သိပ္ပံစာရေးဆရာကိုကိုအောင်

သကြားထုတ်လုပ်ရေးလုပ်ငန်းကို ၁၉၃၂ ခုနှစ်တွင် ပြဋ္ဌာန်းအတည်ပြုခဲ့သော The Sugar Industry (Protection) Act အရ အစိုးရက အကာအကွယ်ပေးထားခဲ့သည်။ အကာအကွယ်ပေးသည်ဆိုရာ၌ ပြည်တွင်း သကြားစက်များတည်ထောင်ရေးနှင့် ထုတ်လုပ်ရေးကိုအားပေးပြီး ပြည်ပမှဝင်လာသောသကြားအပေါ် အကောက်ခွန် တိုးမြှင့် ကောက်ခံခြင်းဖြစ်သည်။ ထိုအက်ဥပဒေက မြန်မာနိုင်ငံသို့ပါ အာဏာသက်ရောက်သော်လည်း မြန်မာနိုင်ငံတွင် သကြားစက်နှစ်စက်မျှသာ လည်ပတ်နေသည့်အပြင် နောက်ထပ် သကြားစက်များကလည်း တည်ထောင်နိုင်ခြင်းမရှိခဲ့သဖြင့် အကျိုးမခံစားခဲ့ရပေ။ အကာအကွယ်ပေးသော ထိုဥပဒေကြောင့် ပြည်ပမှဝင်လာသော သကြားတစ်ဟန္ဒြိတ်အပေါ်တွင် ၇ ကျပ် ၄ ပဲ ပေးဆောင်ရမည့် အကောက်ခွန်နှုန်းကို ၁၉၃၈ ခုနှစ်အထိ တိုးချဲ့သတ်မှတ်ခဲ့သည်။ ထို့ပြင် ၁၉၃၁ ခုနှစ် အိန္ဒိယဗဟိုအစိုးရ၏ အရေးပေါ် ဘတ်ဂျက်စီမံကိန်းအရ အပိုနှုန်း ၂၅ ရာခိုင်နှုန်း  ထပ်ဆင့်လိုက်သဖြင့် အကောက်ခွန်သည် သကြားတစ်ဟန္ဒြိတ်လျှင် ၉ ကျပ် ၁ ပဲ ဖြစ်သွားခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် The Sugar (Excise Duty) Act ကို ထပ်မံပြဋ္ဌာန်းပြီး ထိုအက်ဥပဒေအရ ၁၉၃၄ ခုနှစ် ဧပြီလ ၁ ရက်မှ အစပြု၍ ပြည်တွင်းစက်ရုံထွက် သကြားတစ်ဟန္ဒြိတ်ပေါ်တွင် အကောက်ခွန်အဖြစ် ၁ ကျပ် ၅ ပဲ ကောက်ယူခဲ့သည်။ ၁၉၃၇-၃၈ ခုနှစ်တွင် ထိုအကောက်ခွန်ကို ၂ ကျပ်အထိ တိုးမြှင့်လိုက်သည်။

