၁၇ နိုဝင်ဘာ

မြန်မာအဘိဓာန်က ‘နန်းတော်အိမ်တော်တွင် ကိစ္စအသေးအဖွဲများကို ဆောင်ရွက်ပေးရသော သူငယ်အမှုထမ်း’ ဟု ဖွင့်ဆိုသည့် သူငယ်တော်များသည် ရှေးအခါက မြန်မာ့နန်းတော် များတွင်  အမှုတော်ထမ်းခဲ့ကြသူများဖြစ်ကြသည်။ သမိုင်းပညာရှင် ဒေါက်တာ တိုးလှက သူငယ်တော်များသည် မင်းဧကရာဇ်ထံပါးတွင် အသေးအဖွဲ အမှုငယ်များကို ဆောင်ရွက်ပေး ကြရသည့် အသက်ခုနစ်နှစ်ထက် မကြီးသော ကလေးသူငယ်များဖြစ်သည်ဟု ဆိုခဲ့သည်။

ယင်းတို့ကို  ကိုယ်စားပြုသည့်အရုပ်များအား  ဘုရားကျောင်းကန် အဆောက်အအုံများတွင်  အဆင်တန်ဆာ တစ်ခုအဖြစ် ထည့်သွင်းထုလုပ်ခဲ့ကြပြီး ယခုခေတ်တွင် သူငယ်တော်ရုပ်ကို ဖိုးဝရုပ်ဟု သိရှိကြသည်။

သူငယ်တော်ရုပ်

သူငယ်တော်ရုပ်ကို  မြန်မာအဘိဓာန်က  ရုပ်သေး သဘင်တွင်ပါဝင်သော      ကလေးသူငယ်အရုပ်ဟု အဓိပ္ပာယ်ဖွင့်ဆို၍      မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် Puppet representing a royal page ဟု ပြဆိုသည်။

သူငယ်တော်ရုပ်များကို ပွဲဈေးများနှင့်   ဘုရားဈေး တန်းများတွင်    အများဆုံးရောင်းချကြကာ   ချစ်ဖွယ် အသွင်ရှိသဖြင့်  အိမ်များတွင် အလှဆင် အရုပ်များအဖြစ် လည်း ထားရှိကြသည်။ သူငယ်တော်ရုပ်များကို သစ်သား၊ ကျောက်၊ အင်္ဂတေတို့ဖြင့်  ထိုင်နေဟန်၊  ဆော့ကစားနေ ဟန်၊ ရပ်နေဟန်၊ ဆီမီးပူဇော်နေဟန် စသည်ဖြင့် ဟန်မျိုး စုံ ပြုလုပ်ခဲ့ကြသည်။ ယခုအခါတွင်မူ မတ်တတ်ရပ်နေ သည့်ဟန် ခေါင်းပွစက္ကူရုပ်များကို အများဆုံးပြုလုပ်ကြ သည်။

သူငယ်တော်ရုပ်သည် ဆံပင်ကို ဘယ်ညာနှစ်ဖက် ခွဲ၍  တစ်ဖက်စီတွင်  ဖဲကြိုးဖြင့် ချည်ထားသော ကလေး ရုပ်ဖြစ်သည်။ လည်တိုင်တွင် ကြီးမားသော ရွှေဒင်္ဂါးပြား တစ်ပြားကို ဆွဲထား၍ ခါးတောင်းကျိုက်ထားသည့် သူငယ်တော်ရုပ်သည်   လက်ကောက်နှင့်    ခြေချင်းကို ဝတ်ထားပြီး ပါးနှစ်ဖက်ပေါ်တွင် ပါးကွက်ဝိုင်းကို ကွက် ထားလေ့ရှိသည်။ သူငယ်တော်အက  ကပြရာတွင် သူငယ် တော်သည်    ခါးတောင်းကျိုက်အောက်၌   ဒူးဖုံးသော အောက်ခံဘောင်းဘီကို ဝတ်ဆင်လေ့ရှိသည်။

