ကောင်းမွန်
သင့်အနေဖြင့် လုပ်ဖော်ကိုင်ဖက်များအပေါ် ကြီးကြပ်ရသူအဖြစ်သို့ ပြောင်းလဲရောက်ရှိချိန်တွင် ၎င်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုအတွက် ညင်သာပျော့ပျောင်းသည့် အပြောင်းအလဲဖြစ်ရေးမှာ လွန်စွာအရေးကြီးသည်။
ယနေ့ လုပ်ငန်းဌာနများ၊ စီးပွားရေးလုပ်ငန်းများ၌ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုများမှာ အစဉ်အလာလို ဖြစ်လာပြီး သင့်အနေဖြင့် နေချင်းညချင်းဆိုသလို အဆင့်တူဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များအပေါ် ပြန်လည်ကြီးကြပ်ရသည့် အနေအထားသို့ ရောက်ရှိ လာသည်ကို တွေ့ရှိရလိမ့်မည်ဖြစ်သည်။
ကြီးကြပ်သူအခန်းကဏ္ဍသို့ ပြောင်းလဲရခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး သင်၏လုပ်ငန်းဘဝ၌ အဆင့်သစ် တစ်ရပ်ဖြစ်မည်ဖြစ်သော်လည်း သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အထူးသဖြင့် သင့်ထံအစီရင်ခံရမည့်သူများ၊ ဆက်ဆံရေးကဏ္ဍ၌ အပြောင်းအလဲများနှင့် ကြုံတွေ့ရမည်ကို ကြိုတင်တွက်ဆထားသင့်သည်။
သင်၏ ခေါင်းဆောင်မှုအခန်းကဏ္ဍ၌ အောင်မြင်ရေးမှာ တိုက်ရိုက်အစီရင်ခံရမည့် အပြုသဘောဆောင်သော လုပ်ငန်းပိုင်းဆက်ဆံရေးတည်ဆောက်မှုနှင့် လိုအပ်သည့်အခါ ဩဇာအာဏာအသုံးပြုနိုင်မှုတို့အပေါ် ကောင်းစွာ မူတည်သည်။
အောက်ဖော်ပြပါအချက်များမှာ သင့်အနေဖြင့် လုပ်ဖော်ကိုင်ဖက်များအပေါ် ကြီးကြပ်ရသူအဖြစ်သို့ ပြောင်းလဲ ရောက်ရှိချိန်တွင် တတ်နိုင်သမျှ ညင်သာပျော့ပျောင်းစွာ ပြောင်းလဲနိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် ကိစ္စရပ်များဖြစ်ကြသည်-
(က) သင်၏ အဖွဲ့နှင့် တွေ့ဆုံရေး
သင့်အနေဖြင့် မိမိကြီးကြပ်ရမည့်သူများနှင့် တွေ့ဆုံရေးသည် ပထမဦးဆုံး အလေးဂရုပြုဆောင်ရွက်ရမည့် အချက်ဖြစ်သည်။
သင်အနေဖြင့် ကြီးကြပ်ရမည့်သူများက အောက်ပါအချက်များကို သိရှိနားလည်ထားကြစေရန် ၎င်းတို့ တစ်ဦးချင်းစီနှင့် တွေ့ဆုံစကားပြောသင့်သည်-
- ဌာနအတွင်း ၎င်းတို့၏ တာဝန်ဝတ္တရားများ
- အပါအဝင် ၎င်းတို့၏အခန်းကဏ္ဍ၊ ယင်းတို့ အနက်မကြာသေးမီက ဝန်ထမ်းအပြောင်းအလဲများ၊ လုပ်ငန်းကုမ္ပဏီအနေဖြင့် ပိုမိုအလေးဂရုပြုမည့် နယ်ပယ်တို့ကြောင့် ဖြစ်ပေါ်လာမည့်တာဝန် ဝတ္တရားများနှင့် အခန်းကဏ္ဍ အပြောင်းအလဲရှိလာနိုင်ကြောင်း၊
