ဆူးငှက်

 

ကုန်လွန်ခဲ့သောနှစ် ၅၀ ကျော် ကာလ။ လူပျိုပေါက်စ အရွယ်တိုင်အောင် လူကြီးမိဘမပါဘဲ ဘယ်ခရီးမှ မလွှတ်ဖူးသော အစဉ်အလာကြောင့် တန်ဆောင်မုန်းလ၏ အခါသမယအချိန်အခါ ကထိန်ပွဲတော်အဖြစ် မိဘများနှင့်အတူ လိုက်ပါရခြင်းက စစ်ကိုင်းတောင်သို့ ပထမဦးဆုံး ရောက်ဖူးခဲ့ခြင်းဖြစ်သည်။

 

ဆွမ်းဦးပုညရှင်စေတီအတက် မဟာဂန္ဓာရုံချောင်၏အစွန်ရှိ ကမ္မဋ္ဌာန်းကျောင်းလေး တစ်ကျောင်းတွင် တည်းခိုရတော့ ကမ္မဋ္ဌာန်းကျောင်းလေးက ဆွမ်းဦးပုညရှင်စေတီအတက် ခြင်္သေ့တစ်ကောင် စောင်းတန်းနှင့် နီးကပ်နေသည်။ ကထိန်ပွဲနှင့်လိုက်ပါလာသော လူကြီးတွေက အထုပ်အပိုးချပြီးသည်နှင့် ဝေယျာဝစ္စ အလုပ်တွေကပေါ်လာတော့သည်။ လှူဖွယ်ပစ္စည်းတွေ ပြင်ဆင်ရမည်။ ချက်ဖို့ပြုတ်ဖို့ ဈေးဝယ်ရမည်။ မီးဖိုကိစ္စ စီစဉ်ရမည်။ အို ... အလုပ်တွေကမနားနိုင်တော့၊ ပြောကြ၊ ဆိုကြ၊ အော်ကြဟစ်ကြနှင့် ပျားပန်းခတ် ဇယ်စက်သလို လုပ်ကိုင်နေကြတော့ ကျွန်တော့်အတွက် နေရာမရှိ။ အလုပ်ရှုပ် ပြေးလွှားနေကြရသော လူကြီးနောက် တကောက်ကောက် လိုက်နေလို့လည်းမဖြစ်။ သည်တော့လည်း ဘာသိဘာသာ ဟိုနားရပ်လိုက်၊ သည်နားထိုင်လိုက်။ ဟိုရေကန်ငုံ့ကြည့်လိုက်၊ ဒီသစ်ပင် မော့ကြည့်လိုက်ပဲပေါ့။ နောက်တော့ နေရာတစ်နေရာမှာ ဣန္ဒြေရသွားသည်။ ဒါက တည်းခိုသည့် ကမ္မဋ္ဌာန်းကျောင်းလေးက အထက်ဘက်ရှိ ခြင်္သေ့တစ်ကောင် စောင်းတန်းလေးဆီ သွားကာ အုတ်ခုံလေးပေါ်ထိုင်ရင်း စောင်းတန်းတစ်လျှောက်က တက်ချည်၊ ဆင်းချည်ဘုရားဖူးတွေကို ထိုင်ကြည့်နေရုံပဲပေါ့။

 

တန်ဆောင်မုန်းလရာသီ

 

