အေးမင်းထက်(ရေဦး)

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွင် ကျေးလက်ဒေသဆိုသည်မှာ သက်ဆိုင်ရာ မြို့နယ်နိမိတ်၊ မြို့စည်ပင်သာယာရေးနယ်နိမိတ်နှင့်  တပ်မြို့စည်ပင်သာယာရေး နယ်နိမိတ်အဖြစ်    သတ်မှတ်ထားသော နယ်မြေတွင်   ပါဝင်ခြင်းမရှိသော  ကျေးရွာ  သို့မဟုတ် ကျေးရွာအုပ်စုအဖြစ်   သတ်မှတ်ဖွဲ့စည်းသည့် နယ်မြေအားလုံးကိုဆိုသည်ဟု  အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို   တိုင်းဒေသကြီး ၇ ခု၊   ပြည်နယ် ၇ ခုနှင့်  ပြည်ထောင်စု နယ်မြေ(နေပြည်တော်)ဖြင့် ဖွဲ့စည်းထားပါသည်။ ပြည်ထောင်စုကြီးအတွင်းတွင် ပြည်နယ်ခွဲ ၂ ခု၊ ခရိုင်           ၇ ခု၊ မြို့ ၄၆၄ မြို့၊ မြို့နယ် ၃၃၀၊ ကျေးရွာအုပ်စု ၁၃၅၉၇ စုနှင့် ကျေးရွာပေါင်း  ၆၃၂၆၄  ရွာရှိပြီး  ၂၀၁၄  ခုနှစ် သန်းခေါင်စာရင်းအရ  ပြည်ထောင်စုမြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄၉ သန်း  ရှိပါသည်။ နိုင်ငံလူဦးရေ၏              ၇၀ ဒသမ ၄ %  ဖြစ်သော ၃၆ ဒသမ ၂၅ သန်းခန့်သည်   ကျေးလက်ဒေသတွင်နေထိုင်ကြပါသည်။ ကျေးလက် လူဦးရေ၏ ၂၉ ဒသမ  ၂ % ဖြစ်သော လူဦးရေ ၁၀ ဒသမ ၅ သန်းခန့်သည်  ဆင်းရဲသည့်ပုဂ္ဂိုလ်များ  ဖြစ်သည်ဟု ကောက်ယူရရှိသော စာရင်းများအရ သိရှိရပါသည်။ 

မြန်မာနိုင်ငံကျေးလက်ဒေသ ဖွံ့ဖြိုးရေးဥပဒေများ

၁၉၂၁ ခုနှစ်မှ စတင်၍ ၁၉၉၃ခုနှစ်အထိ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကအားဖြင့် မြန်မာနိုင်ငံ ကျေးလက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေ၊ The Myanmar  Rural Self Government Act 1921အရ  ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ပြဋ္ဌာန်းပြီး  ယင်း ဥပဒေအရ မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကိုနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့များက တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။  စည်ပင် သာယာရေးအဖွဲ့များဥပဒေ ပုဒ်မ ၉၀ ဖြင့် မြန်မာနိုင်ငံ ကျေးလက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကို ရုပ်သိမ်းခဲ့ပါသည်။ 

ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၈၈ အရ စည်ပင်သာယာ ဥပဒေပြုရေးအာဏာသည် ဇယား ၂ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့၏ ဥပဒေပြုစာရင်းတွင် ပါဝင်ခဲ့ပြီး မြို့တော်ကြီးများအပ ပြည်ထောင်စုတစ်ဝန်းလုံး လွှမ်းခြုံအာဏာတည်ခဲ့သော ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးအဖွဲ့များဥပဒေသည် ပျက်ပြယ်ခဲ့ရပါသည်။ ထို့နောက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့အလိုက် စည်ပင်သာယာရေးဝန်ကြီးဌာနများ ဖွဲ့စည်းခဲ့ပြီး  တိုင်းဒေသကြီးနှင့်   ပြည်နယ်စည်ပင် သာယာရေးအဖွဲ့များနှင့်  မြို့နယ်စည်ပင်သာယာရေး အဖွဲ့များသည် တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက် သက်ဆိုင်ရာ စည်ပင်သာယာရေးဝန်ကြီးဌာနများ အောက်သို့  လွှဲပြောင်းရောက်ရှိခဲ့ပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စည်ပင်သာယာရေးဥပဒေများ ရေးဆွဲပြဋ္ဌာန်းခဲ့ကြပါသည်။ ထို့အပြင်  နယ်စပ်ရေးရာဝန်ကြီးဌာန အောက်ရှိ   စည်ပင်သာယာရေးဦးစီးဌာနကိုလည်း ဖျက်သိမ်းခဲ့ပြီး  နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့ ရက်စွဲပါစာအမှတ်  ၃(၁)/ ၇/ သမ္မတရုံးအရ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ယခင်စည်ပင် သာယာရေးဦးစီးဌာနအား   ကျေးလက်ဒေသဖွံ့ဖြိုး  တိုးတက်ရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းဦးစီးဌာနအား စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်တွင်ထားရှိ၍     ပြည်ထောင်စု တစ်ဝန်းရှိ ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏  ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်သည် အထက်တွင် ဖော်ပြခဲ့သော ပြည်ထောင်စုလူဦးရေ၏ ၇၀ ဒသမ ၄ % နေထိုင် လျက်ရှိသည့်ပြည်ထောင်စုတစ်ဝန်းရှိ ကျေးလက်ဒေသ အားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတာဝန်များကို  ခေတ်စနစ်နှင့်အညီ စနစ်တကျအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၂၇ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်  ၃၉ အဖြစ် ပြဋ္ဌာန်းခဲ့ပါသည်။  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေသည် သီးခြားအကြောင်းအရာတစ်ခုနှင့် သက်ဆိုင်သော  ဥပဒေဖြစ်၍  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁ အရ အထူးဥပဒေတစ်ရပ် ဖြစ်ပါသည်။

ဥပဒေ၏ ရည်ရွယ်ချက်များ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေအခန်း(၂)တွင် ဥပဒေ၏ ရည်ရွယ်ချက်များကို အောက်ပါအတိုင်းဖွင့်ဆို ထားပါသည်-

(က) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို    စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊

( ခ ) မြို့ပြနှင့်ကျေးလက်ဒေသအကြား လူမှုစီးပွား အဆင့်အတန်း  ကွာဟချက်များ  ကျဉ်းမြောင်းလာစေရန်၊
( ဂ ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရရှိနိုင်သော လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီးများကိုပြည်သူပူးပေါင်းပါဝင်မှုဖြင့်ထိရောက်အကျိုးရှိစွာ  အသုံးချနိုင်ရန်၊

(ဃ) ကျေးလက်ဒေသနေပြည်သူများ၏ စွမ်းဆောင်ရည် တိုးတက်လာစေရေးနှင့် ဘေးအန္တရာယ်များ ကျရောက်လာပါက  ကျေးလက်ဒေသများ၌ တုံ့ပြန်ကာကွယ်ဆောင်ရွက်နိုင်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများဖြစ်ပေါ်လာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ရန်၊

( င ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို   အားပေးမြှင့်တင်ရန်၊

( စ ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ  လုပ်ငန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်၊

(ဆ) ကျေးလက်ဒေသနေ ပြည်သူများ၏ တစ်ကိုယ် ရေသန့်ရှင်းရေးနှင့် အိမ်တွင်းလေထုညစ်ညမ်းမှုကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊  အစိုးရ မဟုတ်သော   အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်ရန်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေသည် ကျေးလက်ဒေသရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပြီး ထိုစွမ်းအားများဖြင့် ကျေးလက် ဒေသနေပြည်သူလူထု၏ လူမှု - စီးပွားရေးဘဝနှင့် လူနေမှုအဆင့်မြင့်မားတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင် ရွက်နိုင်ရန်စီမံထားခြင်း   ဖြစ်ပေသည်။ 

