ဒေါက်တာအောင်ညွန့်ပိုင်

 

အရေပြားယားနာနှင့် အေတိုးပစ်ယားနာ

အရေပြားယားနာဆိုသည်မှာ ခန္ဓာကိုယ်တွင် ပေါ်သည့် ယားသောအနာဖြစ်သည်။ အင်္ဂလိပ်အခေါ်အားဖြင့် Eczema ဟု ခေါ်ကြသည်။ ယင်းအခေါ်အဝေါ်သည် ဂရိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ Dermatitis ဟူသော အင်္ဂလိပ်စကားလုံးနှင့် အဓိပ္ပာယ် ဆင်တူသည်။ အရေပြားယားနာများသည် ယားသောကြောင့် ကုတ်မိကာအရေပြား ရောင်ရမ်းလာတတ်သည်။ အရေပြားယားနာသည်နီရဲပြီး အဖတ်ကွာသည့် ပုံစံဖြစ်လာနိုင်သကဲ့သို့ အဖုကလေးများ ထွက်ပေါ်သည့်ပုံစံဖြင့်လည်း လာနိုင်သည်။ နာတာရှည်လာပါက အရေပြားထူပြီး အဖတ်ကွာကျသည့်ပုံစံ၊ အနာဖေးတက်သည့် ပုံစံများဖြစ်လာနိုင်သည်။

 

ယားနာ အမျိုးမျိုးရှိသည့်အနက် Atopic Eczema ဟု ခေါ်သည့် အတိုးပစ်ယားနာသည် အဖြစ်အများဆုံး ပုံစံတစ်ခုဖြစ်သည်။ ၁၉၈၀ အစောပိုင်းမှ စတင်၍ အေတိုးပစ်ယားနာဖြစ်ပွားမှုနှုန်းသည် အင်္ဂလန်နိုင်ငံတွင် သိသိသာသာ မြင့်တက်လာခဲ့ပြီး အင်္ဂလန်နိုင်ငံရှိ ကျောင်းနေအရွယ်ကလေးများ၏ အနည်းဆုံး ၂၀ ရာခိုင်နှုန်းခန့်နှင့် အရွယ်ရောက်ပြီးသူများ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားကြသည်။

 

ယားနာကို ဆိုးစေသောအရာများမှာ ဝတ်မှုန် (pollen)၊ တိရစ္ဆာန်အမွေးအမှင်နှင့် ဖုန်မွှားကောင်တို့ ဖြစ်သည်။ ၎င်းတို့ကို Hallmark of Atopy ဟုပင် ခေါ်ကြသည်။ အေတိုးပစ်ရောဂါရှိသူများသည် ပန်းနာ ရင်ကျပ်ရောဂါ၊ အစားအစာနှင့် အခြားအခြားသော ဓာတ်မတည့်ခြင်းများနှင့် ယှဉ်တွဲဆက်စပ်လေ့ရှိသည်။ မိဘများ၏ မျိုးရိုးဗီဇ ရာဇဝင်တွင် ထိုသို့သောရောဂါများ ရှိပါက ကလေးများတွင် ယားနာဖြစ်ရန် အခွင့်အလမ်း ပိုများသည်။

 

ရောဂါကို ဆန်းစစ်ခြင်း

အေတိုးပစ် အရေပြားယားနာရောဂါဟု သတ်မှတ်ရန် ရောဂါရာဇဝင်မေးရာတွင် အရေပြားယားယံခြင်း၊ အကွက်ထခြင်းအပြင် မိသားစုမျိုးရိုးရာဇဝင်၊ ပန်းနာ ရင်ကျပ်နှင့် ဓာတ်မတည့်ခြင်း ရာဇဝင်၊ အရေပြားခြောက် ခြင်း၊ ခန္ဓာကိုယ်ရှိ မြင်သာသော နေရာများဖြစ်သည့် နဖူး၊ ပါး၊ ခြေ၊ လက်များတွင် ယားနာများပေါ်ခြင်း၊ နှစ်နှစ်သား အရွယ်မှ စတင်၍ ယားနာဖြစ်ပေါ်ခြင်း စသည်တို့ကို သေချာဆန်းစစ်ရန် လိုအပ်သည်။

 

