၈ နိုဝင်ဘာ

ကျွန်မတို့တစ်တွေ ကမ္ဘာနဲ့တစ်ဝန်း လူပေါင်းများစွာရဲ့ အသက်ပေါင်းများစွာကို ထိခိုက်ဖျက်ဆီးခဲ့တဲ့အပြင် စိုးရိမ်ကြောင့်ကြ ဒုက္ခများစွာခံစားရစေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ခုခံတွန်းလှန်နိုင်ဖို့အတွက် ကာကွယ်ဆေးကို အမျှော်လင့်ကြီး မျှော်လင့်နေကြရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဖြန့်ဝေမယ့် နိုင်ငံပေါင်း ၉၂ နိုင်ငံမှာ မြန်မာနိုင်ငံလည်းပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောပြချက်အရ သိရပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆောင်ရွက်တဲ့အဖွဲ့အစည်းဖြစ်တဲ့ COVAX အဖွဲ့အစည်းဟာ အလယ်အလတ်နဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံတွေကို ဦးစားပေးခြင်းဖြစ်ပါတယ်။ အကြမ်းအားဖြင့် လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို အရင်ထောက်ပံ့ပေးမှာဖြစ်ပြီး နောက်ပိုင်းအရစ်ကျပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ အဲဒီကာကွယ်ဆေးရရှိမှုဟာ ကာကွယ်ဆေး အတိအကျထွက်ရှိမှသာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကာကွယ်ဆေးအလုံးပေါင်း သန်း ၂၀၀၀ ဖြန့်ဝေပေးမှာဖြစ်ပြီး အဲဒီလိုကာကွယ်ဆေး ရောက်ပြီဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေကို ပထမဦးစားပေးမှာဖြစ်ပြီး သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေကို ဒုတိယဦးစားပေးမှာ ဖြစ်ပါတယ်။

သွေးရည်ကြည်ကုထုံး 

ရောဂါဖြစ်ခဲ့ပြီး အောင်မြင်စွာခုခံနိုင်သူတွေမှာ ရောဂါပိုးတွေရဲ့ တိုက်ခိုက်မှုကို လျင်မြန်စွာတုံ့ပြန်ခုခံနိုင်တဲ့ B-Lymphocytes & T-Lymphocytes တွေ ရှိနေတာကြောင့် ဒီရောဂါကို ခံနိုင်စွမ်းရှိကြတာမို့ ရောဂါပျောက်ပြီး ဆေးရုံက ဆင်းလာပြီးဖြစ်တဲ့သူတွေဆီက သွေးရည်ကြည်ကို ရောဂါအပြင်းအထန်ခံစားနေရတဲ့ လူနာတွေကို သွင်းပေးခြင်းဖြင့် ရောဂါသက်သာစေတာကို တွေ့ရှိလာရတဲ့အတွက် သွေးရည်ကြည်ကုထုံးကို ကျွန်မတို့နိုင်ငံမှာလည်း အောင်အောင်မြင်မြင် အသုံးပြုလာနိုင်ခဲ့ပါတယ်။

ဒါကြောင့်မို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပေမယ့် အောင်မြင်စွာခုခံနိုင်လို့ ရောဂါပျောက်ကင်းသွားသူတွေဟာ မိမိတို့ရဲ့ သွေးရည်ကြည်ကို ပေးလှူခြင်းအားဖြင့် ဒီရောဂါအပြင်းအထန်ခံစားနေရသူ လူနာကို ရောဂါဝေဒနာ သက်သာစေပြီး အသက်ကယ်တင်နိုင်ပါတယ်။ တချို့သွေးရည်ကြည်လှူဒါန်းကြပေမယ့် ရောဂါကူးစက်ဖြစ်ပွားသူ လူနာအရေအတွက် အလွန်များတာကြောင့် သွေးရည်ကြည်များစွာ လိုအပ်နေပါတယ်။

