ဘဂ္ဂဒတ်  ၁    နိုဝင်ဘာ

           

အီရတ်နိုင်ငံတောင်ပိုင်း၌ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာ လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရပ်ကွက်များက ပြောသည်။

           

ဘဂ္ဂဒတ်မြို့တော်၏ တောင်ဘက် မိုင် ၁၇၀ ခန့်အကွာ ဆာမာဝါမြို့အနီး ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

           

ယခင်က ယိုစမ့်မှုများရှိခဲ့သည့် ဓာတ်ငွေ့ပိုက်လိုင်းနေရာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။ မီးသတ်သမားများက ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ပြီးနောက် မီးလောင်ကျွမ်းမှုကို ထိန်းချုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

           

ပျက်စီးသွားသော ပိုက်လိုင်းနေရာပြုပြင်ရန် နည်းပညာဆိုင်ရာ ဝန်ထမ်းများ စေလွှတ်ခဲ့ကြောင်း ရေနံလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောကြားခဲ့သည်။

 

ဓာတ်အားပေးရုံများသို့ ဓာတ်ငွေ့ပေးပို့မှု မပြတ်တောက်စေရန် အစားထိုးပိုက်လိုင်းတစ်ခုဖြင့် လာမည့် နာရီအနည်းငယ်အတွင်း ဓာတ်ငွေ့ပေးပို့မှု ပြန်လည်စတင်မည်ဖြစ်သည်။

 

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ခဲ့ကြောင်း ရေနံ လုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟာမက်ယူနစ်အား ကိုးကား၍ ထုတ်ပြန်ချက်က ဖော်ပြသည်။

 

ပြည်တွင်းသုံး ဓာတ်ငွေ့ပိုက်လိုင်းက တောင်ပိုင်းရှိ မြို့ကြီးအချို့နှင့် ဘဂ္ဂဒတ်မြို့အနီးရှိ အဓိကကျသော ဓာတ်အားပေးစက်ရုံတစ်ခုသို့ ဓာတ်ငွေ့များ ပေးပို့နေကြောင်း အီရတ် စွမ်းအင်ဆိုင်ရာ တာဝန်ရှိသူများက ပြော သည်။

 

ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အီရတ်နိုင်ငံ၏ ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် သက်ရောက်မှုမရှိခဲ့ကြောင်း တာဝန်ရှိသူနှစ်ဦးက ပြောသည်။

 

ကိုးကား--Global News