အင်တာဗျူး-ဟန်လင်းနိုင်၊ မျိုးသူဟိန်း ဓာတ်ပုံ-ကျော်ဇင်ထိုက်

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြသည်။

နိုဝင်ဘာ ၂ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ  မိမိမဲဆန္ဒနယ်သို့    ပြန်လည်ဆန္ဒမဲပေးခြင်း  မပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၊ တာဝန်အရ မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင်ရမည့်       မဲဆန္ဒရှင်    (နိုင်ငံ့ဝန်ထမ်း)များ၊ ရွေးကောက်ပွဲနေ့တွင်  မဲရုံသို့ လာရောက် နိုင်ခြင်းမရှိသော မဲဆန္ဒရှင်များ၊ အသက်(၆၀) နှစ်နှင့်အထက်ရှိသူများသည်    သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် မဲရုံများသို့ သွားရောက်၍ လည်းကောင်း၊  အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့     မသွားရောက်နိုင်သူများအနေဖြင့် နေအိမ်များတွင်လည်းကောင်း    ကြိုတင်ဆန္ဒမဲများကို    လျှို့ဝှက်ဆန္ဒပြုမဲပေးလျက် ရှိကြသည်။ 

ကြိုတင်ဆန္ဒမဲပေးရာတွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့်    မဲရုံများတွင် တာဝန်ထမ်းဆောင်နေသည့် တာဝန်ရှိသူများနှင့် ကြိုတင်ဆန္ဒမဲပေးကြသည့် ပြည်သူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

ဒေါ်ခိုင်စုကြည် 

(ဥက္ကဋ္ဌ၊ ဘောဂသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဇမ္ဗူသီရိမြို့နယ်)

ကျွန်မတို့ရပ်ကွက်မှာ အသက် ၆၀ နှစ် နဲ့အထက် ကြိုတင်မဲပေးခွင့်ရှိသူ ၅၇၂ ဦး ရှိပါတယ်။ ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ရမယ့်    နိုင်ငံ့ဝန်ထမ်းတွေ၊   ကျန်းမာရေး မကောင်းတဲ့သူတွေလည်း     ဒီရက်ပိုင်းမှာ ကြိုတင်မဲပေးတာရှိပါတယ်။    ဒီနေ့အထိ ကြိုတင်မဲလာပေးတာ တစ်ထောင်ကျော်ရှိပါပြီ။  ပြည်သူတွေအနေနဲ့ မဲပေးဖို့ကို စိတ်ဝင်စားမှုရှိပြီး အားတက်သရော မဲလာပေးကြတာကို တွေ့ရပါတယ်။    လာရောက်မဲပေးသူတွေကို တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာပြီး စနစ်တကျ မဲပေးနိုင်ဖို့၊  လက်သန့်စင်ဆေးရည်နဲ့ လက်ဆေးနိုင်ဖို့တွေကိုလည်း  ဆောင်ရွက် ပေးထားပါတယ်။ နှာခေါင်းစည်းမပါသူတွေ ကို    နှာခေါင်းစည်း   ဖြန့်ဝေပေးပါတယ်။  ကြိုတင်မဲပေးသူတွေ   စနစ်တကျ မဲပေးနိုင် အောင်    စီမံဆောင်ရွက်ပေးထားပါတယ်။     ကျွန်မတို့မြို့နယ်မှာ      မဲပေးခွင့်ရှိသူပေါင်း တစ်သောင်းကျော်ရှိပြီး       မဲရုံ ၆ ရုံရှိတော့ လုပ်ငန်းကြန့်ကြာမှုမရှိအောင်နဲ့ အချိန်မီပြီးစီးအောင် စေတနာ့ဝန်ထမ်းတွေ    ခေါ်ထားပြီး ကြိုတင်မဲပေးရာမှာ      အဆင်ပြေဖို့အတွက် မဲစာရင်းရှာပေးဖို့၊  လက်သန့်စင်ဆေးရည် ဖျန်းပေးဖို့၊ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာပြီး နေအောင် ဆော်ဩဖို့၊  မဲပေးတဲ့လုပ်ငန်းစဉ်ကို   ရှင်းပြပေးဖို့ဆိုပြီး တာဝန်ခွဲဝေပေးထားပါတယ်။  

မဝေမွန်သွယ်(မဲဆန္ဒရှင်၊ နယ်မြေ(၉)၊ ရန်အောင်(၂)ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်)

ကျွန်မက ကျန်းမာရေးအခြေအနေအရ အိမ်မှာပဲ ကြိုတင်ဆန္ဒမဲပေးတာဖြစ်ပါတယ်။  ကျွန်မတို့လို ကျန်းမာရေးမကောင်းတဲ့သူတွေ အနေနဲ့ ကိုဗစ်ကာလမှာ မဲရုံသွားပြီး မဲပေးဖို့ အဆင်မပြေပါဘူး။   အခုလို အိမ်အရောက် ဆန္ဒမဲပေးခွင့်ရအောင် စီစဉ်ပေးတာ အများကြီး အဆင်ပြေပါတယ်။ ဒီအတွက်လည်း တာဝန် ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ မဲပေးရတာ လွတ်လွတ်လပ်လပ်ရှိပါတယ်။ ကိုယ်နှစ်သက် တဲ့ ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက် မဲပေးခွင့်ရပါတယ်။ ကျွန်မအနေနဲ့ ကျန်းမာရေး မကောင်းပေမယ့် မဲပေးနိုင်ဖို့     တော်တော်ဆန္ဒရှိခဲ့တယ်။  ပြည်သူတစ်ယောက်အနေနဲ့ မဲပေးခွင့်ရတဲ့အပေါ်    ဝမ်းသာကျေနပ်မိပါတယ်။

