ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

ကိုဗစ်-၁၉ ဟာ လူသားတွေအားလုံးကို ဒုက္ခမျိုးစုံပေးခဲ့ပါတယ်။ ကပ်ရောဂါကြီးဟာ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခု သာမက ရောဂါ၏ရိုက်ခတ်မှုကြောင့် စီးပွားရေး အဆောက်အအုံများကို တုန်လှုပ်စေခဲ့ပါတယ်။ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ဈေးဆိုင်၊ စီးပွားရေးလုပ်ငန်းအားလုံးကို ထိခိုက်ခဲ့တယ်။ မကြုံဖူးတဲ့ အလုပ်လက်မဲ့မှုတွေ ဖြစ်ခဲ့ကြတယ်။ ခရီးသွားလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားသလို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ရပ်နားခဲ့ကြရတာ တွေ့ရပါတယ်။ စီးပွားရေးထိခိုက်မှုတွေ ရှိလာတာနဲ့အမျှ နိုင်ငံရေးစိန်ခေါ်မှုတွေ ပေါ်လာတာကို မြင်တွေ့ရပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းသိမ်းဖို့ စီးပွားရေးလုပ်ငန်းတွေရဲ့ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းခဲ့တဲ့အတွက် ဆန္ဒပြ ကန့်ကွက်မှုတွေ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်လာခဲ့တာကိုလည်း တွေ့ရပါတယ်။ အခုလို ပုံစံအမျိုးမျိုးနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရပေမယ့် ကိုဗစ်-၁၉ ကြောင့် မထင်မှတ်တဲ့၊ မစဉ်းစားမိတဲ့၊ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာခဲ့တာကို တွေ့မြင်ရပါတယ်။ အထူးခြားဆုံးကတော့ Zoom လို့ခေါ်တဲ့ ဗီဒီယိုနဲ့ ဆက်သွယ်မှု ဖြစ်ပါတယ်။

အမှန်တော့   Zoom နဲ့    ပတ်သက်ပြီး  ကျွန်တော် ကြားဖူးခဲ့တာ ကြာခဲ့ပါပြီ။ အစည်းအဝေးတွေ လုပ်တဲ့ နေရာ၊ ဟောပြောပွဲတွေလုပ်တဲ့နေရာ၊  စာသင်တဲ့နေရာမှာ အသုံးဝင်ကြောင်း   ကြားသိခဲ့ရပါတယ်။   နိုင်ငံတကာမှာ အခုလို နည်းပညာသစ်ကို တွင်တွင်ကျယ်ကျယ်အသုံးချနေတာကိုလည်း  နားလည်ခဲ့ပါတယ်။  ဒါပေမယ့်  ကိုယ်တိုင်ကိုယ်ကျသုံးဖို့     မစဉ်းစားမိခဲ့ဘူး။   လက်ရှိ ကျင့်သုံးနေတဲ့ ပုံစံကိုပဲ ကျေနပ်နေပြီး ပျော်မွေ့နေမိတာ။ ကျောင်းဆရာတစ်ယောက်၊ ဟောပြောသူတစ်ဦးအနေနဲ့ မိမိအရှေ့မှာ ကျောင်းသားတွေ၊ ပရိသတ်တွေရှိတာကို     ကျေနပ်ခဲ့တယ်၊     အားရတယ်။ အစည်းအဝေးတွေလည်း တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောရဆိုရတာကို နှစ်သက်ခဲ့တယ်။ ပုံနဲ့အသံကြားပြီး၊ မြင်ပြီး လုပ်ရတာကို အားမရဖြစ်မိတယ်။

Zoom ကို မဖြစ်မနေ အသုံးပြုလာရခြင်း

အခုတော့ ကိုဗစ်-၁၉ ရဲ့ ကျေးဇူးကြောင့် အရာရာ ဟာ ပြောင်းလဲလာခဲ့တယ်။   ခပ်ခွာခွာနေရမယ်၊   လူစု လူဝေး ရှောင်ရမယ်ဆိုတဲ့   တားမြစ်ချက်တွေကြောင့် Zoom ကို မဖြစ်မနေအသုံးချလာခဲ့ကြတယ်။  ရုပ်မြင် သံကြားဖြစ်နေတာမို့ တစ်ဦးနဲ့တစ်ဦး  ထိတွေ့ဆက်ဆံ မှုတွေဟာ  ပုံမှန်မဟုတ်ပေမယ့် အတိုင်းအတာတစ်ခုအထိ  အဆင်ပြေခဲ့တာ တွေ့ရပါတယ်။