၁၉၉၆ ခုနှစ်က  ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ခရီး သွားနှစ်တွင် သူငယ်တော်ရုပ်(ဖိုးဝရုပ်)ကို  ခရီးသွားနှစ် အမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့သည်။

မြန်မာဘုရင်များ၏ ပလ္လင်တော်များတွင်   ခြင်္သေ့၊ ဆင်ပျံ၊ လောကနတ်၊ ဒေါင်းမြီးယပ်၊ ဆင်နား၊ တံခါးတိုင်၊ သိကြား၊  ကိန္နရာ၊  သမ္မာဒေဝ၊  ခြူး၊   ကြာ၊   ဦးဆောက် ပန်းဟူသည့်နေရာ ၁၂  ခုနှင့် သူငယ်တော်ရုပ်ကို ထည့် သွင်းထုလုပ်သည်။ ပလ္လင်များ၏ ရှေ့တွင် ပလ္လင်တော်ကို မျက်နှာမူကာ  မတ်တတ်ရပ်လျက် လက်နှစ်ဖက်ယှက်၍ ရှိခိုးနေသည့် အဉ္စလီ မုဒြာဟန် ကလေးသူငယ်ရုပ်များကို မြင်တွေ့နိုင်ကြသည်။ အချို့သော သူငယ်တော်ရုပ်များကို အဝတ်အစားမပါရှိဘဲ  ပြုလုပ်ကြပြီး   ရန်ကုန်မြို့ အမျိုး သားပြတိုက်တွင် ပြသထားသည့် သီဟာသနပလ္လင်၏ ရှေ့တွင် တစ်ရုပ်လျှင် ၂၂ လက်မစီမြင့်သည့်  ကိုယ်လုံးတီး သူငယ်တော်ရုပ်ရှစ်ရုပ်ကို မြင်တွေ့ကြရသည်။ ယင်းတို့ကို  သစ်သားဖြင့်   ထုလုပ်ပြီး    ရွှေရောင်ဆေးခြယ်ထားသည်။

ပလ္လင်ခံသူငယ်သဏ္ဌာန်  ပူဇော်ဟန်ထုလုပ်ခြင်းသည် သူငယ်သည်  နေ့စဉ်ကြီးပြင်းလာသကဲ့သို့   ဘုရင်မင်းမြတ်၏   ဘုန်းကျက်သရေနှင့်   တန်ခိုးအာဏာသည်    နေ့စဉ် မပြတ်   တိုးတက်နေမည်ဟူသည့်  နိမိတ်ကို   ယူခြင်းဖြစ် သည်။  သူငယ်တော်ရုပ်များ၏ ရှိခိုးပူဇော်ဟန်သည် ကမ္ဘာဦး လူသားများက    ဘုရားလောင်းအား   မင်းပြုရန် ညီညွတ် စွာလျှောက်ထား၍  သမ္မတတင်မြှောက်ဟန်ပုံစံကို  ထုလုပ် ခြင်းဖြစ်ကြောင်း ရွှေနန်းသုံးဝေါဟာရအဘိဓာန်တွင်  ဖော်ပြ ထားသည်။

နန်းတွင်း သူငယ်တော်အစနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ

မြန်မာဘုရင်များလက်ထက်တွင်   သူငယ်တော်ဟူသည့်    အမှုထမ်းများရှိခဲ့ရာ   ယင်းတို့၏  အဆင့်အတန်း၊ တာဝန်နှင့် ဝတ္တရားများကို   မြန်မာ့သမိုင်းကျမ်းအချို့တွင် တွေ့ရှိရသည်။