ပြည်ပမှဝင်သောသကြားအပေါ်တွင် အကောက်ခွန် နှုန်း တိုးမြှင့်လိုက်သဖြင့် ထိုအက်ဥပဒေ၏ အကောက် ခွန် နှုန်းကို အခွင့်ကောင်းယူကာ အိန္ဒိယပြည်တွင် သကြားစက်များကို အများအပြား  တည်ထောင်လည် ပတ်ကြရာ သကြားစက်ပေါင်း ၁၅၀ ကျော်မျှ  ထွန်းကား လာပြီး  တစ်နှစ်လျှင် သကြားတန်ပေါင်း ၈၀၀၀၀၀ ခန့်  ထုတ်လုပ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ သကြား စက်များကို တည်ထောင်နိုင်ခြင်း  မရှိခဲ့ပေ။ ဇေယျဝတီ သကြားစက် အောင်မြင်ကြီးပွားတိုးတက်သည်ကို မြင်၍  ၁၉၃၅  ခုနှစ်ခန့်က ပျဉ်းမနားဝန်းကျင်ရှိ တိုင်းရင်းသား များက ပျဉ်းမနားတွင် မြန်မာပိုင် သကြားစက်တစ်လုံး ကိုတည်ထောင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အစိုးရက ခွင့်မပြုခဲ့ပေ။ ပြည်ပမှတင်သွင်းသော သကြားအပေါ် တွင် အခွန်အကောက်တိုး၍ ကောက်ခံခဲ့ရမည် ဖြစ်သော် လည်း မြန်မာနိုင်ငံသို့ သကြား အများဆုံး တင်ပို့သည်မှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ထိုစဉ်က မြန်မာနိုင်ငံမှာ အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ်သာ ရှိခဲ့သဖြင့် အိန္ဒိယမှ တင်သွင်း သော ကုန်ပစ္စည်းများအပေါ်တွင် အခွန်မကောက်ခဲ့ရပေ။ ဒုတိယကမ္ဘာစစ် မဖြစ်မီအချိန်က မြန်မာနိုင်ငံအတွက် သကြားများကို အိန္ဒိယမှ ၉၀ ရာခိုင်နှုန်း၊ ဟောင်ကောင်မှ ၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဂျာဗားမှ ၂ ဒသမ ၆ ရာခိုင်နှုန်း တင်သွင်းခဲ့သည်။   ထို့ကြောင့် ပြည်ပမှ သကြား တင်သွင်းမှုကို မပိတ်ပင်နိုင်သည့်အပြင် Sugar (Excise Duty) Act  ကြောင့်  ပြည်တွင်းစက်ရုံထွက် သကြား များအပေါ်၌သာ အကောက်ခွန်နှုန်းတိုးသွားခဲ့ခြင်းက အဖတ်တင်ကျန်နေခဲ့သည်။

ကိုလိုနီခေတ်မြန်မာနိုင်ငံတွင် အောင်မြင်ဖြစ်ထွန်း ခဲ့သော သကြားစက် နှစ်စက်သာရှိခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ဇေယျဝတီသကြားစက်နှင့် ဆားမော်သကြား စက်တို့ဖြစ်ကြပြီး   နှင်းပုလဲသကြားစက်မှာ ဖြစ်ထွန်း အောင်မြင်မှု   မရှိလှပေ။  သကြားစက်ရုံများအတွက် ရည်ရွယ်စိုက်ပျိုးသော ကြံအထွက်နှုန်းမှာ စက်ရုံများမှ ကြိတ်ဝါးနိုင်သည်ထက် ပမာဏများစွာ ပိုခဲ့သည်။ ပိုလျှံ နေသော ကြံများကို သကြားညိုချက်သော စက်ကလေး များနှင့် ကြံသကာလုပ် စက်ကလေးများက အသုံးပြုခဲ့ ကြသည်။ ၁၉၄၀ ပြည့်နှစ်က သကြားစက်ကြီး နှစ်စက် အပါအဝင် သကြားညိုချက်စက်၊ ကြံသကာလုပ်စက် စသည့်   ကြံထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ငါးခု သာရှိခဲ့သည်။

