နိုဝင်ဘာ

ကလေးတို့အားလုံး မင်္ဂလာရှိတဲ့ သီတင်းကျွတ်ပွဲတော်ရက်ကလေးတွေဖြတ်ကျော်ခဲ့ကြပြီနော်။ ဒီတစ်ပတ်မှာတော့ ကလေးတို့ကို သီတင်းကျွတ်လမှာ လှိုင်လှိုင်ပွင့်လေ့ရှိပြီး အားလုံးသဘောကျမယ်ထင်တဲ့ ပန်းအမျိုးအစားလေး တစ်မျိုးကို ပြောပြချင်ပါတယ်။

အဲဒီပန်းကလေးတွေက အခြားပန်းတွေနဲ့ မတူပါဘူး။ သူက ရေထဲမှာပဲ ပွင့်တဲ့ပန်း ကလေးဖြစ်ပါတယ်။ သူ့ကို ကြာပန်းလို့ ခေါ်ပါတယ်။ မြို့ကြီးတွေမှာနေတဲ့သားသား၊ မီးမီးတို့ကတော့ ကြာပန်းကလေးတွေနဲ့ စိမ်းနေကြမှာပေါ့။ ကျေးလက်နဲ့ အခြားမြို့ တွေမှာနေကြတဲ့ကလေးလေးတွေ၊ သဘာဝ ရေကန်ကြီးတွေအနီးမှာ နေတဲ့ကလေးတို့ ကတော့ ကြာပန်းနဲ့ရင်းနှီးကြမယ်လို့ မမက ထင်ပါတယ်။

ကြာပန်းကို အလေးအမြတ်ထား

အိန္ဒိယက ရှေးဟောင်းကျမ်းတွေထဲမှာ တော့ ဒီကမ္ဘာကြီးရဲ့ မူလအစက ပွင့်ချပ် ၁၀၀၀ ပါတဲ့ ကြာပန်းကြီးတစ်ပွင့် ရှိခဲ့သတဲ့။ အဲဒီကြာပန်းကြီးကနေ ကမ္ဘာ့လူသားတွေရဲ့အစ ဗြဟ္မာကြီးနဲ့ သူ့ကြင်ရာတော် ထွက်လာခဲ့တယ်ဆိုပြီး ပါပါတယ်။ ကြာပန်းက ဗုဒ္ဓဘာသာဝင်တွေအတွက်လည်း အထွတ်အမြတ် ပန်းတစ်ခုဖြစ်ပြီး ဘုရားဖြစ်တော် မမူခင် သုမေဓာရသေ့ကြီးဘဝတုန်းက ကြာပန်းကို ဒီပင်္ကရာမြတ်စွာဘုရားထံ ကပ်လှူပြီး ဘုရားဆုပန်ခဲ့သတဲ့။ မမတို့ မြန်မာဘုရင်တွေ လက်ထက်ကလည်း ကြာပန်းကို အလေးအမြတ်ထားခဲ့ပါတယ်။ မြဝတီမင်းကြီးဦးစရဲ့ ရွှေဘုံနိဒါန်းမှာ ကြာပန်းကို ဘေးအန္တရာယ်ကင်းတဲ့အနေနဲ့ ဘုရင်တွေရဲ့ ပလ္လင်တွေမှာ ကြာပန်း၊ ကြာပွင့်၊ ကြာချပ်တွေကို ထည့်သွင်းထုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ကြာပန်းဆိုတာက ရေကန်တွေမှာအများ စုပေါက်ရောက်ကြပါတယ်။ ရေကန်ရဲ့ ဟိုးအောက်ခြေရွှံ့တွေထဲမှာ ကြာပင်တွေရှိတာ ပေါ့။ ကြာပင်တွေကနေ ရိုးတံရှည်တွေဟာ ရေမျက်နှာပြင်အပေါ်ထိ တက်လာပြီး ကြာဖူးတွေ ဖူးတယ်၊ ကြာရွက်တွေ ထွက်တယ်။ ကြာပန်းတွေက ရောင်စုံရှိပြီး ပုံသဏ္ဌာန် အားဖြင့်လည်း အမျိုးမျိုးရှိပါတယ်။ မမတို့ အများဆုံးမြင်တွေ့ရနိုင်တဲ့ ကိုယ့်နိုင်ငံမှာရှိတဲ့ ကြာတွေက ပဒုမ္မာကြာ၊ ကြာနီ၊ ကြာညို။ ကြာခေါင်းလောင်း၊ ကုမုဒြာကြာ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။