- သင်၏မျှော်မှန်းချက်များနှင့် ယခင်လုပ်ငန်းအကြီးအကဲ၊ မန်နေဂျာတို့၏ မျှော်မှန်းချက်များနှင့် မည်သို့ ကွာခြားမှုရှိကြောင်း၊ ဥပမာအားဖြင့် လုပ်ငန်းစီမံချက်အသစ်များအတွက် သုတေသန လုပ်ကိုင်ရာတွင် ပိုမိုထိရောက်မှုရှိစေရေးအတွက် ကြော်ငြာမိတ္တူ ရေးသားသူတစ်ဦးရှာဖွေရန်၊ သို့မဟုတ် လုပ်ငန်းများ ပိုမိုလုပ်ကိုင် နိုင်ရန် ရည်ရွယ်လျက် အဖွဲ့အစည်းအတွင်းမှ အတွေ့အကြုံရှိသည့် အဖွဲ့ဝင်တစ်ဦးကို တွဲဖက်
- ပေးနိုင်ကြောင်း၊
- တာဝန်ရှိမှုကို မည်ကဲ့သို့ တိုင်းတာသွားမည်ဖြစ်ကြောင်း၊
အဆိုပါ အစည်းအဝေးများမှတစ်ဆင့် သင့်အနေဖြင့် လုပ်ငန်းအဖွဲ့ဝင်များ၏ လုပ်ငန်းပိုင်းမျှော်မှန်းချက်များ၊ ပုဂ္ဂိုလ်ရေးရည်မှန်းချက်များကို ပိုမိုသိရှိနားလည်စေပြီး ယင်းရည်မှန်းချက်များ ပြည့်ဝရေးအတွက် သင့်အနေဖြင့် မည်ကဲ့သို့ ပံ့ပိုးကူညီနိုင်မည် ဆိုသည့်အချက်အပေါ် အထောက်အကူပြုစေသင့်သည်။
ထို့ပြင် ဝန်ထမ်းများအနေဖြင့် စီမံခန့်ခွဲမှု အပြောင်းအလဲကြောင့် စိုးရိမ်ပူပန်မှုများ သို့မဟုတ် အခြားသော မေးခွန်းများရှိလာပါက ထုတ်ဖော်ပြောကြားနိုင်ရန် အခွင့်အရေးပေးသင့်သည်။ သို့မှသာ သာမန်ကိစ္စရပ်များမှ ပြဿနာအဖြစ်သို့ ပြောင်းလဲခြင်းမရှိမီ သင့်အနေဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သည်။
(ခ)နယ်နိမိတ် ပိုင်းခြားသတ်မှတ်ရန်
သင့်အနေဖြင့် ရာထူးအသစ်၏ နေ့စဉ်တာဝန်ဝတ္တရားများကို နားလည်ရေးမှာ လွယ်ကူသည့် အပိုင်းဖြစ်သည်။ သင့်အခန်းကဏ္ဍ၏ သိမ်မွေ့မှုကိုမူ တစ်ခါတစ်ရံတိုင်းတာရန် ခက်ခဲလှသည်။ ဥပမာအားဖြင့် တစ်နေ့တာလုပ်ငန်းများ ပြီးစီးချိန်တွင် လုပ်ငန်းအဖွဲ့ဝင်များနှင့် ပြင်ပသို့ထွက်၍ အတူစားသောက်ကြရန် သင့်-မသင့်၊ ယခင်ကကဲ့သို့ပင် လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းရင်းနှီးနှီး နောက်ပြောင်ပြောဆိုရန် သင့် မသင့် စသည့် အချက်များဖြစ်သည်။ ယင်းတို့ အတွက် စံပြအဖြေများ မရှိသော်လည်း သေချာသည့်အချက်မှာ သင့်အနေနှင့် ကြီးကြပ်သူတစ်ဦးအနေဖြင့် နယ်နိမိတ်စည်း သတ်မှတ်ထားရန် လိုမည်ဖြစ်သည်။
