  အားကိုးတယ်၊   တစ်ယောက်ကိုတစ်ယောက်  ယုံကြည်တယ်၊ အဲဒီလိုညီညွတ်မှုရှိမယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေအတွက် ဘယ်လိုစိန်ခေါ်မှု တွေပဲ ပေါ်လာပေါ်လာ မကျော်လွှားနိုင်တာ  မရှိဘူးဆိုတာ ကို ယုံကြည်စေချင် ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

နိဂုံးချုပ်ရရင်တော့ စိတ်နှင့် ရုပ်ခန္ဓာကျန်းမာမှ ကိုယ်ခံအားကောင်းမွန်မှာ ဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းပြီး    ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးမှ ကိုဗစ် -၁၉ ကို ရင်ဆိုင်ကျော်လွှားနိုင်မှာပါ။

အင်းယားစင်တာကို  ခေါင်းမော့ရင်ကော့ပြီး  မိမိကိုယ်ကို ယုံကြည် အားကိုးတဲ့စိတ်နဲ့ ပထမဆုံးတစ်ယောက်တည်းရောက်လာပြီး ထူးထူးခြားခြား အများအတွက်   ပရဟိတအလုပ်ကိုလည်း   ခုံမင်နှစ်သက်တဲ့  သမီးလေး ကြည်စင်လင်းလက်ဟာ သူ့ကိုယ်သူ ယုံကြည်ချက်ရှိခဲ့လို့ အခုဆိုရင် စင်တာ ကနေ အိမ်ပြန်ခွင့်ရခဲ့ပါပြီ။ ကျွန်တော်နဲ့အတူ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်း တွေဟာလည်း  သူ့ကြောင့်  အားအင်တွေ တိုးတက်ခဲ့ကြပါတယ်။ စံနမူနာ ထားလောက်တဲ့ သမီးလေး ကြည်စင်လင်းလက်ကို  ဂုဏ်ပြုရင်း သမီးလေး ကိုယ်တိုင်သူတတ်သလောက် လက်ရေးနဲ့  အင်္ဂလိပ်လို   ရေးသားထားတဲ့ စာကို သမီးလေးနဲ့ အုပ်ထိန်းသူတွေထံက  ခွင့်ပြုချက်ရယူပြီး မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

17.10.2020

Hello

I am the first patient at Inya Center. My name is “Kyi Synn Lin Lett” also know me as “Khloe”. Today I beat the stupid “Virus” and have to go home tomorrow. It cuz of your guys help.

Thank you for your love and kindness. I will live to be a brave Citizen.

               To

               Inya Center

               I love you all

ကြေးမုံ