သူငယ်တော်များသည်    အနောက်ဆောင်တော်များတွင် တာဝန်ထမ်းကြရသည့်      သန့်ရှင်းရေးအမှုထမ်းများ ဖြစ်ကြ၍   ကုန်းဘောင်ခေတ်၊   ဗဒုံမင်းလက်ထက်(ခရစ် နှစ် ၁၇၁၂-၁၈၁၉) တွင်  စတင်ပေါ်ပေါက်ခဲ့ကြောင်းကို ရွှေနန်းသုံးဝေါဟာရအဘိဓာန်တွင်   ‘အနောက်ဝန်  ဝန်စု အမှုထမ်း၊ အနောက်အတွင်းတော်  မင်းမိဖုရားအဆောင်တော်များတွင် မသင့်မလျော် ရှင်းလင်းသုတ်သင်ရန်ရှိသည့်အခါ    အနောက်ဝန်  စာရေးတို့   ကြပ်မတ်၍   ရှင်းလင်း သုတ်သင်ရသည်။ သူငယ်တော်အမှုထမ်း ၉ တို့မှာ တစ်လ လျှင် စပါးတော်တင်း ၈၀ အသနားတော်မြတ်ခံရသည်။

ယင်းသည် သူငယ်တော်အမှုထမ်းကား အမရပူရ ပဌမ မြို့တည်နန်းတည်   ဘိုးတော်မင်းတရားကြီး ဘုရားတော် လက်ထက် သက္ကရာဇ် ၁၁၅ဝ ခု နတော်လတွင် ရခိုင်မြို့၊ သံတွဲမြို့၊ ရမ်းဗြဲမြို့၊ မာန်အောင်မြို့များက အိမ်ထောင်စုံ လူတရာ့တဆယ် ၁၁၀ အမရပူရ မြို့တော်သို့ တက်နေစေ၍ စားပုံမြေတာ ပေးသနားတော်မူပြီးလျှင် ၎င်းရခိုင်လူမျိုးတို့ကို သူငယ်တော်အမှုထမ်း   ဖွဲ့စည်းတော်မူသည်၊   ထိုအခါမှ အစပြုပြီးလျှင်   ၎င်းအမှုထမ်းပေါ်လာခြင်းဖြစ်သည်’  ဟု  ဖော်ပြထားသည်။ (မူရင်းသတ်ပုံအတိုင်းဖြစ်ပါသည်။)

သမိုင်းပညာရှင် ဒေါ်ကြန်က  သူငယ်တော်သည် ဘုရင်မင်းမြတ်၏ အနီးအပါးတွင် ခစားထမ်းရွက်ရသော အစေအပါး လူငယ်များဖြစ်ကြောင်းနှင့်  ဖိနပ်တော်၊  ကွမ်းတော်၊ လက်ဖက်ရည်တော်များနှင့်တူကြောင်း    ရေးသားခဲ့သည်။

မြန်မာမင်း      အုပ်ချုပ်ပုံစာတမ်းတွင်မူ     ‘မင်းမိဖုရား၊ မင်းသမီး၊   အပျိုတော်တို့နေသော  အဆောင်ခန်းများနှင့် သွားလမ်းလာလမ်းများမှာ  သာယာသန့်ရှင်းအောင် ဆောင်ရွက်ရသောအမှုထမ်း။  မသန့်ရှင်းသော အရာများရှိလျှင် သူငယ်တော်၊  သားပေါက်တော်တို့အပေါ်  အနောက်ဝန်က တိုက်ရိုက်စစ်ဆေး၍ အပြစ်ပေးနိုင်သည်’ဟု ဖော်ပြထား သည်။

မြန်မာ့သမိုင်းအဖွဲ့ဝင်  ဦးသိန်းလှိုင် ပြုစုသည့်ခေတ် ဟောင်းမြန်မာ့သမိုင်း အဘိဓာန်တွင် သူငယ်တော်ကို မင်း မိဖုရား  အဆောင်တော်များ (အထူးသဖြင့်  အိမ်သာတော်များ)ကို သန့်ရှင်းစင်ကြယ်အောင် ရှင်းလင်းသုတ်သင်ရသော အမှုထမ်းဟု ဖွင့်ဆိုသည်။

မြန်မာအဘိဓာန်က   သူငယ်တော်ကို   နန်းတော်အိမ် တော်တွင်  ကိစ္စအသေးအဖွဲများကို ဆောင်ရွက်ပေးရသော သူငယ်အမှုထမ်းဟု ဖွင့်ဆိုသော်လည်း အနောက်ဆောင်တွင် တာဝန်ထမ်းဆောင်ကြသူများဟု မဆိုထားချေ။