ဥပမာအားဖြင့် သင်၏ယခင်အခန်းကဏ္ဍ၌ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်မိသည့်အခါ လုပ်ဖော်ကိုင်ဖော်များနှင့် ဆွေးနွေးပြောဆို မှုများ ပြုလုပ်ကောင်း ပြုလုပ်ခဲ့မည်ဖြစ်သည်။ သို့ရာတွင် ယခုအခါသင်ကိုယ်တိုင်စီမံခန့်ခွဲမှု အဖွဲ့၏တစ်စိတ်တစ်ပိုင်းဖြစ်လာသည့်အလျောက် စံနမူနာအနေဖြင့် နေထိုင် ပြောဆိုရန် လိုအပ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အားပေး ထောက်ပံ့ မှုနှင့် လမ်းညွှန်မှုပေးအပ်ခြင်းတို့ဖြစ်ပြီး တစ်ချိန်တည်းတွင် မည်မျှပင်ထိခိုက်စေရန် မရည်ရွယ်စေကာမူ ၎င်းတို့အပေါ် ပြစ်တင်ဝေဖန်ခြင်းမျိုးမပြုမိရန် ဖြစ်သည်။
(ဂ)မျက်နှာသာပေးခြင်း မပြုရန်
သင့်အနေဖြင့် အချို့သော လုပ်ဖော်ကိုင်ဖက်အဖြစ် လက်တွဲဆောင်ရွက်ဖူးသူများနှင့် ပိုမို နီးကပ်မှုရှိမည်ဖြစ်သည်။ သို့ရာတွင် ကြီးကြပ်သူတစ်ဦးဖြစ်လာသည့်အခါ ၎င်းတို့အားလုံးကို၊ အဖွဲ့ဝင်တိုင်းကို တန်းတူအလေးထားမှု၊ လေးစားမှုဖြင့် ဆက်ဆံရမည် ဖြစ်သည်။ အဖွဲ့ဝင်အချို့ကိုသာ ရွေးချယ်တာဝန်ပေးမှုက မျက်နှာသာပေးသည့် သဘောမျိုးဖြစ်တတ်ကြောင်း သတိပြုရန်လိုသည်။
ထို့ထက်အရေးကြီးသည်မှာ အဖွဲ့ဝင်အချို့ကိုသာရွေးချယ်၍ အလေးပေးခြင်းက လုပ်ငန်းအဖွဲ့အတွင်း အခြားသော အရည်အသွေးရှိသူတို့အပေါ် သတိမပြုမိခြင်း မျိုးဖြစ်စေတတ်သည်။ အဖွဲ့၏ခေါင်းဆောင်၊ အကြီးအကဲ၊ မန်နေဂျာ တစ်ဦးအနေဖြင့် လုပ်ငန်းအဖွဲ့ဝင်တိုင်းက အဖွဲ့အစည်းအတွက် အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုရှိစေရန် လုပ်ဆောင်သင့်သည်။ ယင်းအတွက် လုပ်ငန်းအဖွဲ့ဝင်တိုင်း လုပ်ဆောင်ရမည့် အလုပ်တာဝန် ဆီလျော်မှု ရှိစေရေးနှင့် လုပ်ငန်းပိုင်းကို မျှတစွာ တာဝန်ပေးအပ်နိုင်ရေး အလေးဂရုပြု ဆောင်ရွက်ရမည်ဖြစ်သည်။
(ဃ)လိုအပ်သည့်အခါ ခိုင်မာပြတ်သားမှုရှိရန်
သင့်အနေဖြင့် အကောင်းဆုံး ကြိုးပမ်းစေကာမူ အချို့အချို့သော လုပ်ငန်းအဖွဲ့ဝင်များက သင်၏ညွှန်ကြား ချက်ကို အလေးဂရုမပြုကြခြင်း၊ သတ်မှတ်ထားသည့်အချိန်အတွင်း လုပ်ငန်းကိုပြီးစီးအောင် မဆောင်ရွက်ခြင်း၊ လုပ်ငန်း အစည်းအဝေးသို့ ပုံမှန်နောက်ကျလာရောက်ခြင်းတို့ဖြင့် သင်၏သြဇာအာဏာကို စမ်းသပ်ရန် ကြိုးပမ်းကောင်း ကြိုးပမ်းကြမည်ဖြစ်သည်။ ယင်းကဲ့သို့ အခြေအနေမျိုးတွင် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ဆောင်ရွက်သင့်သည်။