ကျေးလက် ပြည်သူလူထုအား  အထင်သေး အမြင်သေးဖြင့် ခွဲခြား ဆက်ဆံမှုအလေ့အကျင့်ဆိုးများကို ရိုက်ချိုးပယ်ဖျက်ပြီး  တစ်ဆင့်ထက်တစ်ဆင့်  အစဉ်တိုးတက်မြင့်မားနေသော  ကျေးလက်လူနေမှုဘဝ၏   တိုးတက်မှုကွန်ရက်ကို ကျေးလက်ပြည်သူလူထုကိုယ်တိုင်ပါဝင်၍ တည်ဆောက်နိုင်ရေးသို့ ဦးတည်သည်ကို တွေ့ရှိရပါသည်။

ဥပဒေပါပြဋ္ဌာန်းချက်များ

ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို အခန်း ၁၃ ခန်း၊ ပုဒ်မ ၄၈ ခုဖြင့်  ကျစ်လျစ်စွာ  ရေးဆွဲ ပြဋ္ဌာန်းထားသည်ကို အောက်ပါအတိုင်းတွေ့ရှိရပါသည်- 

အခန်း( ၁ ) အမည်နှင့်   အဓိပ္ပာယ်ဖော်ပြချက်၊  ပုဒ်မ ၁ မှ ၂ ထိ

အခန်း( ၂ ) ရည်ရွယ်ချက်၊ ပုဒ်မ ၃

အခန်း( ၃ ) ဗဟိုကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်း နှင့် လုပ်ငန်းတာဝန်များ၊ ပုဒ်မ ၄ မှ ၅ ထိ

အခန်း( ၄ ) ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပုဒ်မ ၆ မှ ၇ ထိ

အခန်း( ၅ ) ဦးစီးဌာန၏တာဝန်နှင့်  လုပ်ပိုင်ခွင့် များ၊ ပုဒ်မ ၈ မှ ၉ ထိ

အခန်း( ၆ ) ကျေးလက်ဒေသ    ပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ ပုဒ်မ ၁၀ မှ ၁၁ ထိ

အခန်း( ၇ ) ကျေးလက်ဒေသသောက်သုံးရေ   ရရှိ ရေးနှင့်    ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်း၊  ပုဒ်မ ၁၂ မှ၂၀ ထိ

အခန်း( ၈ ) ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးလုပ်ငန်း၊ ပုဒ်မ ၂၁ မှ ၂၄ ထိ

အခန်း( ၉ ) ကျေးလက်ဒေသ အိမ်ရာတည်ဆောက် ရေးလုပ်ငန်း၊ ပုဒ်မ ၂၅ မှ၂၈ ထိ

အခန်း(၁၀ ) အရင်းမပျောက်   မတည်ရန်ပုံငွေ ထူထောင်ပေးခြင်းလုပ်ငန်း၊ ပုဒ်မ ၂၉ မှ ၃၃ ထိ

အခန်း(၁၁ ) ဘဏ္ဍာရန်ပုံငွေ  ထိန်းသိမ်းခြင်းနှင့် စာရင်းစစ်ဆေးခြင်းလုပ်ငန်း၊  ပုဒ်မ ၃၄ မှ ၃၉ ထိ

အခန်း( ၁၂ ) ပြစ်မှုပြစ်ဒဏ်များ၊ပုဒ်မ ၄၀ မှ ၄၁ထိ

အခန်း( ၁၃ ) အထွေထွေ၊ ပုဒ်မ ၄၂မှ ၄၈ ထိ။

ကျယ်ပြန့်သော စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်များ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို တာဝန်ခံ၊  တာဝန်ယူ၍  ဖော်ဆောင်ပေးရမည့်သူမှာ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ၎င်း၏လက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့   ဖြစ်ပါသည်။ သို့သော်လည်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို  ဘက်ပေါင်းစုံမှ ကြည့်မြင်ပြီး ကျယ်ပြန့်စွာနှင့် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် အစိုးရအဖွဲ့အစည်းများမှတာဝန်ရှိသူများ ပါဝင်သည့်  အဖွဲ့အစည်းများဖြင့် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်၌  ဗဟိုကြီးကြပ်မှုကော်မတီနှင့်   တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းရန်နှင့် ယင်းကော်မတီများ၏  လုပ်ငန်းတာဝန်များ သတ်မှတ် ပေးထားသည်ကို တွေ့ရှိရပါသည်။