သကြား၊ ကော်ဖီ၊ ကိတ်မုန့်၊ ပေါင်မုန့်၊ ဘီစကွတ်၊ ရေခဲ၊ ဘိလပ်ရည်စသော စားသောက်ကုန်များသည် မြန်မာ့ရိုးရာ အစားအစာများ မဟုတ်ကြပေ။ ဗြိတိသျှတို့၏ စိုးမိုးမှု အောက်တွင် နိုင်ငံခြားသားလူဦးရေ တိုးပွားလာသည့်အပြင် နိုင်ငံခြား ယဉ်ကျေးမှုက လွှမ်းမိုးလာသောကြောင့်သာလျှင်   မြို့ကြီးပြကြီးနေ   လူကုံထံများက နိုင်ငံခြားအစားအစာ များကို ခုံခုံမင်မင် စားသုံးလာကြခြင်း ဖြစ်သည်။ ဆက်စပ် အကျိုးဆက်အဖြစ် ထိုစားသုံးကုန်များကို  ထုတ်လုပ်သော  စက်ကိရိယာများနှင့် စက်မှုလုပ်ငန်းများလည်း  ထွန်းကား လာခဲ့သည်။  ထိုစဉ်က စက်ရုံအက်ဥပဒေအရ  အလုပ်သမား  ၁၀ ဦးရှိပြီး စက်ကိရိယာအသုံးပြုသော လုပ်ငန်းကို စက်ရုံ ဟု သတ်မှတ်ထားခဲ့ရာ သကြားစက်မှအပ ကျန်စားသောက် ကုန် ထုတ်လုပ်သောစက်ရုံများမှာ စက်ရုံငယ်ကလေးများ သာဖြစ်ကြပြီး စက်ရုံဦးရေကလည်း မများလှပေ။

ဘီစကွတ်၊ ပေါင်မုန့်၊ ကိတ်မုန့်စသော နိုင်ငံခြား စား သောက်ကုန် ထုတ်လုပ်ရေး စက်များနှင့် ဆက်နွှယ်ကာ ကိုလိုနီခေတ် ၁၉၂၁ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်အထိ ကာလ အတွင်းက ဂျုံစက်များလည်းပေါ်ထွန်းခဲ့သည်။ ထိုနှစ်များ အတွင်း ဂျုံစက်နှစ်စက်မှ ငါးစက်အထိ လည်ပတ်ကြပြီး ဩစတြေးလျတိုက်မှ တင်သွင်းသောဂျုံများကို ကြိတ်ခဲ့ကြ သည်။  ရန်ကုန်တွင် ရိုလာ (Roller) စက်ဖြင့် ကြိတ်သော အဒမ်ဂျီဂျုံစက်နှင့် ရန်ကုန်ရိုလာဂျုံစက်တို့မှာ ထင်ရှား သော စက်ကြီးများ ဖြစ်ကြသည်။ မန္တလေးမြို့ ဘီလမ်း တွင်လည်း   ခိုကြာလူမျိုးများတည်ထောင်သော ရိုလာ စက်သုံး ဂျုံစက်တစ်ခုရှိခဲ့သည်။ ရန်ကုန်မြို့ ၂၆ လမ်းနှင့် စစ်ကဲမောင်ထော်လေးလမ်းရှိ   ဂျုံစက်များမှာ   အာတာ ကြိတ်စက်များ ဖြစ်ကြသည်။

စားသောက်ကုန်ထုတ်လုပ်သော အခြားစက်ရုံတစ်ခု မှာ ၁၉၃၀ ပြည့်နှစ်က မေမြို့၌ မြန်မာလူမျိုး ဦးဘတူ တည်ထောင်သော ကော်ဖီစက်ဖြစ်သည်။ စက်မှုလက်မှု မှတ်ပုံတင်အမှတ် တီအမ်အေ (၁)/၂၀၉/၁/၃ ဖြင့် မှတ်ပုံ တင်ပြီး ဘီတီဘရားသား  အထက်မြန်မာပြည် ကော်ဖီ ကုမ္ပဏီအမည်ဖြင့်   လုပ်ကိုင်ခဲ့သည်။   အမှတ်  ၁၅၇/ခ မန္တလေး-လားရှိုးလမ်းမ၊   မေမြို့တွင် တည်ရှိပြီး  မြေ အကျယ်အဝန်းမှာ ၀ ဒသမ ၈၀၇ ဧကရှိသည်။ မတည် ငွေကျပ် ၅၆၀၀၀၀ ခန့်ဖြင့်   ရင်းနှီးမြှုပ်နှံတည်ထောင်ခဲ့သော စက်ရုံ ဖြစ်သည်။   ထိုစက်ရုံ၏ အဓိကကုန်ကြမ်းမှာ ကော်ဖီစေ့ဖြစ်ပြီး    ဒုတိယ   အဓိကကုန်ကြမ်းက  ချီကိုရီ အမှုန့်ဖြစ်သည်။ ကော်ဖီစေ့အစိမ်းကို ပြည်တွင်း၌ ဝယ်ယူ ရရှိပြီး ချီကိုရီအမှုန့်ကို   နိုင်ငံခြားမှ မှာယူတင်သွင်း ခဲ့သည်။  ထုတ်လုပ်သည့် ကုန်ချောအမျိုးအစားမှာ ကော်ဖီစစ်စစ်နှင့် ပြင်သစ်ကော်ဖီတို့ ဖြစ်ကြသည်။ ထိုစက်ရုံတွင်   ဂျာမနီ နိုင်ငံလုပ်     လျှပ်စစ်ကော်ဖီစေ့လှော်စက်နှစ်လုံးရှိပြီး      တစ်ရက်အလုပ်ချိန် ၈ နာရီအတွင်း ကော်ဖီစေ့ပေါင် ၁၄၄၀ ကို လှော်နိုင်ခဲ့သည်။