ဒါကြောင့်မို့ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ရောဂါရပြီး ပြန်ကောင်းလာတဲ့ ပြည်သူတွေအနေနဲ့ ကူညီနိုင်တာတစ်ခုက ဘာလဲဆိုတော့ အခုဆိုရင် ကုသနည်းတစ်ခုက ရောဂါရပြီးသားပုဂ္ဂိုလ်တွေရဲ့ သွေးရည်ကြည်ကနေတစ်ဆင့် ကုသတဲ့နည်းပါ။ အဲဒါကိုတော့ လှူဖို့ဟာက ရောဂါရပြီးသား ပြည်သူပြည်သားတွေက လှူမှဖြစ်မှာပါ။ သွေးလှူတဲ့သဘောမျိုးပေါ့။ အဲဒါလုပ်နိုင်မယ်ဆိုရင် ကိုယ်ရောဂါရခဲ့ခြင်းဟာ အများအတွက်တောင်မှ အကျိုးပြုနိုင်မယ့် အခြေအနေရောက်သွားနိုင်တယ်ဆိုတဲ့အမြင်လည်း ရနိုင်ပါတယ်၊ ဒါကြောင့် ကူနိုင်တဲ့ဘက်ကနေကူပါ။ လှူနိုင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကျန်းမာရုံတင်မက တခြားသူကိုလည်း ကျန်းမာသွားအောင်လို့ လုပ်ပေးနိုင်တယ်ဆိုတဲ့ အသိစိတ်နဲ့ အများကြီးစိတ်ကျေနပ်မှုရမယ်လို့ ထင်ပါ တယ်၊ အဲဒါကြောင့် ဒါလည်းကူနိုင်တဲ့နေရာကို ကူပါ”လို့ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ၉-၁၀-၂၀၂၀ ရက်နေ့က ပြည်သူများသို့ အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။ သွေးရည်ကြည်ရှာဖွေတဲ့အခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်ကောင်းသူတွေမှာ ပဋိပစ္စည်း (Antibody) အများကြီးတက်ချိန်ဟာ ရောဂါပျောက်ကင်းကာလ တစ်လကျော်မှသာ ဖြစ်တာမို့ အဲဒီအချိန်မှ သွေးရည်ကြည်ကို ယူလို့ရပါတယ်။ သွေးအုပ်စုတူသူ အချင်းချင်းသာ သွေးရည်ကြည် သွင်းပေးလို့ရပါတယ်။
သွေးအုပ်စုထဲမှာ “A” နဲ့ “AB” သွေးတို့က ရှားပါးကြောင်း သိရပါတယ်။ သွေးရည်ကြည်တစ်ခါ လှူဒါန်းပြီးသူတွေက ဆန္ဒရှိတယ်ဆိုရင် နှစ်ပတ်အကြာမှာ နောက်တစ်ကြိမ် ထပ်မံ လှူဒါန်းနိုင်ပါတယ်။

သွေးအားလျော့နည်းသွားခြင်း မရှိနိုင် 

ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ဖြစ်ပွားပြီး ရောဂါပျောက်ကင်းသူတွေရဲ့ သွေးရည်ကြည်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး  Servere Acute Respiratory Syndrome Coronavirus -2 (SARS-Cov-2)ကို ခုခံကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေ ကျန်ရစ်နေပါတယ်။ သူတို့ရဲ့သွေးရည်ကြည်ကို အသုံးပြုပြီး ကိုဗစ်-၁၉ရောဂါပြင်းထန်တဲ့ လူနာတွေကို ကုသရာမှာ ရောဂါသက်သာပျောက်ကင်းစေဖို့ အထောက်အကူပြုကြောင်း တွေ့ရှိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး (SARS-Cov-2) ကူးစက်ခံရပြီး ၂၈ရက်အကြာ ပကတိ ပြန်လည်ကျန်းမာလာသူတွေရဲ့ သွေးရည်ကြည်ကို လှူဒါန်းခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ လူနာတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်မှာဖြစ်ပါတယ်။ သွေးရည်ကြည်အလှူရှင်တွေထံက သွေးရည်ကြည်တွေကို ထုတ်ယူရာမှာ သွေးရည်ကြည်ထုတ်စက်ကို အသုံးပြုပြီး သွေးရည်ကြည် ၄၀၀ စီစီကနေ ၆ဝဝ စီစီအထိ ထုတ်ယူနိုင်ပြီး လူနာနှစ်ဦးကနေ သုံးဦးအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သွေးရည်ကြည် လှူဒါန်းတဲ့အခါ အလှူရှင်ရဲ့ သွေးနီဥတွေကို အလှူရှင်ရဲ့ ကိုယ်ခန္ဓာအတွင်းသို့ စက်မှတစ်ဆင့် ပြန်လည်သွင်းပေးခြင်းဖြင့် သွေးရည်ကြည် အလှူရှင်မှာ သွေးအားလျော့နည်းသွားခြင်း မရှိနိုင်ပါဘူး။