ကျွန်တော်က စာမသင်ဘဲ မနေတတ်ဘူး။ ဟောပြော ပွဲလုပ်မှ စိတ်ထဲမှာ  အားရတာ။ သင်္ကြန်ကာလအလွန်မှာ ကျွန်တော့်အနေနဲ့ Zoom သုံးပြီး စာတွေသင်နိုင်ခဲ့တယ်။ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်ပေးနိုင်ခဲ့တယ်။ အရင်တုန်းက  လုပ်တာထက် အဆပေါင်းများစွာ လုပ်နိုင် ခဲ့တယ်။ ပရိသတ်တွေအနေနဲ့လည်း နဂိုထက် အဆ ပေါင်း ၁၀ ဆကျော်ကျော် ထိတွေ့နိုင်ခဲ့တယ်။

အခုလို  ဆောင်ရွက်ရာမှာ အထူးခြားဆုံးတစ်ခုက တော့  ပါမောက္ခချုပ်  ဒေါက်တာ  ဇော်ဝေစိုးရဲ့ အကူ အညီနဲ့ ပါမောက္ခချုပ်များ၊ ကော်မတီအဖွဲ့ဝင်များအတွက် လုပ်ဆောင်ပေးတဲ့    ဆွေးနွေးပွဲတွေ။ ကျွန်တော်က တက္ကသိုလ်တွေနဲ့ ပတ်သက်လာရင် သံယောဇဉ်ကြီး တယ်။ အခွင့်အရေးရတိုင်း ထိတွေ့ခဲ့တယ်။ ဒါပေမယ့်  အရင်တုန်းက ရန်ကုန်၊ မန္တလေးမှာရှိတဲ့ တက္ကသိုလ်တွေ နဲ့သာ ထိတွေ့နိုင်ခဲ့တယ်။ ခရီးသွားပြီး ဆောင်ရွက်ရတာမို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့ပါဘူး။ အခုတော့ မြန်မာ ပြည်မှာရှိတဲ့ တက္ကသိုလ်တွေ၊ ကောလိပ်တွေနဲ့ ထိတွေ့ ရပါတယ်။

လူဦးရေ အများကြီးနဲ့တွေ့ရ

တက္ကသိုလ်၊ ကောလိပ်လို့ ပြောရာမှာ တာဝန်ယူထား တဲ့ ပါမောက္ခချုပ် တစ်ဦးတည်းမဟုတ်ဘဲ ပါမောက္ခချုပ် အနေနဲ့ စည်းရုံးစုဝေးထားသူတွေနဲ့    ထိတွေ့ရပါတယ်။   အရေအတွက်အနေနဲ့ ထောင်ကျော်တာကို ဝမ်းသာစွာ   တွေ့ရ တယ်။    ကျွန်တော်နဲ့   ဒေါက်တာဇော်ဝေစိုးတိုင်ပင်ပြီး ရွေးချယ်ခဲ့တဲ့ ခေါင်းစဉ်အရပ်ရပ်ကို မျှဝေနိုင်ခဲ့တယ်။ အခုလို  ဆရာ  ဆရာမတွေနဲ့   ထိတွေ့တဲ့နေရာမှာ ကျွန်တော့်အနေနဲ့  ကြိုတင်ပြီး   ပြင်ဆင်ခဲ့ရပါတယ်။    အခုလို ပြင်ဆင်ရာမှာ စာတွေဖတ်ရတယ်၊ စုဆောင်းရ တယ်။ တစ်ဖက်မှာလည်း တင်ပြနိုင်အောင် ပြင်ဆင်ရပြန် တယ်။ အခုလို ဆောင်ရွက်ခဲ့ရတာဟာ ကျွန်တော့်အတွက် အကျိုးများစွာ ရရှိခဲ့ပါတယ်။ အိမ်မှာနေပြီး အလုပ်လုပ်ရ တဲ့ အတွေ့အကြုံကို  ကောင်းစွာရခဲ့တယ်။ တက္ကသိုလ် ဆရာ ဆရာမပီသစွာ မေးခွန်းတွေ စေ့စေ့စပ်စပ်မေးခဲ့ကြ တယ်၊ ဆွေးနွေးတင်ပြခဲ့ကြတယ်။