ထိုစဉ် ထိုကာလ တန်ဆောင်မုန်းလရာသီက မန္တလေးတစ်မြို့လုံး စစ်ကိုင်းတောင်ပေါ် ရွှေ့လာလေသလား ထင်မှတ်မှားရလောက်အောင် စည်ကားသည်။ တန်ဆောင်မုန်းလဆန်း ၁၃ ရက်ဆိုတော့ ဧည့်တွေလည်း သွင်သွင်ကျလာပြီပေါ့။ နောက်ရက် အဖိတ်နေ့မှာလည်း ပိုမို စည်ကားဦးမည်။ လပြည့်နေ့ ညနေရောက်မှ ဖြည်းဖြည်းချင်း ပြန်လျော့သွားသည့် အစဉ်အလာဖြစ်၏။ ခြင်္သေ့တစ်ကောင် စောင်းတန်း၏ အုတ်ခုံလေးပေါ်မှာ ထိုင်ရင်း ဘုရားဖူးတွေကို ငေးကာ အတွေးတွေသီရတာ အရသာရှိလှသည်။ လွတ်လပ်အေးချမ်းလှသည်။ တက်လာသော ဘုရားဖူးတွေကိုကြည့်ရင်း မန္တလေး ဘယ်အရပ်၊ ဘယ်ဝင်းကဖြစ်မလဲဆိုတာ ခန့်မှန်းရတာလည်း ပျော်စရာကောင်းလှသည်။ သူတို့အပြောအဆို သူတို့စကားတွေထဲမှာပင် သူတို့လိပ်စာတွေက ပါလာတတ်သေး၏။ အုတ်ခုံလေးမှာထိုင်ရင်း အတော်ကြာလာလို့ပျင်းလာတော့ သူတို့နှင့်အတူ အပေါ်သို့ တက်လိုက်သွားဖြစ်၏။ အပေါ်မှာ မင်္ဂလာအေးစေတီရှိသည်။ စေတီ၏ ဂန္ဓကုဋိတိုက်က အတွင်းပိုင်းတစ်ခုလုံး လက်ရာမြောက် မှန်စီရွှေချတွေ အပြည့်စီထားသည်။ အတွင်းမှာ အရွယ်လတ်လူငယ် တစ်စုက ယောဂီဝတ်စုံများနှင့် ဘုရားပန်းတွေလဲနေကြသည်။ ဗုဒ္ဓဝေယျာဝစ္စတွေ ဆောင်ရွက်နေကြသည်။ ကျွန်တော်က ဘုရားပရိဝုဏ်ဘေး တရုတ်စကားပင်အောက်... တစ်ပွင့်ချင်း ကြွေကျနေသော တရုတ်စကားပွင့် ခပ်လတ်လတ်တွေကိုကောက်ရင်း လွတ်လပ်အေးချမ်းခြင်း၏ သဘာဝကို နှစ်ခြိုက်နေမိသည်။ ထိုနေရာလေးက တော်တော်နှင့် မပြန်မိ .....။

 

စေတီလေးရင်ပြင်မှာ ဆောင်းဦးပေါက်လေက သွေးသည်။ တရုတ်စကားပွင့်တို့ ရနံ့သင်းသင်းက မွှေးသည်။ ထိုအထိအတွေ့ မြင်ကွင်းနှင့် ရနံ့က နင့်နင့်နဲနဲခံစားလိုက်ရ၏။ ထိုနေ့က ညနေမှောင်ရီပျိုးကာမှ စေတီလေးရင်ပြင်က ပြန်ခဲ့သည်။ စောင်းတန်းကဆင်း ကမ္မဋ္ဌာန်းကျောင်း လေးဆီမရောက်မီ တရုတ်စကားပင်တန်းအောက်မှာ တစ်ခဏမျှခိုနေမိသေး...။ မွှေးမြအေးချမ်းလိုက်ပုံလေ။ လူကြီးတွေက ညနေစာစားဖို့ မျှော်လို့ ....။

 

တရုတ်စကားပွင့်ရနံ့သင်းသင်း

 

နောက်နေ့ လပြည့်အဖိတ်မှာတော့ ခြင်္သေ့တစ်ကောင် စောင်းတန်းမှာ လူပိုစည်လာသည်။ စောင်းတန်း တစ်လျှောက် ကြိတ်ကြိတ်တိုးနေတော့၏။ သည်အထဲရေခဲချောင်း၊ ရေခဲမုန့်သည်၏ ကလိုင်သံက အဆက်မပြတ်..။ မင်္ဂလာအေးစေတီ၏ ဘုရားပရိဝုဏ်မှာ ပိုမိုကျပ်ညပ်နေသည်။ မနေ့ကလို တရုတ်စကားပင်အောက်က တရုတ်စကားပွင့်ရနံ့သင်းသင်းနှင့် အေးချမ်းခြင်း ရသကို စွဲမက်ဖွယ် ခံစားချင်နေသေးသည်။ ထို့ကြောင့် ကထိန်တရားနာပြီးတာနှင့် မဟာဂန္ဓာရုံချောင်၏ အနီးအနားဝန်းကျင်ကို တစ်ယောက်တည်းခြေဆန့်မိပြန်၏။ လူကြီးတွေက “မနေ့ကလို မိုးချုပ်မနေ နဲ့နော်” ဟု မှာလိုက်သေးသည်။ ချောင်၏အနောက်ဘက် ကျောင်းတစ်ကျောင်းဘေးက အုတ်လမ်းလေးအတိုင်း ဘယ်ဆီရောက်မည်မှန်း မသိဘဲသွားမိသည်။ အုတ်လမ်းလေးက ကွေ့ဝိုက်ပြီး ဘုန်းကြီးကျောင်းတိုက် တစ်တိုက်ဆီသို့ ဦးတည်သည်။ ကံကောင်းလေသည်လားမသိ။ ကွေ့ပိုက်ဆင်းသွားသော အုတ်လမ်းလေးအဆုံး တရုတ်စကားပင်တန်းတစ်တန်းကို ဘွားခနဲ တွေ့လိုက်ရတော့ အံ့အားလည်းသင့်၊ ဝမ်းလည်းသာသွားသည်။

