ရွှေကြည်လွင်(မြန်မာစာ)
မြကျွန်းညိုညို၊ ကွန်းခိုရာ ဤတက္ကသိုလ်မြေမှာ ကံ့ကော်တို့ဝေမြဲ၊ စိန်ပန်းတို့ဝေဆဲ ၊ ငုဝါပိတောက်တို့ ပွင့်မြဲပွင့်ဆဲပင် ဖြစ်သည်။ နှစ်လကြာညောင်း အချိန်တွေအလီလီပြောင်းသော်လည်း အတိတ်နယ်က အရိပ်တို့သည် နုပျိုဆဲ၊ လတ်ဆတ်ဆဲဖြစ်သည်။ တွေးမိတိုင်း လွမ်းတ၊ မျှော်မိတိုင်း မှန်းဆနေရပေသည်။
ရန်ကုန်တက္ကသိုလ်မြေကို ခြေချခွင့်ရ
ကျွန်တော်သည် ငယ်စဉ်ကပင် နိုင်ငံ၏အထင်ကရ ရန်ကုန်တက္ကသိုလ်ကို ရောက်ဖူးချင်ခဲ့သည်။ မြင်ဖူး၊ တွေ့ဖူးချင်ခဲ့သည်။ ရောက်ချင်သည့်အိပ်မက် မကြာမကြာ မက်ခဲ့သည်။ စိတ်၏ စေစားရာအတိုင်း ၂၀၀၃ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်မြေကို ခြေချခွင့်ရခဲ့သည်။ မက်ခဲ့သောအိပ်မက်သည် အသက် ၃၀ ရောက်မှ ဆန္ဒပြည့်ခဲ့ရသည်။ လောက၏ အောင်မြင်မှုအစုစုသည် စိတ်ကူးအိပ်မက်ကစခဲ့သည် မဟုတ်ပေလော။
ကျွန်တော်သည် ၂၀၀၃ ခုနှစ်မှ၂၀၂၀ ပြည့်နှစ်အထိ ၁၇ နှစ်တာကာလပတ်လုံး ရန်ကုန်တက္ကသိုလ်၏ အရိပ်ကို မပြတ်ခိုလှုံရင်း ဆရာကြီး ဆရာမကြီးများ၏ ဩဝါဒများကိုခံယူကာ ပညာရည်နို့သောက်စို့ခဲ့သည်။ သင်ယူ၍ မကုန်နိုင်သော ပညာသမုဒ္ဒရာအတွင်း၌ လက်ပစ်ကူးဆဲ၊ တောင်ငူဆောင် မြန်မာစာဌာနတွင် တာဝန် ထမ်းဆောင်ဆဲဖြစ်သည်။ “အနေကြာကြာ၊ အသာမိုးမိုး၊ ချစ်တိုးလွန်မြတ်၊ သွေးသားထပ်၍၊ ကိုယ့်ရပ်ကိုယ်မြေ၊ တွယ်တာပေ၏” ဟု ကဗျာဆရာ “နောင်” ၏ “နှင်းကိုမြင်ခိုက်” ကဗျာထဲက ကဲ့သို့ပင် ဤတက္ကသိုလ်မြေမှာ အနေကြာလာသည်နှင့်အမျှ သံယောဇဉ်ကြိုးက ရစ်ပတ်တိုးခဲ့ရသည်။
ရန်ကုန်တက္ကသိုလ်ကြီးသည် နှင်းများကျနေသော ဆောင်းလရာသီ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စတင်သန္ဓေတည်ခဲ့သည်။ အေးမြသော အတိတ်နိမိတ်ကိုယူကာ တည်ဆောက်ခဲ့သောကြောင့် အေးချမ်းသာယာပြီး ဂုဏ်ကျက်သရေတင့်တယ်စွာ တည်ရှိနေသည်။ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် ၁၀၀ တင်းတင်း ပြည့်လေပြီ။ ကံထူးစွာ ရာပြည့်နှင့်ကြုံရ၍ ရင်ထဲ၌ ပျော်ရွှင်ကြည်နူးမိသည်။ တက္ကသိုလ်၏ အရိပ်ကိုလှုံ၊ မေတ္တာကို ကြုံခဲ့ဖူးသော သူတို့ရင်ထဲ လွမ်းဆွေးမှုအဖုံဖုံ၊ လွမ်းနည်းစုံစုံနှင့် လွမ်းကြပေလိမ့်မည်။