ဟောပြောပွဲအနေနဲ့ အများအတွက်   အပတ်စဉ် စနေနေ့တိုင်း လုပ်နိုင်ခဲ့တယ်။   Facebook  နဲ့  တွဲဖက်ပြီး ဆောင်ရွက်တာမို့    ပုံစံအသစ်နဲ့   လှုပ်ရှားနိုင်ခဲ့တယ်။ တစ်ဖက်တည်းမှာလည်း Facebook ကို ကျယ်ကျယ် ပြန့်ပြန့် သုံးလာခဲ့တယ်။ အရင်တုန်းကတော့   စိတ်ကူးရမှ သုံးခဲ့ပေမယ့် အခုတော့   ပုံမှန်အသုံးပြုနိုင်ခဲ့ပါတယ်။   တစ်ပတ်တစ်ခါလုပ်ခဲ့တဲ့   ဟောပြောပွဲအရေအတွက်   အရင်တစ်ပတ်က အကြိမ် ၃၀ ပြည့်ခဲ့ပါတယ်။ ပရိသတ် တွေရဲ့အားပေးမှုနဲ့ အခုလိုဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနတွေ   တာဝန်ပေးချက်အရ   စကားဝိုင်း အစည်းအဝေးတွေကို လုပ်နိုင်ခဲ့တယ်။  သဘာပတိအဖြစ် တာဝန်ယူခဲ့ရတယ်။   Zoom ရဲ့   အားသာချက်တွေကို လက်တွေ့ကျကျ တွေ့ခဲ့ရတယ်။ တစ်ဖက်မှာလည်း စီးပွား ရေးလုပ်ငန်းတွေအတွက် ကုမ္ပဏီတွေ၊  အဖွဲ့အစည်းတွေ အပြင်    နိုင်ငံတကာ   အဖွဲ့အစည်းတွေအတွက်လည်း သင်တန်းတွေကို Zoom သုံးပြီး လုပ်ခဲ့တယ်။ ကျွန်တော် ကျေနပ်မှုရတဲ့ ပို့ချမှုတစ်ခုက မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဦးအောင်ကြည်ရဲ့ ဦးဆောင်စီမံမှု ကြောင့်  အပတ်စဉ်  အဂတိလိုက်စားမှု  တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေမယ့် ခေါင်းစဉ် တွေ ရွေးချယ်ပြီး တစ်ပတ်တစ်ကြိမ် ဟောပြောပို့ချနိုင်ခဲ့ တယ်။ အခုဆိုရင် အကြိမ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။

Zoom ကိုသုံးပြီး ကန်တော့ပွဲများဆင်နွှဲ

သီတင်းကျွတ်ကာလမှာ Zoom ရဲ့ အသုံးဝင်မှုကို ပိုမိုပြီး တွေ့ရှိခဲ့ကြပါတယ်။     ကျွန်တော်တို့   မိသားစု ညီအစ်ကို မောင်နှမတွေဟာ သီတင်းကျွတ်လပြည့်နေ့မှာ ဆုံကြပြီး ကြီးစဉ်ငယ်လိုက်ရှိခိုးကြတယ်၊  စုဝေးကြတယ်၊ စားသောက်ကြတယ်။ ကြီးတဲ့သူတွေကလည်း ငယ်သူတွေ ကို မုန့်ဖိုးတွေ ပေးကြတယ်။ ဒီနှစ်တော့ ကိုဗစ်ကြောင့် ထုံးစံကို ပျက်ရမလို ဖြစ်ခဲ့တယ်။ ဒါပေမယ့် Zoom ကို သုံးပြီး      ကန်တော့နိုင်ခဲ့ကြတယ်။   တစ်ယောက်နဲ့ တစ်ယောက် အနေမနီးပေမယ့် သံယောဇဉ်ကြိုးတွေကတော့ ခိုင်မြဲလျက်ရှိပါတယ်။ အခါကြီးရက်ကြီးမှာ  ကိုယ်နဲ့ ပတ်သက်တဲ့ တပည့်တွေက ပုံစံအမျိုးမျိုးနဲ့  ကန်တော့ခဲ့ကြ တယ်။ ပထမဆုံးက ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်တဲ့ MIU က ဒေါ်ပို့ပို့ကြည်နဲ့အဖွဲ့က အာစရိယပူဇော်ပွဲကို ခမ်းနားစွာ ကျင်းပခဲ့တယ်။  ဒုတိယအကြိမ်ကတော့  ဒေါက်တာကျော် မိုးထွန်း ဥက္ကဋ္ဌတာဝန်ယူထားတဲ့    မြန်မာနိုင်ငံ  ပုဂ္ဂလိက တက္ကသိုလ်များအဖွဲ့။ ကျွန်တော်နဲ့အတူ   ကန်တော့ခံသူက   ဆရာဦးနေအုပ်။ ကျွန်တော်တို့နှစ်ဦးက အသင်းရဲ့ နာယက တွေဖြစ်တယ်။   အဖွဲ့ဝင်တွေဟာ     ပုဂ္ဂလိကတက္ကသိုလ် တွေကို  တည်ထောင်သူတွေ၊ ဦးစီးသူတွေဖြစ်ကြတယ်။ အမှန်တော့ ကျွန်တော်တို့ နိုင်ငံမှာ  ပုဂ္ဂလိကတက္ကသိုလ် တွေရှိသင့်တယ်။ အရေးကြီးတဲ့ အရာက အရည်အသွေး ပြည့်မီဖို့သာဖြစ်တယ်။ လူငယ်တွေ ဦးစီးထားတဲ့ တက္ကသိုလ် တွေကို ကျွန်တော်အစဉ်အားပေးခဲ့တယ်။ တစ်ချိန်မှာ လိုအပ်တဲ့ဥပဒေတွေ   ပေါ်ထွက်လာမယ်လို့လည်း မျှော်လင့် မိပါတယ်။