အောက်ခြေရှိ  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ရာတွင်လည်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   ဌာနဆိုင်ရာ ဝန်ထမ်းများကသာ  ဆောင်ရွက်ခြင်းမျိုးမဖြစ်စေဘဲ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူလူထုတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်စေရန်၊ မြို့နယ်နှင့် ကျေးရွာအလိုက် လိုအပ်သည့်လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ဆောင်ရွက်စေရန်  ဥပဒေ၏ အခန်း (၅) ပုဒ်မ ၈ (ဌ )တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။

ထို့ပြင် လုပ်ငန်းဆောင်ရွက်သည့်အခါ ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်အကောင်အထည်ဖော်နိုင်ရန် ဥပဒေပုဒ်မ ၈ (ထ )တွင် ဖော်ပြပါအတိုင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိ ရပါသည်။  “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်များ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော  အဖွဲ့အစည်းများနှင့်    ညှိနှိုင်းပူးပေါင်း    ဆောင်ရွက်ရန်”။

ဥပဒေပုဒ်မ ၈ (ဏ)တွင်လည်း “ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဝန်ထမ်း များ၊ လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ သို့မဟုတ် လုပ်ငန်းအဖွဲ့များ အရည်အသွေးမြင့်မားတိုးတက်လာစေ ရေးအတွက်   ပြည်တွင်းပြည်ပ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊  နှီးနှောဖလှယ်ပွဲများ၊ နည်းပညာပြပွဲများနှင့် လေ့လာရေးခရီးများ စီစဉ်ဆောင်ရွက်ပေးရန်” ပြဋ္ဌာန်းထားခြင်းမှာ ကျေးလက်ဒေသနေပြည်သူ လူထုအပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက်   ဆောင်ရွက်ပေးမည့် လူ့စွမ်းအား အရင်းအမြစ်များ     ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဆောင်ရွက်ပေးရန် စီမံထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဘဏ္ဍာရန်ပုံငွေအရင်းအနှီးများ

“ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဖြစ်စေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဖြစ်စေ၊ နိုင်ငံတကာအကူအညီ  အထောက်အပံ့များဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊  အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကများ၏ အကူအညီနှင့်  ဒေသခံပြည်သူလူထုထည့်ဝင်ငွေများ ပါဝင် ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  ဆောင်ရွက်နိုင်ရန်” ဥပဒေ ပုဒ်မ ၈ (ဃ)တွင် ပြဋ္ဌာန်းထားသည်ကို  တွေ့ရှိရပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး   လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် ဒေသန္တရအစိုးရများ က ချမှတ်ပေးသည့် ရန်ပုံငွေဖြင့်ဖြစ်စေ၊ နိုင်ငံတကာ အကူအညီ အထောက်အပံ့များဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော  အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကများ၏ အကူအညီများကို ရယူ ရမည့်အပြင် သက်ဆိုင်ရာဒေသခံ ပြည်သူလူထုကလည်း ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ဖြင့်   ထည့်ဝင်ကြရမည် ဖြစ်ပါသည်။ ထိုသို့ ဘက်စုံအင်အားဖြင့် တွန်းပို့ပေးခြင်းဖြင့် ကျေးလက်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည်ရှေ့သို့ ရွေ့လာမည်ဖြစ်ပါသည်။

ဘဏ္ဍာရန်ပုံငွေလေလွင့်ဆုံးရှုံးမှု   မရှိစေရန် ကိုင်တွယ်သုံးစွဲနည်းကို ဥပဒေအခန်း(၁၁) ဘဏ္ဍာရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့်  စာရင်းစစ်ဆေးခြင်းအခန်းတွင်  အောက်ပါအတိုင်း တိကျပြည့်စုံစွာ ပြဋ္ဌာန်းထားရှိသည်ကို တွေ့ရှိရပါသည်−