သူငယ်တော်များသည် ဗဒုံမင်းလက်ထက်တွင် စတင် ပေါ်ပေါက်ခဲ့သည်ဟူသည့် ယူဆချက်အပေါ်  အမြင်မတူညီ မှုများ ရှိခဲ့သည်။  ခရစ်ယာန်သာသနာပြုပုဂ္ဂိုလ် ဂျပ်ဆင်ပြုစု ခဲ့သည့်    အဘိဓာန်တွင်     သူငယ်တော်ကို   ရှေးအခါက နန်းတွင်း၌   တံမြက်လှည်းသူ၊   စော်ဘွားအခြွေအရံ (formerly a palace sweeper, a personal attendant of a Sawbwa) ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ရှေးအခါက ဟူသည့်  အသုံးအနှုန်းကြောင့် အဘိဓာန်ပြုစုချိန်တွင် မဟုတ်တော့ကြောင်း   ယူဆဖွယ်ရှိသည်ဟု ဆရာမကြီး ဒေါ်ကြန်က သုံးသပ်ခဲ့သည်။

ပုဂံခေတ် သူငယ်တော်

သူငယ်တော်   အမှုထမ်းများသည်  ပုဂံခေတ်တွင် ရှိခဲ့ကြောင်း   သုတေသီများက   အထောက်အထားများဖြင့် ဖော်ပြခဲ့ကြသည်။  သက္ကရာဇ် ၅၉၅ ခုနှစ်ထိုး အိုပြည့်စုံသင် ကျောက်စာ(စောမင်းလတ်ဘုရားကျောက်စာ) ၌  သ္ခိင်ကျ စွာသုငယ်တာဝ်ဟု လည်းကောင်း၊  သက္ကရာဇ် ၆၂၆ ခုနှစ်ထိုး စောလှဝန်းဘုရားကျောက်စာတွင် သံပျင်ကလန် သုငဲတ်ဟုလည်းကောင်း၊    သက္ကရာဇ် ၆၂၇ ခုနှစ်ထိုး မင်းဝိုင်းကျောက်စာ၊    သက္ကရာဇ် ၆၃၁ ခုနှစ်ထိုး  မသ္ခိင် ဖွားဇဝ်ကျောက်စာနှင့်    သက္ကရာဇ် ၆၅၁ ခုနှစ်ထိုး   တုရင် ပုထိုးကျောက်စာတို့တွင်     အပသုငဲဟုလည်းကောင်း တွေ့ရှိရသည်။      ထို့အတူ  ပုဂံခေတ်ထိုးကျောက်စာများဖြစ် သည့်  သက္ကရာဇ်   ၆၃၄ ခုနှစ်ထိုး   သစ်မထီးကျောင်း ကျောက်စာ၊  သက္ကရာဇ် ၆၅၅ ခုနှစ်ထိုး အမတ်ကြီး  ဣန္တ ပစ္စရာကျောက်စာ၊   သက္ကရာဇ် ၆၅၆ ခုနှစ်ထိုး သံပျင် ဇေယျသူဌေးကျောက်စာစသည်တို့တွင်  သူငယ်တော်ကို  ညွှန်းဆိုသည့် အသုံးအနှုန်းများ ပါရှိခဲ့သည်။