တတိယမြောက် အာစရိယပူဇော်ပွဲကတော့ ကိုအောင် ချစ်ခင်ဦးစီးတဲ့ Strategy First တက္ကသိုလ် ဖြစ်တယ်။ သူတို့အနေနဲ့လည်း Zoom ကို သုံးပြီး အာစရိယပူဇော်ပွဲကို ခမ်းနားစွာကျင်းပနိုင်ခဲ့တယ်။   စီးပွားရေးတက္ကသိုလ်မှာ MBA ဘွဲ့ရသူများ   ဖွဲ့စည်းထားတဲ့    MBE အသင်းဟာ အာစရိယပူဇော်ပွဲတစ်ရက်ကို Zoom နဲ့   လုပ်ခဲ့ပါတယ်။ ကျွန်တော်က ဒီအသင်းအပေါ် သံယောဇဉ်ကြီးတယ်။ MBA သင်တန်းမှာ သူတို့နဲ့ပဲ တွေ့ခဲ့ရပြီး နောက်ပိုင်းမှာ သူက MBE ကို ဖွဲ့စည်းခဲ့တာမြင်ရတယ်။ နာဂစ်အလွန်မှာ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ သူတို့သင်ယူ ခဲ့တဲ့ စီမံခန့်ခွဲမှုပညာတွေကိုလည်း  တစ်ဆင့်ဖြန့်ဝေပေးခဲ့ တယ်။ အသင်းအနေနဲ့ အများပိုင်ကုမ္ပဏီတစ်ခုတည်ထောင် ပြီး   ကျောင်းမှာသင်ကြားခဲ့တဲ့   စီးပွားရေးပညာတွေကို လက်တွေ့ကျင့်သုံးနေကြတယ်။ အားလုံးဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်တွေ ဖြစ်နေတာတွေ့ရလို့ အားရမိတယ်၊ ပီတိ ဖြစ်မိပါတယ်။

နောက်ဆုံးအသုတ်ကတော့    ရန်ကုန်စီးပွားရေး တက္ကသိုလ်က ဌာနနှစ်ခုရဲ့ အာစရိယပူဇော်ပွဲတွေဖြစ်တယ်။ စီမံခန့်ခွဲမှုဌာနနဲ့ ဝါဏိဇ္ဇဗေဒဌာနနှစ်ခုက   ကျင်းပတဲ့ပွဲ တွေဖြစ်တယ်။ ဝါဏိဇ္ဇ‌ဗေဒဌာနဟာ ကျွန်တော်နဲ့အရင်းနှီး ဆုံးဌာနဖြစ်တယ်။ ကျွန်တော် ၁၉၆၆ ခုနှစ်ကနေ ၁၉၈၉ ခုနှစ် ၂၃ နှစ် တာဝန်ယူခဲ့တဲ့ဌာန။ စီမံခန့်ခွဲမှုဌာန စတင် ဖွဲ့စဉ်က ကျွန်တော် ပါဝင်ခဲ့ပြီး နောက်ပိုင်းနိုင်ငံခြားမှာ အလုပ်တာဝန်အရ   သွားရောက်ခဲ့တာမို့ အဆက်အသွယ် ပြတ်ခဲ့တယ်။ ဒါပေမယ့် ၂၀၀၈ မြန်မာပြည်ပြန်ရောက်တဲ့အချိန်ကစပြီး စီမံခန့်ခွဲမှု ဌာနက ဦးစီးသင်ကြားပို့ချနေတဲ့ MBA  သင်တန်းတွေမှာ ပို့ချခဲ့တယ်။ ဝါဏိဇ္ဇဗေဒဌာနမှာလည်း ဘွဲ့လွန်သင်တန်းနှစ်ခုမှာ   သင်တန်းတွေကို တာဝန်ယူပြီး သင်ကြားပို့ချခဲ့ပါတယ်။