 

သီတင်းကျွတ် 2

 

အသုံးဝင်တဲ့ အပင်

ကြာပင်က မမတို့ လူသားတွေအတွက် သိပ်ကိုအသုံးဝင်တဲ့ အပင်လည်းဖြစ်ပါတယ်။ ကြာရွက်တွေကို ဖက်အဖြစ် အသုံးပြုနိုင်သလို၊ ကြာရိုးတွေကနေ ကြာချည်မျှင်တွေ ထုတ်လုပ် ကြပါတယ်။ ကြာစေ့က အလွန်စားကောင်းပြီး သူ့အထဲက အစိမ်းရောင်အဆန်လေးကတော့ သိပ်ကိုခါးပါတယ်။ အဲဒီလို ကြာစေ့တွေစုနေတာကို ကြာခွက်လို့ခေါ်ပြီး မမကတော့ ကြာခွက်ရောင်းတာမြင်ရင် အပြေးအလွှား သွားဝယ်စားပစ်တာပဲ။ ကြာပွင့်ဝတ်ဆံတွေ၊ ကြာပွင့်ချပ်တွေကနေ အဆီထုတ်ပြီး ရနံ့ယူကြတာလည်း ရှိတာပေါ့။ ဒါကြောင့် ကြာပန်းလေး တွေဟာ တစ်ပင်လုံး အသုံးဝင်တဲ့ပန်းပင်လေးပဲပေါ့။

အချို့ကြာပန်းတွေက လူမျက်နှာထက် တောင်ကြီးကြပြီး အပွင့်ရဲ့ သက်တမ်းကလည်းလနဲ့ချီပြီး ကြာရှည်ပါတယ်။ ကြာပန်းလေး တွေရဲ့ ထူးခြားချက်ကတော့ နေရောင်ကို ကြိုက်တဲ့ကြာပန်းနဲ့ နေရောင်ကို လုံးဝမကြိုက်တဲ့ ကြာပန်းဆိုပြီး ရှိတာဖြစ်ပါတယ်။ အချို့ ကြာပန်းတွေဟာ ညဦးယံမှာ စတင်ပွင့်အာလာ ကြပါတယ်။ တစ်ညလုံး အစွမ်းကုန်ပွင့်ပြီး မနက်မိုးသောက်လို့ နေရောင်ရင့်လာတာနဲ့အမျှ ပြန်ပြီးဖူးသွားတတ်ကြတယ်။ အချို့ကြာပန်းတွေကညသန်းခေါင်ယံမှ ပွင့်လေ့ရှိပြီး မနက်အရုဏ်တက်တာနဲ့ ပြန်ဖူးငုံသွားကြပါတယ်။ အချို့ကြာပန်းတွေကတော့ မနက်အရုဏ်တက်ချိန်မှာ ပွင့်ဖူးလာပြီး နေရောင် ကွယ်တာနဲ့ ပြန်လည်ဖူးငုံသွားကြပြန်ပါတယ်။ ဒါပေမယ့် ကြာပန်းအားလုံးမှာ တူညီတာကတော့ ချစ်စရာကောင်းပြီး အနံ့ သင်းသင်း ရှိတတ်ကြတာပါပဲ။ ကလေးတို့ လည်း ကြာပန်းလေးတွေကို ချစ်တတ်ကြ ပါစေလို့ မမက ဆုတောင်းပြီး သီတင်းကျွတ်လမှာ လှိုင်လှိုင် ပွင့်တတ်တဲ့ ကြာပန်းလေး တွေအကြောင်း မိတ်ဆက်ပေးလိုက်ပါပြီ။

ကေ-ဂျူးဝယ်လ်