ကလေးငယ်များတွင် အေတိုးပစ်ယားနာသည် မျက်နှာ၌ သိသိသာသာဖြစ်ပွားပြီး အသက်နှစ်နှစ်ကျော် ကလေးများ တွင် အေတိုးပစ်ယားနာကွက်သည် တံတောင်ဆစ်ကွေး၊ တံကောက်ကွေး၊ လက်ကောက်ဝတ်၊ ခြေချင်းဝတ် စသည့်နေရာများ၌ ဖြစ်ပွားတတ်သည်။ လူကြီးများတွင် မျက်နှာ၊ ကိုယ်လုံးပိုင်း၊ ရင်ဘတ် စသည်တို့၌ အေတိုးပစ်ယားနာ အများဆုံးဖြစ်ပွားတတ်သည်။ ကလေးဘဝမှ စတင်၍ အေတိုးပစ်ယားနာဖြစ်ပွားခဲ့ပါက လူကြီး ဘဝသို့ရောက်သောအခါ ယားနာသည် အသားခြောက် အဖတ်ကွာခြင်း၊ အရေပြားထူခြင်း စသည်တို့ပါ ယှဉ်တွဲဖြစ်ပွားတတ်သည်။

 

အေတိုးပစ်ယားနာဖြစ်ပွားလျှင်

အေတိုးပစ်ယားနာသည် ယားယံသဖြင့် ကုတ်ဖဲ့တတ်ကြသည်။ ထိုအခါ Staphylococcus aureus ၊ Herpes simplex ကဲ့သို့သော ရောဂါပိုးဝင်ကာ အေတိုးပစ်ယားနာကို ပိုဆိုးစေနိုင်သည်။ ထို့ကြောင့် အေတိုးပစ်ယားနာ ဝေဒနာရှင်များသည် မကုတ်ဘဲ ရေအေးဝတ် ကပ်ပေးခြင်း၊ ဆရာဝန်ညွှန်ကြားသော အယားပျောက်ဆေးများကို အသုံးပြုခြင်း၊ ကလေးငယ်များအား အာရုံပြောင်းအောင် ဆော့ကစားပေးခြင်း၊ ကာတွန်းကားဖွင့်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။ ထို့အပြင် အသားခြောက် အရေပြားအဖတ်ကွာခြင်းကို လျော့နည်းစေရန် လိုးရှင်းနှင့် အဆီများ အသုံးပြုနိုင်သည်။ စတီးရွိုက်ဆေးဝါးများကိုမူ ဆရာဝန်ညွှန်ကြားမှသာ ညွှန်ကြားသည့်အတိုင်း သုံးစွဲသင့်သည်။ ဘေးထွက်ဆိုးကျိုးများသဖြင့် မိမိသဘောနှင့်မိမိ မသုံးသင့်ပါ။

 

အေတိုးပစ်ယားနာကို ကုသခြင်း

Phototheraphy ဟုခေါ်သည့် ရောင်ခြည်ပြကုသခြင်းကို အေတိုးပစ်ယားနာ ကုသရာတွင် အသုံးပြုကြသည်။ Namowband UVB ရောင်ခြည်ပြကုသခြင်းကို ကလေးများတွင် အသုံးပြုနိုင်သည်။ UVB ဖြင့် ထိရောက်မှုမရှိပါက PUVA သို့မဟုတ် UVA1 ကို လူကြီးများတွင် ရွေးချယ်အသုံးပြုနိုင်သည်။ PUVA ကို ကလေးများတွင် အသုံးမပြုဘဲ ရှောင်ကြဉ်သင့်သည်။ UV အသုံးပြုပါက အိုမင်းလွယ်ခြင်း၊ အရေပြားပျက်စီးခြင်း၊ အရေပြားကင်ဆာဖြစ်ပွားခြင်း စသည့် ဘေးထွက်ဆိုးကျိုးများရှိသဖြင့် ကောင်းကျိုးဆိုးပြစ်ကို ချိန်ဆပြီးမှ ဆရာဝန်များက ရွေးချယ်အသုံးပြုကြရ သည်။ Immunomodulators ဆေးဝါးများကိုမူ ရောဂါအခြေအနေကို သုံးသပ်၍ အမှန်တကယ် လိုအပ်မှသာ တတ်ကျွမ်းနားလည်သည့် ဆရာဝန်များက ညွှန်ကြားအသုံးပြုကြသည်။

 

အရေပြားယားနာဖြစ်ပွားခြင်းကြောင့် အေတိုးပစ်ယားနာ ဝေဒနာရှင်များသည် စိတ်ညစ်ကြရသည်။ စိတ်ဖိစီးကြရ သည်။ လူတောမတိုးဟု မိမိကိုယ်ကိုယ် ထင်လာတတ်ကြသည်။ ထို့ကြောင့် မိသားစုဝင်၊ မိတ်ဆွေ အပေါင်းအသင်း၊ သူငယ်ချင်းများက ဖေးမကူညီအားပေးရန်လိုသည်။ အရေပြားယားနာ ဝေဒနာရှင်များသည် မိမိနှင့်မတည့်သည့် အရာများကိုသိရှိက ရှောင်ကြဉ်ပြီး တတ်ကျွမ်းနားလည်သည့် ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကုသသင့်သည်။

 

အရေပြားယားနာ (အေတိုးပစ်ယားနာ) ဘေးမှကင်းဝေးကြပါစေ။    ။