အိုပြည့်စုံသင်ကျောက်စာပါ  မှတ်တမ်းများအရ သူငယ်တော်သည်   အိုပြည့်စုံသင်၏အလှူတော်တွင်   သက်သေအဖြစ်  ပါဝင်ခဲ့သည့်  နန်းတွင်းအမှုထမ်းဖြစ် ကြောင်း၊ သံပျင်၊  ကလန်၊ ဟူးရား၊ သမား၊ သုခမိန်တို့နှင့် တစ်တန်းတည်း ဖြစ်ကြောင်း၊ မင်းဝိုင်းကျောက်စာပါ မှတ်တမ်းများအရ       ဥစ္စနာမင်းလက်ထက်တွင် သူငယ်တော်သည် ဥစ္စနာမင်းကြီး၏ နာခံတော်ဖြစ်သော လက်ဆောင်(ယူမှူး)  ဥတ္တမ ဘိရာဇ်နှင့်အတူ မင်းမိန့်ကို နာခံ၍ မင်းမှုဆောင်ရွက်ရသူဖြစ်ကြောင်း  တွေ့ရှိရ သည်ဟု မြန်မာ့သမိုင်းအဖွဲ့ဝင်  ဆရာမကြီးဒေါ်ကြန်က    သုံးသပ်ခဲ့သည်။    ထို့အတူ သစ်မထီးကျောက်စာတွင် သူငယ်တော်သည် လယ်အရောင်းအဝယ်ပြုလုပ်ရာတွင် ပါဝင်သည့် သက်သေဖြစ်၍   အမတ်ကြီး ဣန္တပစ္စရာ ကျောက်စာ၌  အမတ်ကြီး၏  ကျောင်းအလှူတော်ကို မင်းကြီး၊  အမတ်ကြီး၊    မင်းကြီး အမိ၊   မင်းကြီး မိဖုရားတို့ နှင့်အတူ အပသူငယ်(သူငယ်တော်)ကိုပါ   ထည့်သွင်း အမျှဝေခဲ့သည်။

ကျောက်စာပါ   မှတ်တမ်းများအရ   ပုဂံခေတ်သူငယ် တော်သည်  အမရပူရခေတ်နှင့် ရတနာပုံခေတ် သူငယ် တော်များနှင့် အဆင့်အတန်းကွာခြားကာ သံပျင်၊ ကလန်၊ အမတ်၊ ဟူးရား၊ သမား၊  သုခမိန်တို့နှင့်    တစ်တန်းတည်း  ဖော်ပြထားသဖြင့် အနောက်ဆောင်သန့်ရှင်းရေးဝန်ထမ်း မဟုတ်ကြောင်း တွေ့ရှိရပေသည်။

ထို့ကြောင့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက သူငယ်တော်တို့သည် ဘုရင်လိုလားသည့် ဖွားဖက်တော်ကဲ့သို့သောသူများ ဖြစ်ဟန်တူကြောင်း ကောက်ချက်ချ ခဲ့သည်။

ပုဂံခေတ်နောက်ပိုင်းသူငယ်တော်များ

ပုဂံခေတ်နောက်ပိုင်းတွင် ထွန်းကားခဲ့သည့် ပင်းယ၊ အင်းဝ၊ ညောင်ရမ်းနှင့်  ကုန်းဘောင်ခေတ်တို့တွင် သူငယ်တော်အမှုထမ်းများရှိခဲ့သည့် အထောက်အထားများကို  ကျောက်စာများနှင့် ပျို့၊ ကဗျာ၊  လင်္ကာများနှင့် ရာဇဝင်ကျမ်းများတွင်   တွေ့ရှိရသည်။

ပင်းယခေတ် ငါးစီးရှင်ကျော်စွာလက်ထက်တွင် သူငယ်တော် အမှုထမ်းများရှိခဲ့ကြောင်း ရခိုင်ဆရာတော် ပြုစုသည့် ဓညဝတီ အရေးတော်ပုံကျမ်းတွင် ဖတ်ရှုနိုင် သည်။ ယင်းကျမ်းတွင်  ‘တကောင်းစားသား ချစ်နှောင်း ဦးလည်း တစီးရှင် မင်းရဲကျော်စွာထံ   သူငယ်တော်ခံလျက်  နေရလေသည်’၊  ‘ညီရွှေဆင်မှာ သားတော်အိမ်ရှေ့မင်းထံ    သူငယ်တော်ခံ၍   နေရပါသည်’၊   ‘အလတ်မှာ သားတော် အိမ်ရှေ့မင်းထံ  သူငယ်တော်ခံလျက်နေရပါသည်’   ဟု ပါရှိခဲ့သည်။