ခေတ်နဲ့အညီ ဖြစ်လာသော New Normal

အခုလို  Zoom နဲ့ ဆောင်ရွက်တဲ့ ဆရာကန်တော့ပွဲ တွေဟာ     ခေတ်နဲ့အညီ    တုံ့ပြန်မှုတွေဖြစ်တယ်။ အမှန်တော့  Z oom နဲ့ ကျင်းပတဲ့ ဆရာကန်တော့ပွဲတွေဟာ ကမ္ဘာပေါ်မှာ မြန်မာတစ်နိုင်ငံမှာပဲ ဆောင်ရွက်နိုင်တာ ဖြစ်တယ်။    နိုင်ငံတကာမှာ Zoom  ထမင်းစားပွဲတွေ၊ လက်ဖက်ရည်ပွဲတွေ၊    ဧည့်ခံပွဲတွေလုပ်ခဲ့ပေမယ့်    မြန်မာနိုင်ငံမှာလုပ်တဲ့   ဆရာကန်တော့ပွဲမျိုးမရှိနိုင်မှာ သေချာလှပါတယ်။  ဒီလို ဆောင်ရွက်တာကို Zoom ကို တီထွင်တဲ့ပိုင်ရှင်က     အထူးအဆန်းတစ်ခုအနေနဲ့ အသိအမှတ်ပြုသွားရမှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှမရှိတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။     ဆရာကန်တော့ပွဲ  ယဉ်ကျေးမှုဟာ ကျွန်တော်တို့နိုင်ငံမှာ   အခုထိ   ရှင်သန် နေတာဟာ   ဂုဏ်ယူစရာကိစ္စတစ်ရပ်  ဖြစ်ပါတယ်။  ဆက်လက်ထိန်းသိမ်းသွားဖို့လည်း   လိုအပ်မှာ     ဖြစ်ပါ တယ်။  ကန်တော့ပစ္စည်းတွေကိုလည်း   အိမ်တိုင်ရာ ရောက်ပို့ဖို့ အခြေအနေမရှိတာမို့ အွန်လိုင်းကတစ်ဆင့် ကန်တော့ငွေတွေကိုလည်း လွှဲပေးခဲ့တာ။ ကျွန်တော်တို့ မြန်မာတွေဟာ   ခေတ်နဲ့အညီ   ရင်ပေါင်တန်းနိုင်တဲ့  လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ Zoom နဲ့ ကျင်းပတာမို့ အခမ်းအနားကျင်းပရတာ၊  ကန်တော့ခံဆရာ ဆရာမ တွေကို    အကြိုအပို့လုပ်ရတာတွေလည်း    တာဝန် ပေါ့သွားမှာ ဖြစ်ပါတယ်။     ကန်တော့ပွဲလုပ်မယ့်နေရာ၊ သွားလာရတဲ့ဒုက္ခနဲ့လည်း ကင်းဝေးသွားတာ တွေ့ရပါ တယ်။ ဒီအစဉ်အလာကို ကိုဗစ်-၁၉ ကာလအလွန်မှာ လည်း ဆက်လက်ထိန်းသိမ်းသွားရမှာသာ ဖြစ်ပါတယ်။ ကန်တော့သူတွေ၊ ကန်တော့ခံတဲ့သူတွေအတွက် အလွန် အဆင်ပြေလှတဲ့ အစီအစဉ်တစ်ရပ်ဖြစ်ပါတယ်။

