အေးကြွယ်
မကြာသေးမီက စာအုပ်ထုတ်ဝေရေးလုပ်ငန်းများအတွက် အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီက စီစဉ်ကျင်းပပေးခဲ့သည်။ ဆွေးနွေးပွဲခေါင်းစဉ်ကို “ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့”ဟု အမည်တပ်ထားသည့်အတွက် စာပေနှင့် နှီးနွှယ်ပတ်သက်နေကြသူများ၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များက စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည်။ အမှန်အတိုင်းပြောရလျှင် ယနေ့အချိန်၌ ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်းများ တစ်နေ့တခြား ကြီးထွားလျက်ရှိပြီး အသုံးပြုမှုများပြားလာသည့်အတွက် ယခုကဲ့သို့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများ စီစဉ်ကျင်းပပေးမှုသည် အခြေအနေ၊ အချိန်အခါနှင့် လိုက်ဖက်လွန်းလှသည်ဟု ဆိုရမည်။
ဆွေးနွေးပွဲတွင် ဆွေးနွေးကြသည့် အကြောင်းအရာများက စိတ်ဝင်စားဖွယ် ကောင်းလှ၏။ နိုင်ငံတကာတွင် ထုတ်ဝေနေသော စာအုပ်များကို ပြည်တွင်းစာဖတ် ပရိသတ်များက မှာယူနိုင်မည့်နည်းလမ်းများ၊ မှာယူရာတွင် သိထားရမည့် အချက်အလက်များ၊ ဒစ်ဂျစ်တယ်စာပေဆိုင်ရာ အကျိုးခံစား ခွင့်များနှင့် အခြားအခွင့်အလမ်းများ၊ စာအုပ်စာစောင် ထုတ်ဝေဖြန့်ချိရေးလုပ်ငန်းများအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ စာပေအပေါ် လူငယ်များထားရှိသည့် သဘောထားများကို ရှုထောင့်စုံမှ ဆွေးနွေး ခဲ့ကြသည်။
ပို၍စိတ်ဝင်စားစရာ ကောင်း သည်မှာ ဆွေးနွေးပွဲကို ဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)က သုတရသ စာပေအကြောင်း ဟောပြော၍ စတင်ခဲ့ခြင်းပင် ဖြစ်သည်။ ဆရာမကြီး ဟောပြော နေချိန်၌ပင် ဆွေးနွေးနေသည့် စာအုပ်အမည်နှင့် ထုတ်ဝေသည့် စာပေတိုက်များကို အွန်လိုင်းမှ စိတ်ဝင်စားစွာ ဆက်သွယ် မေးမြန်းနေကြသည်ကို တွေ့ခဲ့ရသည့်အတွက် အောင်မြင်သည့် ဆွေးနွေးပွဲ တစ်ခုဟု ဆိုနိုင်သည်။
ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စာအုပ်စာစောင် ထုတ်ဝေမှုများ