ထို့အတူ တောင်တွင်းမင်းကျော်ဆရာ၏ ကန်တော် မင်းကျောင်းမေတ္တာစာနှင့်   အဖြေကျမ်း၌    ငါးစီးရှင် ကျော်စွာ သည် မိမိ ဆွမ်းလှူသောပုဂ္ဂိုလ်အား   ရဟန္တာဟု   ထင်မှတ်သဖြင့်   သူငယ်တော်တစ်ယောက်ကို  လိုက်လံ စုံစမ်းထောက်လှမ်းစေခဲ့ကြောင်း၊    သူငယ်တော်က   လိမ္မာပါးနပ်စွာ ဖြေဆိုခဲ့ကြောင်း ရေးသားထားသည်။

ပင်းယခေတ် သက္ကရာဇ် ၇၀၀ ပြည့်နှစ်ထိုး ဥမင် ကျောင်းကျောက်စာတွင် အပသူငဲဟူသည့် ပုဂံခေတ်သုံး သူငယ်တော်   အသုံးအနှုန်းပါရှိကာ   သံပျင်၊  အမတ်နှင့် သူငယ်တော်တို့ကို   အနုမောဒနာခေါ်ဆိုရန် ရေးထိုးခဲ့ သဖြင့်     ပင်းယခေတ်တွင်    သူငယ်တော်တို့သည် ပုဂံခေတ်က  အဆင့်ရှိခဲ့ကြောင်း သုံးသပ်နိုင်ပေသည်။

သုတေသီ ဆရာဗိုလ်ရှိတ်၏ သုတေသနပြုချက်အရ အင်းဝခေတ် သက္ကရာဇ် ၇၂၇ ခုနှစ်ထိုး သူငယ်တော် ရွာသူ ကြီး ကျောက်စာအရ ယခုတံတားဦးမြို့နယ်ရှိ သူငယ်တော် ရွာသူကြီး ဦးရွှေခက်နှင့် ဇနီးသည် ပင်းယရွှေစည်းခုံဘုရား အား လယ်ပယ် ၁၀ ပယ် လှူဒါန်းခဲ့ကြောင်း၊ သက္ကရာဇ် ၇၆၁ ခုနှစ်ထိုး သူငယ်တော်သူကြီး အစလသူ မြေလှူ ကျောက်စာအရ သူကြီးအစလသူသည် ကုလားကျောင်း နှင့်   မြေလှူဒါန်းခဲ့ကြောင်း၊ သက္ကရာဇ် ၇၆၉ ခုနှစ်ထိုး         ရန်အောင်မြင်ဘုရားကျောက်စာအရ   ပထမမင်းခေါင်ကြီး က  ရန်အောင်မြင်ဘုရားကိုတည်ရာတွင်  သူငယ်တော် သူကြီး   နန်သူက္လောင်က  လယ်  ၁၃ ပယ်နှင့်    ရွှေလက် ကောက် ၁၀ လှူဒါန်းခဲ့ကြောင်း သိရှိနိုင်ခဲ့သည်။

ထို့အတူ  အင်းဝခေတ်စာဆိုတော် ရှင်မဟာရဋ္ဌသာရက  သံဝရပျို့တွင် သူငယ်တော်များသည်   အတွင်းနန်းတော် စောင်းတန်းလှေကားမုခ်၌ စောင့်ကြပ်ရသူများ ဖြစ်ကြောင်းကို  ‘စောင်းတန်းလှေကား၊ မုတ်တံခါးဝယ်၊ စောင့်ထားမြဲစွာ၊ ဒွါရပါနှင့်၊ သည်ဝါသံခံ၊ မင်းထံစေလွယ်၊ သူငယ်တော်များ၊ လေးပါးပုံစေ့၊ နေလေ့မပြတ်’ ဟု ရေးဖွဲ့ ခဲ့သည်။