အဲဒီလို သွေးရည်ကြည်လှူဒါန်းခြင်းကို နှစ်ပတ်မှ လေးပတ်အတွင်း တစ်ကြိမ်မှ သုံးကြိမ်အထိ လှူဒါန်းနိုင်ပြီး သွေးရည်ကြည်လှူဒါန်းသူတစ်ဦးကနေ တစ်ဦးထက်မကတဲ့ ကိုဗစ်-၁၉ လူနာတွေရဲ့ အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ သွေးရည်ကြည်အလှူရှင်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး (SARS-CoV-2) ကူးစက်ခံရပြီး ၂၈ ရက်ထက်မနည်း နေကောင်းနေသူဖြစ်ရပါမယ်။ အသက် (၁၈) နှစ်မှ (၆၀)နှစ်အတွင်း ရှိရပါမယ်။ အမျိုးသားဆိုရင် ကိုယ်အလေးချိန် ပေါင် ၁၂၀နဲ့ အမျိုးသမီးဆိုရင် ကိုယ်အလေးချိန် ပေါင် ၁၁၀ အနည်းဆုံး ရှိရပါမယ်။ သွေးရည်ကြည်အလှူရှင်တွေကို သာမန်သွေးလှူရှင်တွေရဲ့ ကျန်းမာရေးကို မထိခိုက်ဖို့ ဆောင်ရွက်တဲ့စည်းကမ်းတွေအတိုင်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သွေးရည်ကြည် မလှူဒါန်းခင်မှာလည်း ကျန်းမာရေးစစ်ဆေးပေးမှာ ဖြစ်ပါတယ်။

သူတော်ကောင်းပုဂ္ဂိုလ်တွေရဲ့ အလုပ်မျိုးဖြစ် 

“အသက်သည် သွေး၊ သွေးသည် အသက်' လို့ဆိုတဲ့အတိုင်း ဒီသွေးရည်ကြည်လှူဒါန်းခြင်းဟာ သာမန်ပုဂ္ဂိုလ်တွေ လုပ်နိုင်တဲ့ အလှူမျိုးမဟုတ်ပါဘူး။ ဒီလိုလှူဒါန်းခြင်းဟာ မိမိအကျိုးအတွက် ငဲ့ကွက်လိုလားခြင်းမရှိဘဲ အများကောင်းကျိုးအတွက် ပြုလုပ်တာဖြစ်လို့ အများအပေါ်မှာ မေတ္တာ၊ ကရုဏာကြီးမားတဲ့ သူတော်ကောင်းပုဂ္ဂိုလ်တွေရဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ “ပါရမာနံ ကမ္မံ ပါရမီ” ဆိုတဲ့ အဆိုအမိန့်အတိုင်း ပါရမီကုသိုလ်မျိုး ဖြစ်ပါတယ်။ ပါရမီကုသိုလ်ဟာ ဒါန၊ သီလ၊ နေက္ခမ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာဆိုပြီး ပါရမီ (၁၀) ပါး ရှိပါတယ်။ ပါရမီ (၁၀) ပါးလုံးဟာ စွန့်လွှတ်ခြင်းသဘာဝမှာ အခြေခံထားတာ ဖြစ်ပါတယ်။ ဒါနပါရမီဆိုတာ ပစ္စည်းဥစ္စာကို စွန့်ရတာ ဖြစ်ပါတယ်။ ဒါနတစ်ခုတည်းကိုပဲ ဒါနပါရမီ၊ ဒါနဥပပါရမီ၊ ဒါနပရမတ္ထပါရမီဆိုပြီး အယုတ်၊ အလတ်၊ အမြတ်အားဖြင့် သုံးမျိုးရှိပါတယ်။ ခန္ဓာကိုယ်မှပြင်ပဖြစ်တဲ့ ပစ္စည်းဥစ္စာတွေကို လှူဒါန်းခြင်းဟာ “ဒါနပါရမီကုသိုလ်” ဖြစ်ပါ တယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့ မျက်လုံး၊ ခြေ၊ လက်၊ အသွေး၊ အသား တစ်ခုခုကိုလှူဒါန်းခြင်းဟာ ဒါနဥပပါရမီ ကုသိုလ်ဖြစ်ပါတယ်။ အသက်စွန့်လှူဒါန်းခြင်းကတော့ ဒါနပရမတ္ထပါရမီကုသိုလ် ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကုထုံးအတွက် သွေးရည်ကြည်လှူဒါန်းခြင်းဟာ ဒါနပါရမီကုသိုလ်ရိုးရိုး မဟုတ်ဘဲ “ဒါနဥပပါရမီကုသိုလ်” ဖြစ်ပါတယ်။ သွေးရည်ကြည်လှူဒါန်းခြင်းဟာ ဒါနဥပပါရမီကုသိုလ်အပြင် ဇီဝိတဒါနကုသိုလ်” ကာလဒါနကုသိုလ်လည်း ဖြစ်ပါတယ်။ သွေးရည်ကြည် လှူဒါန်းခြင်းဟာ အခါတိုင်းလှူနေကျ သွေးလှူဒါန်းမှုနဲ့မတူဘဲ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလမှာသာ လှူဒါန်းခွင့်ရတာ၊ လှူဒါန်းနိုင်တာဖြစ်ပါတယ်။ လှူဒါန်းချင်သူတိုင်းလည်း လှူဒါန်းခွင့်ရတာ မဟုတ်ပါဘူး။ ဒီအချိန်၊ ဒီကာလမှာ အဆိုးထဲကအကောင်းဆိုသလို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပေမယ့် အသက်မသေဘဲ ရောဂါကို ခုခံတွန်းလှန်နိုင်လို့ ပျောက်ကင်းသွားတဲ့ သူတွေကပဲ လှူဒါန်းခွင့်ရရှိနိုင်တာ ဖြစ်ပါတယ်။ နောင်တစ်ချိန် ကိုဗစ်-၁၉ ကပ်ရောဂါကြီး ပျောက်ကွယ်သွားပြီးတဲ့အခါ သွေးရည်ကြည် လှူဒါန်းချင်ပါတယ်ဆိုရင်တောင် လှူဒါန်းခွင့်ရမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သွေးရည်ကြည်လှူဒါန်းခြင်းဟာ လိုအပ်တဲ့အချိန်မှာ လိုအပ်တာကို လှူဒါန်းခွင့်ရတာမို့ “ကာလဒါန” ဖြစ်ပါတယ်။