ကိုလိုနီခေတ်အတွင်းက   အစိုးရ၏   စိုက်ပျိုးရေး ဥယျာဉ်များတွင် အာရေဘီးယား ကော်ဖီ၊ လစ်ဘီးယား ကော်ဖီမျိုးတို့ကို စမ်းသပ်စိုက်ပျိုးခဲ့သည်။ တောင်ငူအနီး ကရင်တောင်တန်းဒေသတွင်  အာရေဘီးယားကော်ဖီ ဖြစ်ထွန်းပြီး  ထိုဒေသရှိ သံတောင်မှထွက်သော ကော်ဖီ စေ့ကို ကြိတ်သည့်   စက်ငယ်တစ်ခုလည်း ရှိခဲ့သည်။ ထိုစက်မှ   တောင်ငူကော်ဖီအမည်ဖြင့် ထုတ်လုပ်ကာ သံဘူးအတွင်း သွတ်သွင်း၍ ရောင်းချခဲ့သည်။

စားသောက်ကုန်လုပ်ငန်းများအနက်    ရေခဲနှင့် ဘိလပ်ရည်ထုတ်လုပ်သော     လုပ်ငန်းများလည်း  တွင်ကျယ်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံတွင်  ရေခဲနှင့်ဘိလပ်ရည်စက်ရုံ ခုနစ်ရုံမှ ၁၂ ရုံအထိ ရှိခဲ့သည်။ ရေခဲနှင့်ဘိလပ်ရည်စက်ရုံ ၁၂ ရုံအထိ ရှိခဲ့သော နှစ်များမှာ ၁၉၂၇ နှင့် ၁၉၂၈ ခုနှစ်များ ဖြစ်ကြ သည်။ ၁၉၃၅ နှင့် ၁၉၃၆  ခုနှစ်များတွင်  ရှစ်ရုံသာ ကျန်ရှိတော့ပြီး ၁၉၃၇ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်အတွင်းတွင် ခုနစ်ရုံသာ  ကျန်ရှိတော့သည်။

ရေခဲနှင့်ဘိလပ်ရည်  ထုတ်လုပ်ခဲ့သော   စက်ရုံ လုပ်ငန်းများတွင် မစ္စတာဒူးဘန်းနှင့် မစ္စတာ အေဒီတို့ စတင်တည်ထောင်ခဲ့သော ဒိုင်းမွန်းဘိလပ်ရည်နှင့် ရေခဲ စက်ရုံသည် အထင်ရှားဆုံးဖြစ်သည်။   ထိုလုပ်ငန်းကို ၁၈၉၂ တွင် D Bern & Co. အမည်ဖြင့် ဆူးလေဘုရားလမ်း၌ အစပျိုး လုပ်ကိုင်ခဲ့သည်။   လုပ်ငန်းအောင်မြင်သော ကြောင့် ၁၉၂၆ ခုနှစ်တွင် အောက်ကီလီလမ်း၌ တစ်ရက် လျှင်    ရေခဲတန် ၃၀၀ ကျ   စက်ရုံကိုလည်းကောင်း၊  အထက်   ကီလီလမ်း၌ တစ်ရက်လျှင်  ဒါဇင် ၆၀၀၀ ကျသော အင်ပီရီရယ် ဘိလပ် ရည် စက်ရုံကိုလည်းကောင်း ခေတ်မီစက်များဖြင့်   တည်ထောင်ကာ    လည်ပတ် ထုတ်လုပ်ခဲ့သည်။