ဒုတိယအင်းဝခေတ် (ညောင်ရမ်းခေတ်)တွင်  သူငယ် တော်များသည် သေနတ်ကိုင်အမှုထမ်းများ ဖြစ်လာခဲ့ကြကာ   နန်းတော်တွင်    လုံခြုံရေးတာဝန်ယူခဲ့ကြသည်။ သာလွန် မင်းလက်ထက်တွင်    သူငယ်တော်အစုသည်  အနောက် ဝန်၏ စီရင်မှုအောက်ရှိ အစု ၄၀ တွင် ပါဝင်ခဲ့သည်။ သို့သော် အမိန့်ပြန်တမ်းများအရ နန်းတွင်း၌ လူသေလျှင်  အလောင်း စောင့်ရသည့် သူငယ်တော်များလည်းရှိခဲ့ကြောင်း တွေ့ရှိရ ပေသည်။

ကုန်းဘောင်ခေတ်တွင် သူငယ်တော်များသည် စဉ့်ကူးမင်းလက်ထက်၌      မာရဘင်     တံခါးစောင့်များ ဖြစ်ခဲ့ကြပြီး   ဗဒုံမင်းလက်ထက်တွင်  သန့်ရှင်းရေးတာဝန် ထမ်းဆောင်ရသည့်    သူငယ်တော်များ ရှိလာခဲ့သည်။ ထို့အတူ    အဆင့်မြင့်တာဝန်များ  ထမ်းဆောင်ရသည့် သူငယ်တော်များလည်း    ရှိခဲ့သည်။   အိမ်သာ တံခါးစု စစ်တမ်းပုရပိုက်မူအရ   ဗဒုံမင်းလက်ထက်တွင်    အိမ်သာ တော် တံခါးစောင့်သူငယ်တော်များရှိပြီး အိမ်သာသန့်ရှင်း ရေးလုပ်ရသည်ဟု ဖော်ပြမထားကြောင်း   သုတေသီ ဗိုလ်ရှိတ်က  ရေးသားခဲ့သည်။         

သူငယ်တော် အင်္ဂါခုနစ်ပါးနှင့် သူငယ်တော်အက

စွယ်စုံကျော်ထင်ကျမ်းတွင် အင်ခုနစ်သွယ်၊ မှတ်စဘွယ်၊ သူငယ်တော်တို့  အဘယ်နည်းဟူသည့် အမေးကို ကျီးသဲ လေးထပ်ဆရာတော်က အရှင်၏ အလိုကိုလည်း ကောင်းစွာ သိတတ်ခြင်း၊  စင်ကြယ်သန့်ပြန့်ခြင်း၊ လိမ္မာရေးခြားရှိ ခြင်း၊  မရမ်းမကား တရားစောင့်ခြင်း၊ ကျမ်းဂန်အကြား အမြင်များခြင်း၊   လိုချင်နည်းခြင်း၊ မမေ့မလျော့  သတိရှိ ခြင်း၊  ထိုအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသူကို မင်း၏အနီး၌ ခစားစေရာ၏၊ သူငယ်တော်လူပျိုတော်တို့၏  အင်္ဂါခုနစ်ပါး ဟု ဖြေဆိုခဲ့သည်။

မြန်မာ့ရုပ်စုံသဘင်တွင် ကပြသည့် ရုပ်သေးရုပ် ၂၈ ရုပ်တွင် သူငယ်တော်ရုပ်သည် တစ်ခုအပါအဝင်ဖြစ်သည်။ ရုပ်သေးရုပ်တစ်ခုစီသည် ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သည့် အဘိဓမ္မာတရားတော် ရုပ် ၂၈ ပါးကို  ရည်ညွှန်းပြီး  သူငယ် တော်ရုပ်သည် ဥပစယရုပ်   (ပဋိသန္ဓေတည်စ ပထမဖြစ် ခြင်း၊ ထို့နောက်  တစ်ဘဝအတွက်   ရနိုင်သမျှ ရုပ်များ ပြည့်စုံသည့်တိုင် ဆက်၍ဆက်၍ဖြစ်ခြင်း)ကို ကိုယ်စားပြု သည်။ ရုပ်သေးရုပ် ၂၈ ရုပ်ကို  ရေတွက်ရာတွင်  မူကွဲ များရှိကာ ၂၈ ရုပ်ထက် များပြားသော ရေတွက်မှုလည်း ရှိသည်။