ယနေ့အချိန်တွင် ဒစ်ဂျစ်တယ် နည်းပညာနှင့် ဒစ်ဂျစ်တယ်မီဒီယာများ၏ ပြောင်းလဲတိုးတက်မှုများကို အံ့မခန်း တွေ့မြင်နေရသည်။ မည်သည့်နယ်ပယ် ကဏ္ဍပင်ဖြစ်စေ ဒစ်ဂျစ်တယ်နည်းပညာ များနှင့် ကင်းလွတ်၍မရဘဲ မဖြစ်မနေ စောင့်ကြည့်လေ့လာနေရမည့်အချိန် ဖြစ်သည်။ အားလုံးသိကြသည့်အတိုင်း ဒစ်ဂျစ်တယ်မီဒီယာ ပေါ်ပေါက်လာခြင်းကြောင့် ပုံနှိပ်မီဒီယာ သို့မဟုတ် အစဉ်အလာမီဒီယာလုပ်ငန်းများ များစွာထိခိုက် ခဲ့ကြသည်။ အထူးသဖြင့် သတင်းမီဒီယာလုပ်ငန်းများ လွန်စွာထိခိုက်ခဲ့ရပြီး အချို့သော သတင်းစာ၊ ဂျာနယ်ထုတ်ဝေမှုလုပ်ငန်းများရပ်ဆိုင်းသွားခဲ့ရသည်အထိ ရိုက်ခတ်မှုရှိခဲ့သည်။ သို့ရာတွင် ဒစ်ဂျစ်တယ်မီဒီယာ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် စာပေထုတ်ဝေမှုလုပ်ငန်းများတွင် ထိခိုက်မှုရှိခဲ့ သည်ဟု မကြားသိရဘဲ ပိုမိုတိုးတက် ဖြစ်ထွန်းလာသည်ဟုသာ သိရသည်။ သတင်း မီဒီယာလုပ်ငန်းများ၏ သဘောသဘာဝနှင့် စာအုပ်စာစောင် ထုတ်ဝေရေးလုပ်ငန်းများ၏ သဘောသဘာဝသည် မတူညီသဖြင့် အကျိုး သက်ရောက်မှုချင်းလည်း ခြားနားသည်ဟု ဆိုရမည်။ စာပေသည် အသိပညာဖြန့်ဖြူးရေး လုပ်ငန်းဖြစ်သကဲ့သို့ ဖျော်ဖြေရေးလုပ်ငန်း အသွင်လည်းဆောင်သည်။ စာပေဖန်တီးမှု လက်ရာမြောက်လျှင် မြောက်သလောက် အဖိုးတန်သည်။ ထို့ကြောင့် ဒစ်ဂျစ်တယ်မီဒီယာ ပလက် ဖောင်းများ ပြောင်းလဲတိုးတက်လာခြင်းသည် စာအုပ်ထုတ်ဝေသူများအတွက် ထိခိုက်မှုမရှိရုံသာမက ထုတ်ဝေနိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိခဲ့ကြသည်။ ယခင်က ထုတ်ဝေနေသည့် ပုံနှိပ်စာအုပ်သာမက အီလက်ထရွန် နစ်စာအုပ် (e- Book)ကိုပါ ပြောင်းလဲထုတ်ဝေ ဆောင်ရွက်နိုင်သဖြင့်လည်း ယခင်ထက် အခွင့်အလမ်းများစွာ ပိုမိုရရှိကြသည်။ ထိုနည်းတူ စာရေးသူများဘက်တွင်လည်း ပုံနှိပ်စာမျက်နှာများသာမက အီလက်ထရွန်နစ် စာမျက်နှာများကိုပါ ပြောင်းလဲရေးသား ဆောင်ရွက်နိုင်သဖြင့် ဒစ်ဂျစ်တယ်ပလက် ဖောင်းများ ဖြစ်ပေါ်လာမှုသည် စာအုပ်ထုတ်ဝေရေးလောကအတွက် ယခင်ကထက် ပိုမိုကောင်းမွန်သည့် အကျိုးသက်ရောက်မှုများသာ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုရမည်။ ထို့ပြင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ ပေါ်ပေါက်လာခြင်းကြောင့် စာအုပ်စာစောင် များအပေါ် စာဖတ်သူများ၏ နှစ်သက်မှုများနှင့် ဖတ်ရှုမှုများသည်လည်း လျော့နည်းသွားမည် မဟုတ်ဘဲ အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ပိုမို ထွန်းကားနေမည်ဟု ယူဆရပေသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေမှု
ဤဆွေးနွေးပွဲသို့ တက်ရောက်ချိန်တွင် မထင်မှတ်ဘဲ စာရေးသူအနေဖြင့် မေးခွန်းတစ်ခု ဖြေပေးခဲ့ရသည်။ စာအုပ်စာစောင် ထုတ်ဝေမှုများနှင့်ပတ်သက်၍ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး စာကြည့်တိုက်များနှင့် အခြားစာကြည့်တိုက်များအတွက်မည်သို့ ဝယ်ယူဆောင်ရွက်ပေးနေသည်၊ လက်ရှိမည်သို့ ဆောင်ရွက်ပေးလျက်ရှိသည်ကို သိလိုကြောင်း တက်ရောက်သူတစ်ဦးက မေးမြန်းခဲ့သည်။
မေးမြန်းချက်နှင့်ပတ်သက်၍ စဉ်းစားရမည့်အချက်နှစ်ချက်ကို ဦးစွာတွေးမိသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် စာအုပ်/စာစောင် မည်မျှထွက်ရှိ၍ စာကြည့်တိုက်များအတွက် မည်မျှဝယ်ပေးနိုင်သည်ဆိုသည့် အချက်နှင့် ထုတ်ဝေသူများအနေဖြင့် စာအုပ်စာစောင် စျေးကွက်ကို မည်သို့ချဲ့ထွင် ရောင်းဝယ်ဖောက် ကားသင့်သည်ဆိုသည့် အချက်များပင်ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် စာအုပ်စာစောင် ထုတ်ဝေမှုများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက အစဉ်အမြဲ ဆောင်ရွက်ပေးခဲ့သည်။ အထူးသဖြင့် စာအုပ်စာစောင် ထုတ်ဝေမှုလုပ်ငန်းများကို အထောက်အကူပြုရန်အတွက်−
(က) နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိ သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့် တိုက်များအတွက် နှစ်စဉ်ဘဏ္ဍာငွေ တိုးမြှင့်တောင်းခံ၍ စာအုပ်စာစောင်များ ဝယ်ယူပေးခဲ့သည်။
(ခ) စာအုပ်စာစောင် ထုတ်ဝေမှုများ တိုးတက်ရေးကိုသာ ဦးတည် ဆောင်ရွက်ခြင်းမပြုဘဲ ပြည်သူများ စာဖတ်သည့် အလေ့အထ ယှဉ်တွဲဖြစ်ပေါ်လာရေးကိုပါ ဆောင်ရွက်ပေးခဲ့သည်။
(ဂ) စာပေပွဲတော်များ၊ စာအုပ်စျေးရောင်းပွဲတော်များကို နိုင်ငံတစ်ဝန်း ကျင်းပနိုင်ရန် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့သည်။
(ဃ) ရန်ကုန်မြို့ သိမ်ဖြူလမ်းအား စာအုပ်လမ်း (Yangon Book Street)အဖြစ် စီစဉ်၍ စာအုပ် စာစောင်များ ရောင်းဝယ်နိုင်ရန် စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
တကယ်တမ်းပြောရလျှင် မြန်မာနိုင်ငံတွင် ထွက်ရှိသမျှ စာအုပ်/စာစောင်အားလုံးကို ပြန်ကြားရေးဝန်ကြီးဌာန စာကြည့်တိုက် များအတွက် ဝယ်ယူပေးနိုင်ခြင်းမရှိဘဲ အတိုင်းအတာတစ်ခုအထိသာ ဝယ်ယူပေးနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တစ်နှစ်လျှင် စာအုပ်စာစောင် ၄၄၀၀ ကျော် ပျမ်းမျှထွက်ရှိလျက်ရှိပြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များအတွက် ထွက်ရှိသော စာအုပ်များ၏ ငါးရာခိုင်နှုန်းခန့်ကိုသာ ဝယ်ယူပေး နိုင်ခဲ့ပါသည်။