သင်၏ရည်မှန်းချက်ကို လုပ်ငန်းအဖွဲ့ဝင်တိုင်းက သိရှိထားသင့်သည်။ လုပ်ငန်းဆောင်ရွက်ချက်များကို စနစ်တကျ မှတ်တမ်းထားရှိသင့်သည်။ ရံဖန်ရံခါ စည်းမျဉ်းပိုင်းနှင့်ပတ်သက်၍ အထိုက်အလျောက် လျှော့ပေါ့ပေးရန် စဉ်းစားကောင်း စဉ်းစားမိလိမ့်မည်။ အထူးသဖြင့် နှစ်ပေါင်းများစွာ သင်နှင့်လက်တွဲလုပ်ဆောင် လာသူများအပေါ် စည်းကမ်းပိုင်းနှင့်ပတ်သက်၍ လျှော့ပေါ့ဆောင်ရွက်မည်ဆိုပါက သင့်အနေဖြင့် ဖယ်ရှားရန်ကြိုးပမ်းနေသည့် အပြုအမူများကို တစ်ဖက်တစ်လမ်းမှ အားပေးသကဲ့သို့ ရှိနေမည်ဖြစ်သည်။
(င)လမ်းညွှန်မှု ခံယူရန်
သင်အနေဖြင့် ကြီးကြပ်သူ၊ အကြီးအကဲတစ်ဦးအနေဖြင့် မည်သို့သော လုပ်ငန်းပိုင်းစိန်ခေါ်မှုမျိုးနှင့် ကြုံတွေ့ရ သည့်တိုင် သင်သည် ယင်းကဲ့သို့ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့် ပထမဦးဆုံး ပုဂ္ဂိုလ်မဟုတ်ကြောင်း အမှတ်ရသင့် သည်။
အမှန်စင်စစ် သင်၏လုပ်ငန်းဌာန၊ ကုမ္ပဏီအတွင်း စီမံခန့်ခွဲမှုအခန်းကဏ္ဍသို့ ပြောင်းလဲရောက်ရှိပြီးနောက် လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးနယ်ပယ်သစ်ကို အောင်မြင်စွာဖော်ဆောင်နိုင်သူအများအပြားရှိနိုင်သည်။
ယင်းကဲ့သို့ အခက်အခဲများကို ကျော်လွှားပြီး အောင်မြင်မှုရရှိသူများနှင့် တွေ့ဆုံ၍ ၎င်းတို့၏နည်းလမ်းများကို မေးမြန်းလေ့လာသင့်သည်။
အချုပ်ဆိုရသော် စီမံခန့်ခွဲသူတစ်ဦး၊ အကြီးအကဲတစ်ဦး ဖြစ်လာခြင်းမှာ ပိုမိုတိုးတက် အောင်မြင်မှုအတွက် ပထမဦးဆုံးခြေလှမ်း ဖြစ်တတ်သည်။ ယင်းအခြေအနေ မျိုး၌ ကောင်းမွန်စွာ စီမံခန့်ခွဲမှု မရှိနိုင်သည့်ပြောင်းလဲမှုက သင်၏တိုးတက်မှုကို ပျက်ပြားစေနိုင်သည်။ သင်၏အဖွဲ့ဝင်များနှင့် ပွင့်ပွင့်လင်းလင်း ထိတွေ့ဆက်ဆံခြင်း၊ တစ်ချိန်တည်းတွင် နယ်နိမိတ်စည်း အကန့်အသတ်ထား ရှိခြင်း၊ ယင်းကဲ့သို့ပြောင်းလဲမှုမျိုးကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သူများထံမှ နည်းလမ်းများ မေးမြန်းလေ့လာခြင်းတို့ဖြင့် လုပ်ဖော်ကိုင်ဖက်အဖြစ်မှ အကြီးအကဲ တစ်ဦးအဖြစ်သို့ ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ချောမွေ့စေမည်ဖြစ်သည်။ ။