ပုဒ်မ ၃၄ ။ ဝန်ကြီးဌာနနှင့်   ဦးစီးဌာနတို့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက်  ခွင့်ပြုဘဏ္ဍာရန်ပုံ ငွေများကို  ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲရမည်။

ပုဒ်မ ၃၅ ။ ဝန်ကြီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပအကူအညီ အထောက် အပံ့အဖြစ် ရရှိသော နိုင်ငံခြားသုံးငွေ အပါအဝင် ငွေကြေးနှင့် ပစ္စည်းများကို လက်ခံခြင်း၊ ထိန်းသိမ်းခြင်းနှင့် အသုံး ပြုခြင်းတို့ကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်  ညှိနှိုင်းပြီး အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက် ဖြင့် ဆောင်ရွက်ရမည်။

ပုဒ်မ ၃၆ ။ ဦးစီးဌာနသည်ပုဒ်မ ၃၅အရ ပြည်တွင်း ပြည်ပအကူအညီအထောက်အပံ့အဖြစ် ရရှိသော နိုင်ငံခြားသုံးငွေ အပါအဝင် ငွေကြေးများကို သတ်မှတ်ချက်များ အတိုင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သီးခြားဘဏ်စာရင်း ဖွင့်လှစ်၍  ဥပဒေ နှင့်အညီ လိုက်နာသုံးစွဲဆောင်ရွက်ရမည်။

ပုဒ်မ ၃၇ ။ ဦးစီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းများအတွက် သက်ဆိုင်ရာ ခွင့်ပြုချက် ရရှိပြီးသည့် တိုက်ရိုက်ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ဒေသခံပြည်သူများသို့ တိုက်ရိုက်လွှဲပြောင်းပေးအပ်ဆောင်ရွက် စေ၍ ငွေကြေးသုံးစွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ရမည်။

ပုဒ်မ၃၈ ။ ဦးစီးဌာနသည် သက်ဆိုင်ရာကျေးရွာ လုပ်ငန်းကော်မတီသို့မဟုတ် လုပ်ငန်း အဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက် သည့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသုံး စရိတ်  ရှင်းတမ်းများကို   သတ်မှတ်သည့်  ကာလအပိုင်းအခြားဖြင့်အများ မြင်သာသည့်နေရာတွင်  ဖော်ပြနိုင်ရေး အတွက် စီမံဆောင်ရွက်ရမည်။

ပုဒ်မ ၃၉ ။ ဦးစီးဌာနအပါအဝင်    ဤဥပဒေအရ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် လုပ်ငန်းကော်မတီ၊   ဆပ်ကော်မတီနှင့် လုပ်ငန်းအဖွဲ့များသည်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ငွေကြေး နှင့်ပစ္စည်းများ  ရရှိသုံးစွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏    စာရင်းစစ်ဆေးခြင်း ခံယူရမည်။

ထို့အပြင် အခန်း(၁၃ ) အထွေထွေခန်းတွင် 

ပုဒ်မ ၄၅  ။ ဦးစီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍  ပြည် တွင်း ပြည်ပအကူအညီ  အထောက်အပံ့ဖြင့် ရရှိသည့်  ငွေကြေး၊   ပစ္စည်းသုံးစွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကို  ထုတ်ပြန် ကြေညာရမည်။

ပုဒ်မ ၄၆  ။ မည်သူမဆို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဆိုင်ရာ ပစ္စည်း သို့မဟုတ် ငွေကြေးကို အလွဲသုံးစားပြုလျှင်  ထိုသူကိုတည်ဆဲဥပဒေအရ အရေးယူရမည်ဟု ပွင့်လင်းမြင်သာမှုနှင့် လုံခြုံမှုတို့အတွက်  ပြဋ္ဌာန်းချက်များ ပါရှိသည်ကိုလည်း တွေ့ရှိရပါသည်။     

(ဆက်လက်ဖော်ပြပါမည်)