တစ်နိုင်ငံလုံးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့် တိုက်ပေါင်း ၄၁၀ ရှိပြီး ၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်း ၄၇၄ ဒသမ ၄၀ ဖြင့် သုတရသစာအုပ် စာစောင်ပေါင်း ၁၀၂၅၆၂ အုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း ၆၄၁၀၂ စောင်ကို ဝယ်ယူပေးခဲ့သည်။ ၂၀၁၇−၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၄၈၈ ဒသမ ၁၆ သန်းဖြင့် သုတ/ရသစာအုပ် စာစောင်ပေါင်း ၇၄၇၈၀ ၊ ဂျာနယ်၊ မဂ္ဂဇင်း ၈၁၃၃၄ စောင်ကို ဝယ်ယူပေးခဲ့သည်။ ၂၀၁၈ − ၂၀၁၉ ဘဏ္ဍာ နှစ်တွင် ငွေကျပ် ၆၅၃ ဒသမ ၅၁ သန်းဖြင့် သုတရသစာအုပ်စာစောင်ပေါင်း ၁၀၄၄၅၄ အုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း ၁၆၈၇၄၀ ကို ဝယ်ယူ ပေးခဲ့သည်။ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၄၈၈ ဒသမ ၇၆ သန်းဖြင့် သုတရသ စာအုပ် ၁၁၂၉၆၇ အုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း ၉၂၅၃၃ စောင်တို့ကို ဝယ်ယူပေးခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် (စက်တင်ဘာ လအထိ) ခရိုင်၊ မြို့နယ်စာကြည့်တိုက်များ အတွက် ငွေကျပ်သန်းပေါင်း ၂၁၀၄ ဒသမ ၈၅ သန်းသုံးစွဲ၍ သုတရသ စာအုပ်စာစောင် ပေါင်း ၃၉၄၇၆၃ အုပ်နှင့် ဂျာနယ်၊ မဂ္ဂဇင်း ၄၀၆၇၀၉ စောင်တို့ကို ဝယ်ယူပေးခဲ့ပြီး ဖြစ်သည်။
အထက်ပါ စာအုပ်ဝယ်ယူပေးနိုင်မှု အခြေအနေကိုကြည့်လျှင် စာကြည့်တိုက်များအတွက် ဝယ်ယူပေးနိုင်မှု ပမာဏသည် ထွက်ရှိသည့် စာအုပ်စာစောင်ပမာဏနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးလျက်ရှိသဖြင့် ထုတ်ဝေသူများအနေဖြင့် မိမိထုတ်ဝေသည့် စာအုပ်စာစောင်များကို ယခုထက်ပို၍ ရောင်းဝယ်ဖောက်ကားလိုသည် ဆိုပါက ဖြစ်ပေါ်နေသည့် စာအုပ်ထုတ်ဝေမှု ရေစီးကြောင်းကို မျက်ခြည်မပြတ်စောင့်ကြည့် လေ့လာပြီးပိုမိုကောင်းမွန်သည့် ဖြန့်ချိမှု နည်းလမ်းများကို ရှာဖွေကြရမည်ဖြစ်သည်။
စာအုပ်ဝယ်ယူမှု လုပ်ငန်းအဆင့်ဆင့်
ဆွေးနွေးပွဲတွင် ဖြေကြားခဲ့သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ စာကြည့်တိုက်များအတွက် စာအုပ်စာစောင် ဝယ်ယူပေးမှုအခြေအနေများကိုလည်း ပြန်လည်ရှင်းလင်းတင်ပြချင်သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်/ မြို့နယ်စာကြည့်တိုက်များသည် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိပြီး ကျောင်းသား/ လူငယ်များ အများဆုံး