အခုလို ပုံမှန်အသစ်(new normal)နဲ့ ကန်တော့ခံရ တာကို ပီတိဖြစ်မိပါတယ်၊ ကျေနပ်မိပါတယ်။ Zoom အခမ်းအနားတွေမှာ ကန်တော့တဲ့သူတွေက ကန်တော့ ချိုးနဲ့တိုင်ကြတယ်။    အခုလို    ကန်တော့ပြီးချိန်မှာ ကန်တော့ခံ  ဆရာ ဆရာမတွေက ဆုပေးကြတယ်။ အခမ်းအနားက   ရိုးရိုးနဲ့အဓိပ္ပာယ်ရှိရှိ ကျင်းပသွား ကြတာဖြစ်တယ်။ ပကာသနမပါ၊   အကျွေးအမွေးမရှိဘဲ   ကန်တော့ခြင်းရဲ့အနှစ်သာရအစစ်ကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။   ကျွန်တော်ဆုပေးတဲ့အခါ   ကျွန်တော့် ထက်အသက်ကြီးတဲ့၊ ဝါကြီးတဲ့ဆရာ ဆရာမကြီးတွေကို ကန်တော့ပါတယ်။

အစဉ်အလာကောင်းတွေ ဆက်လက်ထိန်းသိမ်း

အခုဆိုရင်  အသက်တွေရလာတာမို့ ကျွန်တော့်ထက်  ကြီးသူတွေအနက်    ဆရာမကြီး ဒေါ်ရီရီမြင့်၊   ဆရာကြီး ဦးမော်သန်းနဲ့     ဆရာမကြီး ဒေါ်လှမြင့် သုံးဦးပဲ ကျန်ရှိ တော့ပါတယ်။ ဆရာမကြီး ဒေါ်ရီရီမြင့်ဟာ အမေရိကန် ပြည်ထောင်စုနာမည်ကြီး Stanford တက္ကသိုလ်က MBA   ဘွဲ့ရထားသူဖြစ်ပြီး  စီမံခန့်ခွဲမှုပညာဌာနမှာ    တာဝန် ယူခဲ့သူဖြစ်ပါတယ်။   ဆရာမကြီး ဒေါ်လှမြင့်ကတော့ ကျွန်တော့်ရဲ့   ဆရာမအရင်းဖြစ်တယ်။    နောက်ဆုံး နှစ်တက်နေစဉ်    ကျွန်တော့်ရဲ့ နည်းပြဆရာမတစ်ဦး  ဖြစ်ပါတယ်။     ဆရာကြီး  ဦးမော်သန်းကတော့ ကျွန်တော်နဲ့အတူ အင်္ဂလန်နိုင်ငံမှာ   နိုင်ငံခြားပညာတော် သင်သွားရောက်ခဲ့သူဖြစ်ပါတယ်။    ကျွန်တော်တို့ကို       ကန်တော့ကြသူတွေအထဲမှာ   ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊      ညွှန်ကြားရေးမှူးချုပ်တွေ၊   ပါမောက္ခချုပ်တွေ၊   ပါမောက္ခတွေ  ပါဝင်ကြပါတယ်။ သူတို့အနေနဲ့ အခုလို   အောင်မြင်နေကြတာ တွေ့မြင်ရ တော့ စိတ်ထဲမှာ ကျေနပ်မိပါတယ်။   ကိုယ့်တပည့်တွေ ကိုယ့်ထက်အောင်မြင်တာဟာ   အခြေခံ  လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။    သားသမီးဟာ   မိဘထက် တော် ရမယ်။   တပည့်တွေဟာ ဆရာတွေထက် ထူးချွန်ရမှာသာ  ဖြစ်ပါတယ်။   ဒီလိုမှ မျိုးဆက်သစ်တွေဟာ  တိုးတက်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအရ ကံသုံးပါးနဲ့ ပြစ်မှား မိရင် ခွင့်လွှတ်ဖို့ အမြဲတောင်းခံပါတယ်။ ကိုယ့်အနေနဲ့ အမြဲခွင့်လွှတ်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ကိုယ် ကတပည့်တွေအပေါ်  ပြစ်မှားမိရင်လည်း  ခွင့်လွှတ်ဖို့ စိတ်ထဲက တောင်းဆိုမိပါတယ်။

အလွန်မြတ်နိုးစရာကောင်းတဲ့ ထုံးစံယဉ်ကျေးမှုကို နောင်လာနောက်သားတွေ ဆက်လက်ထိန်းသိမ်းမယ်လို့ ယုံကြည်မိပါတယ်။ Zoom နည်းပညာနဲ့ ပိုပြီး အဆင် ပြေတဲ့၊ ချောမွေ့တဲ့ ကန်တော့ပွဲတွေ ဆက်လက်လုပ်ကြ မယ်လို့လည်း ယုံကြည်မိပါတယ်။        ။

မြန်မာ့အလင်း