စွန့်လွှတ်တဲ့သူတွေမှာသာ ပါရမီဖြစ် 

ပါရမီဆိုတာ ရယူခြင်းမဟုတ်ဘဲ စွန့်လွှတ်ခြင်းပဲ ဖြစ်ပါတယ်။ ရယူတဲ့သူတွေမှာ ပါရမီမဖြစ်ဘဲ စွန့်လွှတ် တဲ့သူတွေမှာသာ ပါရမီဖြစ်တာဖြစ်ပါတယ်။ ဘုရားအလောင်း ဒါနပါရမီဖြည့်ကျင့်ရာမှာ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်လှူဒါန်းခဲ့ပါတယ်။ သွေးတွေဖောက်ပြီး စွန့်လွှတ်လှူဒါန်းခဲ့တာက သမုဒ္ဒရာလေးစင်းထဲက ရေထက်တောင် များပါတယ်။ အသားတွေကို လှီးဖြတ်ပြီး စွန့်လွှတ်လှူဒါန်းခဲ့တာက မဟာပထဝီမြေကြီးထက် များပါတယ်။ မျက်လုံးတွေကို ထုတ်ပြီး စွန့်လွှတ် လှူဒါန်းခဲ့တာက ကောင်းကင်ကကြယ်တာရာတွေထက် များပါတယ်။ တစ်ဖက်သားအတွက် အကျိုးရှိမယ်ဆိုရင် လိုအပ်တာမှန်သမျှ ညည်းညူခြင်းမရှိ အကုန်စွန့်လွှတ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

(၃၁)ဘုံအနက် လူ့ဘုံလူ့လောကမှာ လူလာဖြစ်ရတဲ့ ကျွန်မတို့လူသားအားလုံးဟာ စစ်ကိုင်းကျစွာဆရာတော်ရဲ့ အဓိဋ္ဌာန်ကို အမြဲသတိရနေဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် မျှဝေပေးချင်မိပါတယ်။ 
၁။ ကံကောင်းထောက်မ၍ လူ့ဘဝကိုရခိုက် ထိုလူ့ဘဝကို အကျိုးရှိအောင် သုံးပါမည်။
၂။ ကံကောင်းထောက်မ၍ လူ့ခန္ဓာကိုယ်ကိုရခိုက် ထိုလူ့ခန္ဓာကိုယ်ကို အကျိုးရှိအောင် သုံးပါမည်။ 
၃။ ကံကောင်းထောက်မ၍ လူ့အင်အားကိုရခိုက် ထိုလူ့အင်အားကို အကျိုးရှိအောင် သုံးပါမည်။ 
၄။ ကံကောင်းထောက်မ၍ လူ့အသိဉာဏ်ကိုရခိုက် ထိုလူ့အသိဉာဏ်ကို အကျိုးရှိအောင် သုံးပါမည်။ 
၅။ ကံကောင်းထောက်မ၍ လူ့စည်းစိမ်ကိုရခိုက် ထိုလူ့စည်းစိမ်ကို အကျိုးရှိအောင် သုံးပါမည်။

ကျွန်မတို့တစ်တွေ ချစ်ရတဲ့စာဖတ်သူ ပြည်သူတွေအချင်းချင်း တတ်နိုင်တာတွေပေးလှူကြလို့ တစ်ယောက်တစ်လက် ဖေးကူကြရင်း ကိုဗစ်- ၁၉ ကပ်ရောဂါကြီးကို ခုခံတွန်းလှန်လို့ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။

မီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်