မြန်မာ့သမိုင်းကြောင်း
မြန်မာ့သမိုင်းကြောင်း ပြန်ပြောင်းကြည့်လျှင် ၁၈၈၅ ခုနှစ်မှ ၁၉၂၀ ပြည့်နှစ်အထိ ၃၅ နှစ်တာကာလတွင် မြန်မာ တစ်မျိုးသားလုံး ငသစ်တုံး၊ ငခွေးများကဲ့သို့ ကျွန်နင်းပြားဘဝနှင့် နေခဲ့ရသည်။ ၁၉၂၀ ပြည့်နှစ်မှစ၍ ပြန်လည် ခေါင်းမော့နိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် မြန်မာတစ်မျိုးသားလုံး လွတ်လပ်ရေးဟူသော အသီးအပွင့်ကိုစားသုံးကြရခြင်းသည် ဤမြေ၏ ကျေးဇူးဖြစ်လေသည်။ နိုင်ငံခေါင်းဆောင်အသီးသီး၊ ပညာရှင် အသီးသီး၊ သံတမန်အသီးသီး၊ မျိုးချစ်ပုဂ္ဂိုလ်အသီးသီးတို့ကို ဤမြေက မွေးထုတ်ပေးခဲ့သည်။ သခင်ကိုယ်တော်မှိုင်း၏ ယူနီဗာစတီ ဘွဲ့လေးချိုးကြီးကို သတိရမိသည်၊ ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတမိသည်၊ ဦးသန့်ကို မြင်ယောင်မိ သည်၊ ဗိုလ်အောင်ကျော်၏ ပုံရိပ်ကအတွေးသို့ ဝင်ရောက်လာသည်။ ဤသို့ အတိတ်သမိုင်းအလှနှင့် ပြည့်စုံသော ဤမြေသည် မြန်မာတစ်မျိုးသားလုံး၏ ရင်ထဲ၌ကိန်းဝင်နေသော အမြူတေ ရတနာတစ်ပါးပင် ဖြစ်ခဲ့သည်။
မြကျွန်းညိုညို တေးသီချင်းမှ စာသားသံစဉ်တချို့ နားထဲရောက်လာခဲ့သည်။ “မြစ်ချောင်းငယ်ဖြာဖြာ.. ရေပြာပြာ.. သမုဒ္ဒရာမှာ ပေါင်းဆုံ” ဟူသကဲ့သို့ပင် ရန်ကုန်တက္ကသိုလ်ကြီးသည် တက္ကသိုလ်အားလုံးတို့၏ မိခင်ဖြစ်သည်။ ထို့အတူ ၁၃၅ မျိုးသော တိုင်းရင်းသားတို့ ပညာ အမွေအနှစ်များရှာမှီးရာ ဌာနကြီးလည်းဖြစ်သည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်ရေးကို ပေါင်းစည်းပေးရာ နေရာလည်းဖြစ်သည်။ ကျောင်းသား ကျောင်းသူများ သည် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် အသီးသီး၌ ပညာအမျိုးမျိုးကို ရှာဖွေရာဌာနကြီးလည်း ဖြစ်သည်။
“ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ် မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့” ဟူသကဲ့သို့ပင် ဆရာဆရာမများက တပည့်တို့အပေါ် နာသုံးနာရှေ့ထား၊ တာဝန်ဝတ္တရားများဖြင့် သင်ကြားပို့ချပေးခဲ့ကြသည်။ သစ်ပင်ပန်းမန်တို့သည်သဘာဝကောင်း၊ ရေကောင်းမြေ ကောင်းမှီရလျှင် ပိုမိုရှင်သန်ဖွံ့ဖြိုးသကဲ့သို့ သူတို့သည် လည်း ပညာရပ်အသီးသီးမှာ ထူးချွန်ပေါက်မြောက်ခဲ့ကြ သည်။ နိုင်ငံအနှံ့အပြားရှိ ဌာနအသီးသီးသို့သွားကာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းရွက်ကြရင်း ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်ကြီးကို ထူထောင်နေ ကြသည်မှာ ငယ်ငယ်က ကခဲ့ရသော “အသီးတစ်ရာ အညှာတစ်ခု” သီချင်းကို မြင်ယောင်၊ ကြားယောင်မိပါသည်။ ဤသို့ကံ့ကော်တောမှာ အိပ်မက်ရှည်မက်နေသရွေ့ တက္ကသိုလ်မြေ နေဝင်မည်ကို စိုးရိမ်စရာမလို တော့ပေ။
ကြိုဆိုနှုတ်ဆက်လျက်
တက္ကသိုလ်၏အဝင်ဆိုင်းဘုတ်သည်ဣန္ဒြေကြီးနှင့် ငုတ်တုတ်ထိုင်လျက် ဝင်ထွက်သူအပေါင်းကို အပြုံးချိုချိုနှင့် တည်ငြိမ်အေးချမ်းစွာ ကြိုဆိုနှုတ်ဆက်လျက် ရှိပေသည်။ ပကာသနမဖက်၊ သဘာဝသက်သက်နှင့် ရိုးသားမှုဂုဏ်က ပေါ်လွင်လှသည်။ လေမိုးဒဏ်ခံရသော်လည်း စိုးမရွံ့၊ တွန့်မတုန်ဘဲ တည်ငြိမ်သည့်ဟန်က တက္ကသိုလ်၏ ပြယုဂ်ပင်ဖြစ်သည်။ ထိုမှအဝင် အဓိပတိလမ်းမကြီးက မျက်စိတစ်ဆုံး ဖြောင့်တန်းလျက်။ ထိုအထက် မဟူရာကတ္တီပါ ကော်ဇောကို ခင်းထားလေသည့်အလား။ တက္ကသိုလ်ကြီးကို ကျွမ်းလျက် အနာဂတ် အတွက် လှမ်းတက်မည့်သူကို မျှော်လင့်နေသည့်ဟန်။ ထိုမှအဆုံး ဘွဲ့နှင်းသဘင်ဆောင်ကြီးက ခံ့ခံ့ထည်ထည်နှင့် တက္ကသိုလ်အဝင်ဝကို မျက်နှာမူလျက်ရှိသည်။ အညိုရောင်အဆင်း၊ မျက်နှာလေးထောင့်ကျကျနှင့် တကယ့်တည်ငြိမ်ခံ့ညားသည့် ဟန်နှင့်ပေါ့။ သူ့အဆင်း နှင့်၊ သူ့အသွင်မှာ ဂုဏ်သရေကြီးသော ရှေးမြန်မာကြီးနှင့်ပင် တူလေသည်။ ဟုတ်စွ။ ပညာတစ်ခု ပြီးမြောက်တိုင်း ဝင်ရောက်ကာ ကတိသစ္စာပြုရာနေရာ။ သစ္စာပြုပြီး သူတို့ကို ဘဝမြင့်စေရန် သိဒ္ဓိတင်ပေးသောနေရာ။ တစ်ဘွဲ့ပြီးမြောက်တိုင်း ဖြတ်ကျော်ရသည့်နေရာ။ အားလုံး၏အလှပဆုံးကို တွေ့နိုင်သည့် နေရာ။ ဤနေရာကား ဘွဲ့နှင်းသဘင် ဖြစ်ပေသည်။