ရန်ကုန်မြို့တွင် ၁၉၃၀ ပြည့်နှစ်ဝန်းကျင်က ဘိလပ် ရည်စက်ရုံ တည်ထောင် ထုတ်လုပ်ခဲ့သော အခြားကုမ္ပဏီ များမှာ  မြန်မာပြည် ရေခဲနှင့်ဘိလပ်ရည်ကုမ္ပဏီ (၃၆၇၊ အောက်ကြည့်မြင်တိုင်လမ်း)၊ အင်ပီရီရယ် ကျားတံဆိပ် ဘိလပ်ရည်ကုမ္ပဏီ (၅၂၈၊ ကုန်သည်လမ်း)၊ အင်ဒို ဘားမား ဘိလပ်ရည်ကုမ္ပဏီ (၁၄၄၊ ၃၇ လမ်း)၊ ကြည့်မြင် တိုင်   ရေခဲနှင့်ဘိလပ်ရည်စက်ရုံ (ဟံသာ၀တီလမ်း)၊ ရန်ကုန်ဘိလပ်ရည်စက်ရုံ    (၁၀၈၊ ကျုံးကြီးလမ်း)၊ ဆယ်မြူရယ် သရဖူတံဆိပ် ဘိလပ်ရည်ကုမ္ပဏီ (၈၀၊ ဝီလီယမ်လမ်း)၊ ဆော်လမွန်လီမိတက် (၂၉၅၊ ဂေါ်ဒွင် လမ်း)၊ ယူနိုက်တက် ကြက်တံဆိပ် ဘိလပ်ရည်ကုမ္ပဏီ  (၁၉၈၊  ကျုံးကြီးလမ်း)၊  မြန်မာ့ဘိလပ်ရည်ကုမ္ပဏီ (၄၂ လမ်း) တို့ ဖြစ်ကြသည်။

ဘိလပ်ရည်စက်ရုံကို ရန်ကုန်မြို့၌ သာမက မန္တလေး မြို့နှင့်  ပုသိမ်တို့တွင်လည်း   တည်ထောင်ခဲ့ကြသည်။ မန္တလေးမြို့ဒါးတန်းအရပ်၌ ၁၉၂၄ ခုနှစ်တွင် ဂျူးလူမျိုး ညီအစ်ကို ဒေးဗစ်နှင့် အီစရာဆိုသူနှစ်ဦးက စတင်တည် ထောင်ခဲ့သည်။   ဒါးတန်းဘိလပ်ရည်နှင့်  ရေခဲစက်မှ တစ်ရက်လျှင်ရေခဲပေါင် ၄၈၀၀၀ နှင့် ဘိလပ်ရည်ဒါဇင် ၁၀၀၀ ထုတ်လုပ်နိုင်ခဲ့သည်။ ပုသိမ်မြို့ရှိရေခဲစက်ကမူ ၁၉၃၂ ခုနှစ်တွင် မစ္စဒူဘတ်ခ်ျ တည်ထောင်ခဲ့သော စက်ဖြစ်ကာ  ပုသိမ်မြို့အရှေ့ဘက် မျက်တိုကျေးရွာ အနီး၌ တည်ရှိခဲ့သည်။  မြင်းကောင်ရေ ၉၆ ကောင်အားရှိ သော ခရော့စလေအင်ဂျင်တစ်လုံး၊ ရေခဲကန်နှစ်ကန်၊ အမိုးနီးယား ကွန်ပရက်ဆာနှစ်လုံးဖြင့် စတင်လည်ပတ် ခဲ့သည်။       ။

မြန်မာ့အလင်း