 

ဘုန်းကြီးကျောင်းဝင်းဆိုတော့ ခြင်္သေ့တစ်ကောင် စောင်းတန်းမှာလို လူမရှုပ်။ ကထိန်ခင်းမိသားစုတစ်စု လောက်သာ သိမ်ကျောင်းထဲမှာတွေ့နေရသည်။ တကယ်တော့ အခုလို တရုတ်စကားပင်တန်းကိုတွေ့တာ ထိုစဉ်က ကံကောင်းလိုက်တာဟု အောက်မေ့ခဲ့တာက အခုတော့ ရယ်မောစရာဖြစ်ခဲ့ပြီ။ စစ်ကိုင်းတောင်မှာ ဘယ်နေရာ ဘယ်ချောင်၊ ဘယ်လမ်း၊ ဘယ်ဘုရားသွားသွား.. တရုတ်စကားပင်အုပ်၊ တရုတ်စကားပင်တန်းနှင့် မလွတ်လေသည်ကို ထိုစဉ်ကမသိ ...။ ထားတော့ ...။

 

တိလောကဂုရုချောင်

 

ထိုစဉ်က တရုတ်စကားပင်တန်းနှင့်တွေ့တာ ကံကောင်းသည်ဟုမှတ်နေသော်လည်း ယခုမှ ပြန်လှန်စဉ်းစား၍ ကံမကောင်းလေသည်က ထိုတရုတ်စကားပင်တန်းနှင့် တူရူတောင်ကမ်းပါးယံတွင် အင်းဝခေတ် နံရံဆေးရေးပန်းချီတွေ တစုတဝေးတည်းရှိရာ တိလောကဂုရုလိုဏ်ဂူတော်ကြီး ရှိမှန်း မသိခဲ့လေခြင်းဖြစ်သည်။ ယခုတရုတ်စကားပင်တွေရှိရာ ဘုန်းကြီးကျောင်းဝင်းကြီးကလည်း “တိလောက ဂုရုချောင်” ဆိုတာ ထိုစဉ်ကမသိခဲ့...။

 

သိမ်ကျောင်းကြီးဘေးမှာ ရာမညောင်ပင်ကြီးရှိသည်။ ညောင်ပင်ကြီးနှင့်မလှမ်းမကမ်း တိလောကဂုရုလိုဏ်ဂူတော်ရှေ့မှာ တရုတ်စကားပင်တန်းရှိသည်။ အေးမြသန့်ရှင်းသော ဘုန်းကြီးကျောင်း မြေပေါ်တရုတ်စကားပင်တို့ နေပြောက်မထိုးစတမ်း အကိုင်းအခက်အရွက်ချင်း ယှက်နေကြ၏။

 

တရုတ်စကားပွင့်တို့ တလင်းပြောင်ပြောင်မှာ ဖြုတ်ဖြုတ်ကြွေသည်။ တိတ်ဆိတ်အေးချမ်းသော ဝန်းကျင်မှာ တရုတ်စကားပွင့်ရနံ့တို့ ထုံနေ၏။ ရင်ထဲမှာ လှိုက်ဖိုစွာခံစားနေရသည်။ သည်မြေ၊ သည်ဝန်းကျင်၊ သည်မြင်ကွင်း .. သည်ရနံ့က ဂမ္ဘီရဆန်စွာ ဖမ်းစားလိုက်သည်။ မေ့မရ တော့ ...။

 

နုနယ်ညက်ပါး ... သနပ်ခါးမွှေးတယ်

 