အသုံးပြုကြသည့် စာကြည့်တိုက် များဖြစ်သည်။စာကြည့်တိုက်များအတွက် စာအုပ်ဝယ်ယူရာ၌ ဆရာကြီးတက္ကသိုလ် ထင်ကြီးက စာကြည့်တိုက်ဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ခုတွင် ဆွေးနွေးပြောကြားခဲ့သည့် “စာကြည့်တိုက်အတွက် စာအုပ်များ ရွေးချယ်ရာတွင် မိမိအကြိုက် သို့မဟုတ် စာကြည့်တိုက် ကော်မတီအကြိုက်ကို စုဆောင်း၍မရဘဲ မိမိစာဖတ်သူများနှင့် ကိုက်ညီသည့် စာအုပ်များကိုသာ ရွေးချယ်ရမည်” ဆိုသည့်အချက်ကို လက်ကိုင်ပြု၍ စိစစ်ဝယ်ယူပေးလျက်ရှိသည်။
စာအုပ် ဝယ်ယူရေးလုပ်ငန်းစဉ်များအနေဖြင့် ဝယ်ယူမည့်စာအုပ်များ စုဆောင်းခြင်း၊ စာအုပ်များ ဖတ်ရှုလေ့လာသုံးသပ်ခြင်း၊ စာအုပ်စျေးနှုန်းများ စိစစ်ခြင်း၊ ဝယ်ယူမည့် အုပ်ရေ အတည်ပြုခြင်းနှင့် ဝယ်ယူခြင်း၊ ငွေပေးချေခြင်းနှင့် ဖြန့်ချိပို့ဆောင်ခြင်းဆိုသည့် လုပ်ငန်းစဉ်(၆)ရပ်ဖြင့် ဆောင်ရွက် လျက်ရှိသည်။
ဝယ်ယူမည့်စာအုပ်များ စုဆောင်းရာတွင် စာပေတိုက်များက ပေးပို့သည့် စာအုပ်များ၊ စာကြည့်တိုက်များတွင် ဖွဲ့စည်းထားသည့် Book Club အသင်းဝင်များ၊ စာဖတ် ဝိုင်းများ၊ စာဖတ်သူများက အကြံပြုသည့် စာအုပ်များ၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက ထုတ်ပြန်သည့် စာအုပ်စာစောင်စာရင်းမှ သင့်လျော်ရာ စာအုပ်များကို ရယူစုဆောင်းလျက်ရှိသည်။
ထိုကဲ့သို့ စုဆောင်းထားသည့် စာအုပ်များကို စာအုပ်လေ့လာသုံးသပ်ချက်ပုံစံတွင် ဖြည့်စွက်၍ စာအုပ်၏အကြောင်းအရာ ခိုင်မာမှုနှင့် ပြည့်စုံမှုအခြေအနေ၊ စာပေ အမျိုးအစား၊ ရေးဟန်နှင့် အတွေးအခေါ် ကောင်းမွန်မှု၊ အသိပညာပေးစွမ်းနိုင်မှု၊ မိမိဌာန ရည်ရွယ်ချက်များနှင့် ကိုက်ညီမှု၊ စာဖတ်သူများအတွက် အထောက်အကူပြုနိုင်မှုနှင့် ခံစားသိမြင်နိုင်မှုဆိုသည့် အချက်များကို အဆင့်ဆင့်လေ့လာ ဖတ်ရှုသုံးသပ်၍ ဝယ်ယူသင့်/ မသင့်နှင့် ဝယ်ယူမည့် စာကြည့်တိုက်အရေအတွက်ကို ခွဲခြားစိစစ်သတ်မှတ်ပါသည်။
ထို့နောက် စာအုပ်လေ့လာသုံးသပ်ရေး အဖွဲ့က ဝယ်ယူရန်အတည်ပြုထားသည့် စာအုပ်များကို စျေးနှုန်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ စာပေတိုက်များက ရောင်းချသည့် စျေးနှုန်းနှင့် ယခုပေးသွင်းနိုင်မည့် စျေးနှုန်း တို့ကို စိစစ်ဆောင်ရွက်၍ ဝယ်ယူပါသည်။