မနုနုလွင်( မဲဆန္ဒရှင်၊ ရွှေကြာပင်ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)

ကျွန်မက ကိုယ်ဝန်သည်ဖြစ်တဲ့အတွက် ကြိုတင်မဲလာပေးတာဖြစ်ပါတယ်။ ကျွန်မရဲ့ ဇာတိက ဧရာဝတီတိုင်းဒေသကြီးက ဖြစ်ပါတယ်။ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာပါ။ မဲပေးတဲ့ကာလမှာ ဧရာဝတီတိုင်းဒေသကြီးကို   ပြန်ပေးဖို့   စီစဉ်ထားပေမယ့် ကိုဗစ်ရောဂါအခြေအနေတွေကြောင့် ပြန်လို့ မရတဲ့အတွက်  နေပြည်တော်မှာပဲ မဲပေးနိုင်ဖို့   လုပ်ခဲ့ပါတယ်။  မဲပေးတဲ့အခါမှာလည်း လွတ်လွတ်လပ်လပ် မဲပေးခဲ့ရပါတယ်။ မဲပေး တဲ့အခါမှာ   နားမလည်တာရှိရင်   မေးနိုင်ဖို့၊ စနစ်တကျဖြစ်ဖို့အတွက် တာဝန်ရှိသူ တစ်ယောက်က   အရန်သင့်စောင့်ပေးနေပါတယ်။ မဲပေးတဲ့အဆင့်ဆင့်မှာ မှားယွင်းမှုမရှိအောင်  အချိန်ယူပြီး သေချာမဲပေးခဲ့ပါတယ်။  မဲရုံ အဝင်၊  အထွက်မှာ   လက်ဆေးရပါတယ်။      နှာခေါင်းစည်းတွေလည်း အဆင်သင့်ထားပေးထားတယ်။  လွတ်လွတ်လပ်လပ်  မဲပေးခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ 

ဒေါ်သန်း(မဲဆန္ဒရှင်၊ ဇေယျာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)

အဘွားက လွှတ်တော်ဝင်းအိမ်ရာမှာနေ ပါတယ်။ အသက် ၆၀ ကျော်လို့ မဲလာပေးတာဖြစ်ပါတယ်။ အခုလို မဲပေးခွင့်ရတဲ့အတွက် နိုင်ငံသားတစ်ဦးအနေနဲ့     တာဝန်ကျေပွန်  တယ်လို့ ခံစားရပါတယ်။ အဘွားက အသက် ကြီးနေပြီဆိုပေမယ့် တိုင်းပြည်အကျိုးသယ်ပိုး ပေးမယ့်သူတွေကို အခုလိုမဲပေးရွေးချယ်ခွင့် ရတဲ့အတွက် ပီတိဖြစ်တယ်။ တခြား မဲပေးခွင့်  ရှိသူတွေလည်း မဲလာပေးကြဖို့ အဘွားအနေနဲ့ တိုက်တွန်းချင်ပါတယ်။    အဘွားသက်တမ်း တစ်လျှောက် သုံးကြိမ်၊ လေးကြိမ်ပဲ မဲပေးတာနဲ့ ကြုံခဲ့ရသေးတယ်။   မဲပေးပိုင်ခွင့်ရှိသူ တစ်ယောက်  မဲပေးတာဟာ   မိမိတိုင်းပြည်ကို      အုတ်တစ်ချပ်၊     သဲတစ်ပွင့်အဖြစ် ပြန်လည်အလုပ်အကျွေးပြုတာပဲ     ဖြစ်ပါတယ်။

ဦးထွန်းထွန်း(မဲဆန္ဒရှင်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)

ကျွန်တော်က  မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တစ်ယောက်အနေနဲ့ မဲလာပေးတာ ဖြစ်ပါတယ်။ ကျွန်တော်က ရန်ကုန်မြို့ကနေ  နေပြည်တော်ကို    အလုပ်ကိစ္စနဲ့လာရင်း ကိုဗစ်-၁၉ ဆိုင်ရာ   ကန့်သတ်ချက်ကြောင့် နေပြည်တော်မှာပဲ ဆက်နေဖြစ်သွားတယ်။  ဒီလိုမဲပေးဖို့     လျှောက်လွှာတင်တာတွေ လုပ်တဲ့အခါမှာလည်း လွယ်ကူမှုရှိပါတယ်။ အခက်အခဲမရှိပါဘူး။ မဲပေးတဲ့အခါမှာလည်း လွတ်လွတ်လပ်လပ်ရှိပြီး အားလုံးအဆင်ပြေ ပါတယ်။ မဲပေးရာမှာ လိုအပ်တဲ့ လုပ်ငန်းစဉ် တွေ မေးမြန်းရာမှာလည်း တာဝန်ရှိသူတွေက သေချာရှင်းပြပေးပါတယ်။ မဲရုံမှာ ကျန်းမာရေးအရ   ကြိုတင်ကာကွယ်မှုအနေနဲ့   Social Distancing ဆောင်ရွက်ထားရှိတာ၊ လက်သန့် ဆေးရည်ဖျန်းပေးတာ၊   နှာခေါင်းစည်းတွေ ဖြန့်ဝေပေးတာကို တွေ့ရပါတယ်။