ပထမအကြိမ် ညှို့ယူဖမ်းစားခံလိုက်ရကတည်းက တရုတ်စကားပင်ကို စွဲလမ်းသွားသည်။ စစ်ကိုင်းတောင်ရိုးကို စွဲလမ်းသွားသည်။ စစ်ကိုင်းတောင်ဟုဆိုလျှင် တရှိုက်မက်မက်၊ တမက်တမောမော တမောလျလျ ရင်ခုန် နစ်မွန်းသွားတော့သည်။ စိုးရိမ်ကြီးလွန်းသော လူကြီးမှာမို့ သူတို့နှင့်လက်လွတ် ကင်းဝေးခရီးမျိုးကို စစ်ကိုင်းတောင်မျှပင် ခွင့်မပြုလေသောအခါ တစ်နှစ်တစ်ခါ ကထိန်ရာသီကို လက်ချိုးရေတွက်စောင့်မျှော်နေမိသည်။

 

သည်လိုနှင့် ... နောက်နှစ် .. နောက်နှစ် .. တွေမှာ ..။ ကနီချောင်၊ တောတောင်ဘီလူးချောင်၊ ရေဦးတိုက်သစ်၊ အေးမြို့ကြီးချောင်၊ တစ်ပဲသာချောင်၊ ရွှေကျောင်းချောင်၊ ။ ချိုချောင် ..... စသည်ဖြင့် စစ်ကိုင်းတောင်၏ ရင်ခွင်တွင်း တိုးဝင်ပူးကပ်မိတော့ ....... ပြောမပြနိုင်လောက်အောင်ပင် စွဲလမ်းမိချေပေါ့ ...။

 

ဘုရားပရိဝုဏ်အတွင်းက တရုတ်စကားပင်၊ ကြေးညောင်ရေတကောင်တွင်းက တရုတ်စကားခက်နှင့် အပွင့် ကျောင်းဝင်းတလင်းပြင်က တရုတ်စကားပင်၊ မကန်းအုတ်လှေကားဟောင်းဘေးက တရုတ်စကားတန်း။ ... တောင်ကြောကမ်းပါးယံကြားက တရုတ်စကားအုပ်၊ စောင်းတန် တစ်ဖက်တစ်ချက်က တရုတ်စကားတော ၊ လျှိုမြောင် လမ်းကြားက တရုတ်စကားမြိုင် ..။ ကွယ်တို့ရယ် .....။ စိန်ကောင်း ကျောက်ကောင်း ရောင်းဝယ်ရာ ဆေးရှိသည် ကန့်လန့်ပါပါရစေတော့ ... “နုနယ်ညက်ပါ။ .. သနပ်ခါး မွှေးတယ်၊ ကြော့ရှင်းကေသာ... တရုတ်စကားတစ်ပွင့် ပန်တယ်၊ ကော့ရွှန်းမျက်ဝန်း၊ ဆွဲယူမွှေ့တယ်” ဆိုလေတော့ စစ်ကိုင်းတောင်ကို ဘယ့်နှယ်မေ့နိုင်တော့မှာ လေလဲ ...။

 

စိတ်ကြည်လင်အေးမြခြင်းရသ

 

နောက်တော့ .... လူကြီးတွေလက်က ကင်းလွတ်အရွယ် ရောက်ပြန်တော့ စစ်ကိုင်းဘုရားဖူး၊ စစ်ကိုင်းဆွမ်းကျွေး။ စစ်ကိုင်းကထိန်၊ စစ်ကိုင်းရဟန်းခံ သည်လိုနှင့် စစ်ကိုင်းတောင်နှင့် ပဋ္ဌာန်းဆက်ပါသွားကာ တစ်နှစ်လျှင် အနည်းဆုံး သုံးကြိမ် စစ်ကိုင်းတောင်မှာတစ်ည (သို့မဟုတ်) နှစ်ည သုံးည အိပ်ဖြစ်တော့သည်။ ရှင်ဖြူရှင်လှစောင်းတန်းအတက် “မဟာသမယချောင်” မှာ နှစ်ပေါင်းများစွာ ဆက်တိုက်။ ဒါကိုပင် စစ်ကိုင်းတောင်ကို မဝချင်လှသေး..။

 

တရုတ်စကားပွင့်တွေဝေ၊ တရုတ်စကားပွင့်တွေကြွေ၊ တရုတ်စကားရနံ့တွေသင်းနေသည့် စစ်ကိုင်းတောင်ရိုးတွင် လွတ်လပ်ခြင်း၊ အေးချမ်းခြင်း၊ ကြည်နူးနှစ်သက်ဖွယ် စိတ်ကြည်လင်အေးမြခြင်း ရသများကို တနင့်တနဲစိတ်သွားတိုင်း ကိုယ်ပါရရှိနေလို့ မိမိကိုယ်မိမိ ကံကောင်းလှဘိဟု ကျေနပ်နေမိ၏။