စျေးနှုန်းစိစစ်ပြီးပါက စာအုပ်များ လက်ခံရယူခြင်း၊ ငွေတောင်းခံလွှာလက်ခံ၍ ကျသင့်ငွေတောင်းခံခြင်း၊ ငွေပေးချေခြင်းနှင့် သက်ဆိုင်ရာ စာကြည့်တိုက်များသို့ ဖြန့်ချိပို့ဆောင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပါသည်။ အဆိုပါ စာအုပ်ဝယ်ယူရေး လုပ်ငန်းစဉ်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနခွဲတစ်ခု၊ ဝန်ထမ်းတစ်စုကိုသာ ဆောင်ရွက်စေခြင်း မဟုတ်ဘဲ ဌာနခွဲ လေးခုမှ ကိုယ်စားလှယ်များဖြင့် စျေးနှုန်းစိစစ်ခြင်း၊ စာအုပ်လက်ခံခြင်း၊ ငွေတောင်းခံခြင်း၊ ငွေပေး ချေခြင်း ဖြန့်ချိပို့ဆောင်စေခြင်းတို့ကို တာဝန်ခွဲဝေဆောင်ရွက်စေ၍ မသမာမှု၊ မရိုးသားမှုများ မဖြစ်ပေါ်စေရန် စိစစ်ကြပ်မတ် ဝယ်ယူပေးလျက်ရှိကြောင်း အသိပေးတင်ပြလိုပါသည်။
ထုတ်ဝေရေးလုပ်ငန်းများအတွက် နည်းလမ်းများ
ဆွေးနွေးပွဲတွင် စာအုပ်စာစောင်များ ပိုမိုတိုးတက်ထုတ်ဝေနိုင်ရန်အတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ဆွေးနွေးသွားသည်ကိုလည်း တွေ့ရသည်။ နှစ်စဉ်ထုတ်ဝေနေသည့် စာအုပ်စာစောင်အားလုံးကို ပြန်ကြားရေးဝန်ကြီးဌာနက ဝယ်ယူပေးရန် ကိစ္စမှာ ဖြစ်နိုင်ဖွယ်မရှိသည့်အတွက် အခြား ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ရှာဖွေကြရပါမည်။ ထုတ်ဝေသူများအနေဖြင့် မိမိတို့၏ စာအုပ်စာစောင်များကို ပိုမိုကျယ်ပြန့်စွာ ထုတ်ဝေဆောင်ရွက်မည်ဆိုပါက ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အောက်ပါအချက်များကို မလွဲမသွေ လိုက်ပါလုပ်ဆောင်သင့်သည် ဟု အကြံပြုလိုပါသည်−
(က) စာအုပ်ဆိုင်ခန်း ငှားရမ်းခများ စျေးနှုန်း ကြီးမြင့်ခဲ့ခြင်းကြောင့် စာအုပ်ဆိုင်အချို့ ပိတ်သိမ်း ခဲ့ရသော်လည်း တစ်ဖက်တွင် အွန်လိုင်းစာအုပ်ဆိုင်များ၊ အွန်လိုင်းမှတစ်ဆင့် စာအုပ်ရောင်းချမှု၊ ဖြန့်ချိမှုစနစ်များ ပေါ်ပေါက်လာခဲ့သည့်အတွက် မိမိတို့၏ ထုတ်ဝေဖြန့်ချိမှု လုပ်ငန်းများကို ပြောင်းလွယ်ပြင် လွယ်ရှိသည့် စနစ်၊ လိုက်လျောညီထွေ ဖြစ်စေသည့်စနစ် (Flexibility)ကို ဖော်ဆောင် သင့်သည်။
(ခ) စာအုပ်စာစောင် ရောင်းဝယ်မှုများကို ဒစ်ဂျစ်တယ်နည်းပညာ အသုံးချပြီး မည်သို့လုပ်ဆောင်နိုင်မည်ကို လေ့လာသုံးသပ်၍ ဝယ်ယူဖတ်ရှုသူလက်ထဲသို့ ပို့ဆောင်နိုင်မည့် နည်းလမ်းများ ကို ရှာဖွေသင့်သည်။
(ဂ) စာအုပ်စာစောင် ရောင်းဝယ်မှုများကို Social Media Marketing နှင့် Digital Marketing Strategy ကို အသုံးချ၍ လုပ်ဆောင်သင့်သည်။