ရုပ်သေး ၂၈ ရုပ်ကို လက်ယာရုပ် ၁၇ ရုပ်နှင့် လက်ဝဲ ရုပ်  ၁၁  ရုပ်ဟု   ပိုင်းခြားထားပြီး    သူငယ်တော်ရုပ်သည် လက်ယာရုပ်များတွင်ပါဝင်ကာ နေရာတော်ခင်းရုပ်၊ နေရာထိုင်ခင်းရုပ်၊ ရှေ့တော်ပြေးရုပ်ဟုလည်း ခေါ်ဆိုကြ သည်။ ရုပ်သေးသဘင်၏ ပွဲဦးထွက်အကဖြစ်သည့် အပျို တော်အကတွင် တီးခန်းကခန်း ၁၂ မျိုးပါရှိ၍ အပျိုတော် ၁၂ ခန်းဟု ခေါ်ဆိုကာ  အပျိုတော်အကမှ   ခုနစ်ခန်းကို ခွဲထုတ်၍    ခုနစ်ထွေအကကို    ကပြသည်။  သူငယ်တော် အကသည် အပျိုတော် ၁၂ ခန်းနှင့် ခုနစ်ထွေအကနှစ်မျိုး လုံးတွင်  ပါဝင်၍  ရှေးအခါက သူငယ်တော်ရုပ် နှစ်ရုပ် ရှိခဲ့ပြီး နောင်တွင် တစ်ရုပ်သာ ထားရှိသည်။

ရုပ်သေးသဘင်ကပြရာတွင် တိုင်းပြည်တည်ခန်း၌ ဝန်ကြီးများ  ထွက်လာပြီး ရှင်ဘုရင်မထွက်မီ  သူငယ် တော် အကကို ကပြလေ့ရှိသည်။  ရုပ်သေးရုပ်များကို ကြိုးဆွဲကပြရာတွင် သူငယ်တော်ရုပ်ကို ကြိုးဆွဲရခြင်း သည် အခက်ခဲဆုံးဖြစ်သည်။  နောက်ပိုင်း၌   သူငယ် တော်အကကို  ဇာတ်သဘင်များတွင်   ထည့်သွင်းကပြခဲ့ပြီး အညာကျေးလက်ဒေသများတွင် ရှင်လောင်းလှည့်ရာ၌ ဒိုးပတ်ဝိုင်းနှင့်အတူ   သူငယ်တော်အကကို  ကပြလာခဲ့ ကြသည်။

သူငယ်တော်အမှုထမ်းသည် ပုဂံခေတ်မှ ကုန်းဘောင် ခေတ်အထိ ရှိခဲ့သည့် မင်းမှုထမ်းဖြစ်၍   ဘုရင်၏လူယုံ အစေအပါး၊ ဘုရင့်ထံ အနီးကပ်ခစားထမ်းရွက်ရသူဟု ယူဆကြသည်။ ဖိနပ်တော်၊   လက်ဖက်ရည်တော်၊ ကွမ်း ရည်တော်တို့နှင့် အလားတူ သို့မဟုတ် ယင်းတို့ထက် အဆင့်မြင့်သူဟု ယူဆဖွယ်ရှိကြောင်းလည်း သုံးသပ်ခဲ့ကြသည်။ ယခုအခါတွင် သူငယ်တော် အမှုထမ်းများကို မတွေ့ရှိရသော်လည်း  သူငယ်တော်နှင့် ဆက်နွှယ်နေသည့်  သူငယ်တော်ရုပ်များ၊  သူငယ်တော်အကများ      သည်  မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ်  ကျန်ရှိ နေခဲ့ပေသည်။        ။

မောင်သာ(ရှေးဟောင်းသုတေသန)

ကိုးကား

ရွှေနန်းသုံးဝေါဟာရ အဘိဓာန်(ဦးမောင်မောင်တင်)

သူငယ်တော်နှင့် သူငယ်တော် သေနတ်(ဒေါ်ကြန်)

သမိုင်းထဲက သူငယ်တော်(ဗိုလ်ရှိတ်၊ ရတနာပူရ)