စစ်ကိုင်းလမ်းနှင့် ယူအယ်လ်ဘီ၊ ပုဂံလမ်းနှင့် ဘွဲ့နှင်းသဘင်၊ ဂျပ်ဆင်လမ်းနှင့် ဒဂုံလမ်းတို့က အဓိပတိလမ်းမကြီး၏ ကိုယ်ပွားအကိုင်းအလက်များ ဖြစ်ကြသည်။ သူတို့က တက္ကသိုလ်ရိပ်မြုံ ခိုလှုံသူအပေါင်းကို အလိုပါရမီဖြည့်ကာ ထမ်းရွက်ပေးခဲ့ကြသည်။ ထိုလမ်းမတို့ပေါ်တွင် ပျော်ခဲ့ကြသည်၊ အော်ခဲ့ကြသည်၊ ကခဲ့ကြသည်၊ တခဲ့ကြသည်၊ ဆိုခဲ့ကြသည်၊ ငိုခဲ့ကြသည်၊ ထွေးခဲ့ကြသည်၊ နွေးခဲ့ကြသည်၊ တွဲခဲ့ကြသည်၊ နွှဲခဲ့ကြသည်၊ လွမ်းခဲ့ကြသည်၊ ကျွမ်းခဲ့ကြသည်။
သော်.. အတိတ်က အရိပ်တို့ ရင်ထဲရှင်သန်ဆဲပါ။ ထိုလမ်း အသွယ်သွယ်တို့၏ ဝဲယာ တစ်ဖက်တစ်ချက်တွင် စိမ်းညိုညိုတောတန်းကို နောက်ခံပြု၍ အဖြူလွှလွှမီးတိုင် များက ညီညီညာညာ စနစ်တကျရှိလျက်။ ဝင်ရောက်လာ သူအပေါင်းကို ညွတ်ကိုင်း၍ အရိုအသေပေးနေသယောင်။ စိမ်းစိုစို၊ မှိုင်းပြပြသစ်ပင်ပန်းမန်တို့ကလည်း အချိုးကျကျ ပေါက်ရောက်နေသည်မှာ ကြည်နူးစရာ။ လေပြည်လေနုအေးများက ရွေ့ကနဲအဝှေ့ ပန်းပေါင်းစုံရနံ့တို့က မူးမေ့ မတတ် ကြိုင်လှိုင် သင်းပျံ့နေပေသည်။ မြတ်လေး၊ စွယ်တော်၊ ကံ့ကော်၊ စိန်ပန်း၊ သော်ကပန်းနှင့် မေတ္တာ နန်းထက် လှမ်းတက်ခဲ့ကြဖူးလိမ့်မည်။ တညင်း၊ သရက်၊ ပိန္နဲ၊ ငုဝါ၊ ပိတောက်နှင့် သစ္စာထောက်ခဲ့ကြဖူးလိမ့်မည်။ ပုဏ္ဍရိက်ဖြာ ရေတမာတန်း ခုံပြာနန်းမှာ ချစ်သဒ္ဓါပို၊ သကာချို စကားပြောခဲ့ကြဖူးပေလိမ့်မည်။ ဖွားဖက်တော် ပင်သစ်ပုပ်အောက် ကတောက်ကဆတ်ကြောင့် ကျပျောက်ခဲ့သည့် မေတ္တာပြန်ကောက်ခဲ့ကြဖူးပေလိမ့်မည်။ ဂျပ်ဆင်အိုနှင့် ချစ်သူ လမ်းကြား လွမ်းစကားများ ပြောခဲ့ကြပေလိမ့်မည်။ ဤလမ်း၊ ဤစခန်းများထက်က ချစ်တေးကဗျာနှင့် ပုံပြင်များက မရေမတွက်နိုင်။ လွမ်းခဲ့ကြပေလိမ့်မည်။ ကျွမ်းခဲ့ကြပေလိမ့်မည်။
ပြည့်မျက်စိကိုဖွင့်ပေး