(ဃ) နိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ချိပို့ဆောင်နိုင်မည့် ပို့ဆောင်ရေး စနစ်တစ်ခုကို ထုတ်ဝေသူများ၊ ဖြန့်ချိသူများ ပူးပေါင်း၍အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။
(င) ယခင်က စာအုပ်ဆိုင်များကို စာဖတ်သူများက လာရောက်ဝယ်ယူခဲ့သော်လည်း ယနေ့အချိန်တွင် စာအုပ်ဆိုင်များက စာဖတ်သူများကို လာရောက်ရန် ဖိတ်ခေါ်ရမည့်အချိန်၊ လာချင်အောင် ဂရုစိုက်ရမည့်အချိန် ဖြစ်ပါသဖြင့် ဆောင်ရွက်သင့်သည့် နည်းလမ်းများကို စုပေါင်းရှာဖွေဆောင် ရွက်သင့်သည်။
(စ) ယနေ့အချိန်တွင် ပုံနှိပ်စာအုပ်များ သာမက e-Book များကိုပါ စီစဉ်ရောင်းချနိုင်သည့် အခြေအနေ ရှိပါသဖြင့် မိမိတို့၏ စာအုပ်များကို နိုင်ငံတကာသို့ စျေးကွက်တင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သင့်သည်။
(ဆ) စာအုပ်စာစောင် ထုတ်ဝေရောင်းချမှု တိုးတက်စေရန်အတွက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် ပြည်သူ့ စာကြည့်တိုက်များ ဖွံ့ဖြိုးရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သင့်သည်။
နိဂုံးချုပ်အားဖြင့်ဆိုရလျှင် ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများကြောင့် အချို့သော နယ်ပယ်ကဏ္ဍအသီးသီးတွင် ကောင်းမွန်သော တိုးတက်ဖြစ်ထွန်းမှုများရှိသကဲ့သို့ အချို့သော နယ်ပယ်များတွင် ထိခိုက်ယုတ်လျော့မှုများလည်း ဖြစ်ပေါ်စေ ခဲ့ပါသည်။ စာအုပ်စာစောင်ထုတ်ဝေမှု နယ်ပယ်တွင် ဒစ်ဂျစ်တယ်နည်းပညာ တိုးတက်ဖြစ်ထွန်းလာမှုကြောင့် ထိခိုက်ဆုတ်ယုတ်သည့် လက္ခဏာရပ်များ မတွေ့ရှိရဘဲ ပိုမိုဖြစ်ထွန်းတိုးတက်စေမည့် တွန်းအားပေး ဖော်ဆောင်ပေးမှုများကိုသာ တွေ့မြင်နေရသည်။
တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများ ဖြစ်ပေါ်လာခြင်းသည် စာအုပ်စာစောင် ထုတ်ဝေမှုလုပ်ငန်းများအပေါ် ပျက်စီးယုတ်လျော့သွားစေမည့် အဖျက်နည်းပညာ (Destructive Technology) မဟုတ်ဘဲ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ပံ့ပေးမည့် အထောက်အကူ ပြုနည်းပညာ (Supportive Technology)ဖြစ်ကြောင်း အားလုံးက လက်ခံထားကြသည်။ သို့ဖြစ်၍ ပြောင်းလဲတိုးတက်လာသည့် ဒစ်ဂျစ်တယ်ရေစီးကြောင်းကို အကျိုးရှိစွာ အသုံးချ၍ မိမိတို့၏ စာအုပ်စာစောင် ထုတ်ဝေမှုလုပ်ငန်းများ ရေရှည်တိုးတက် ကောင်းမွန်စေမည့် နည်းလမ်းများကို စုပေါင်းရှာဖွေ ဆောင်ရွက်ခြင်းကသာ ပိုမိုအလုပ်ဖြစ်မည်ဟု ထင်မြင်မိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။