ဝိဇ္ဇာသိပ္ပံ ခန်းမဆောင်များနှင့် တက္ကသိုလ်စာကြည့်တိုက်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တို့ကလည်း ကျက်သရေဆောင်ကာ ပြည့်မျက်စိကို ဖွင့်ပေးလျက်ရှိသည်။ ဒေသအဖုံဖုံ လူမျိုးစုံတို့ ခိုနားရာ အဆောင် ဆောင် အနန်းနန်းတို့ကလည်း ပြောမဆုံးပေါင် တောသုံးထောင်ဟူသကဲ့သို့ အလှဖြာသည့် ချစ်စရာ့တေးကဗျာနှင့် လှပသည့် သမိုင်းပုံပြင်များရှိကြသည်။ သူရဲကောင်းများ ထွန်းကားရာ၊ ပညာရှင်များဖွားမြင်ရာ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ ပဲခူး၊ ရွှေဘို၊ဒဂုံ စသည့်အမျိုးသားအဆောင်များက ထည်ဝါခမ်းနားစွာ ရှင်သန်လျက်ရှိပေသည်။ တစ်ပတ်လျှို ဆံထုံးထက် တစ်ပွင့်ပန်းပန်ပြီး လက်ရှည်အင်္ကျီဖြူဖြူလေး ဝတ်ဆင်ကာဣန္ဒြေရရ လှလှပပနှင့် လျှောက်လှမ်းလာသော ကျက်သရေနှင့် ပြည့်စုံသော မြင်သူလောက်သည့် မြန်မာမလေးများနေထိုင်ရာ အင်းလျား၊ သီရိစသည့် အမျိုးသမီး ဆောင်များကလည်း လှဆဲ၊ ပဆဲ။ နုပျိုလန်းဆန်းဆဲပင် ဖြစ်လေသည်။ ထက်မြက်သည့် မိန်းမကောင်း၊ မိန်းမမြတ်တို့ ပေါ်ထွက်ရာ မိန်းမလှကျွန်းပင်ဖြစ်ပေသည်။ ဤမြေမြတ်မြေသန့်များ၌ ပြောမကုန်နိုင်သော သမိုင်းပုံပြင်အလှများ ပြည့်နှက်၍ နေပါသည်။
ဤတက္ကသိုလ်ကြီးသည် အနှစ်တစ်ရာတိုင်တိုင် ကမ္ဘာ့အလယ်မှာ ဝင့်ထည်စွာရပ်တည်ခဲ့ပေပြီ။ အတိတ်သမိုင်း၊ အတိတ်ပုံပြင်များနှင့် ခံ့ထည်နေသော ဤတက္ကသိုလ်ကြီးကို သံယောဇဉ်တွယ်ငြိခဲ့ပေသည်။ အင်းလျားအဆောင်သူ ကိုလည်း မြင်ယောင်ကြပေလိမ့်မည်။ အဓိပတိလမ်းက လူနှင့် ခြေရာများကိုလည်း တမ်းတကြပေလိမ့်မည်။ ကျောင်းဖွင့်ချိန်ကိုလည်း မျှော်လင့်နေကြရင်း ကျောင်းတက်ချင်တယ်ဟူ၍လည်း ညည်းညူနေကြပေလိမ့်မည်။ နွေဦးပုံပြင်ကိုရွတ်ဆိုရင်း ဂျပ်ဆင်ထိပ်က လရိပ်ပြာကို လွမ်းနေကြပေလိမ့်မည်။ တက္ကသိုလ်က ငွေလမင်းကိုလည်း တွေ့ချင်ကြပေလိမ့် မည်။ ကျွန်ုပ်အတွက်တော့ တက္ကသိုလ်မြေ နေဝင်မှာစိုးရင်း ကံ့ကော်ရိပ်က လွမ်းပုံပြင်များကို နားထောင်ကာ ဤတက္ကသိုလ်ကြီး အနှစ်တစ်ရာမှသည် နှစ်ပေါင်းထောင်သောင်းတိုင်အောင် ရှင်သန်ပါစေသားဟု ဆုတောင်းရင်းနှင့်သာ....။ ။


