၁၉ နိုဝင်ဘာ

တစ်ခါက ဧရာဝတီမြစ်ကြီး၏ မြစ်ခွဲလေးတစ်ခုနံဘေးက မြို့ငယ်လေးတစ်ခုတွင် ရန်ကုန်တက္ကသိုလ်တက်ချင်ဇောဖြင့် မျှော်မောခဲ့ရသော မိန်းကလေးတစ်ယောက် ရှိခဲ့ဖူးလေသည်။

ကျွန်မ၏တက္ကသိုလ်အိပ်မက်သည် တက္ကသိုလ်နောက်ခံဝတ္ထုများမှ အစပျိုးခဲ့သည်ဟု ဆိုကောင်း ဆိုနိုင်ပါသည်။ စာဖတ်ဝါသနာပါသော ကျွန်မသည် အလယ်တန်းကျောင်းသူဘဝကပင် တက္ကသိုလ်နောက်ခံဝတ္ထုများကို စွဲစွဲလမ်းလမ်းဖတ်ခဲ့သည်။ ရန်ကုန်မြို့ကြီးကို မရောက်ဖူးသည့်တိုင် အင်းလျားကန်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အဓိပတိလမ်းမနှင့် ဘွဲ့နှင်းသဘင်ခန်းမ တို့သည်ကျွန်မနှင့်မစိမ်း။ တက္ကသိုလ်နောက်ခံဝတ္ထုများက

ကျွန်မကို တက္ကသိုလ်ထဲက အထင်ကရနေရာများနှင့် မိတ်ဆက်ပေးသည်။ တက္ကသိုလ်မှာပွင့်သည့် ကံ့ကော်၏ရနံ့နှင့် စိန်ပန်း၏ နီစွေးသောအလှကိုပင် အဝေးကလှမ်း၍ ခံစားနိုင်သေးသည်။ တက္ကသိုလ်သည် ပညာ သင်ကြားရာသာမက အနုပညာအရပ်ရပ်တို့ပေါက်ဖွား ရာနေရာလည်းဖြစ်ပေရာ အနုပညာတွင် ပျော်ဝင်ညွတ်နူးသောကျွန်မအတွက်တော့ တပ်မက်ဖွယ်နယ်မြေဖြစ်လို့နေခဲ့သည်။ ကျွန်မဆယ်တန်းအောင်လျှင် ရန်ကုန်တက္ကသိုလ်တက်မည်။ တက္ကသိုလ်တက်ရင်း စာတွေရေးမည်။ ပြီးတော့ တက္ကသိုလ်တွင် ဆရာမ ပြန်လုပ်မည်။ စာလည်းသင်၊ စာလည်းရေးမည်။ ဒါကကျွန်မ၏ ထက်သန်သောရည်မှန်းချက်ဖြစ်ခဲ့ရသည်။ ကျွန်မက စာတော်သည်။ ကျွန်မမိဘများကလည်း စီးပွားရေးပြေလည်ကြသည်။ ထို့ကြောင့်ပင် တက္ကသိုလ်သို့ မရောက်နိုင်စရာလည်း ဘာအကြောင်းမှမရှိဟု လောကဓံကို နားမလည်သေးသော မိန်းမငယ်လေးကတွေးခဲ့ပါသည်။

၁၉၉၁ ခုနှစ်။

ကျွန်မ ဆယ်တန်းအောင်ခဲ့ပြီ။

နှစ်ချင်းပေါက် အောင်သည့်အပြင် အင်္ဂလိပ်စာနှင့် သမိုင်း ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်ခဲ့ခြင်းဖြစ်သည်။ ရှစ်တန်းတုန်းက ဂုဏ်ထူးသုံးဘာသာဖြင့်အောင်ခဲ့သောကြောင့် သိပ္ပံတွဲရခဲ့သော်လည်း ဘာသာစကားနှင့် သမိုင်းကို စိတ်ဝင်စားသော ကျွန်မက အင်္ဂလိပ်စာ နှစ်ဘာသာ၊ မြန်မာစာ နှစ်ဘာသာနှင့် သမိုင်းဘာသာတွဲများပါသည့် စိတ်ကြိုက်မြန်မာစာတွဲကို ပြောင်း၍ယူခဲ့သည်။ ထိုဘာသာတွဲကိုယူလျှင် ဆယ်တန်းမှာ ဂုဏ်ထူးတွေ ဘယ်လောက်ပါပါ ပေါ်ပြူလာဖြစ်လှသော ဆေး တက္ကသိုလ်ကိုတက်ခွင့်မရှိပါ။ သို့သော် ဘာဖြစ်သေးလဲ။

 

ကျွန်မဆေးတက္ကသိုလ်မတက်ချင်ပါ။ ဝါသနာမပါသည့် ပညာကို မသင်ချင်ပါ။ ကျွန်မဝါသနာပါရာကို သင်ယူရန် ကျွန်မတက်ချင်လှသော တက္ကသိုလ်ကိုတက်ရလျှင်ဖြင့် ကျွန်မ၏အိပ်မက်တို့ ပြည့်ဝရပေတော့မည်။

ထိုခေတ်ကာလ ၁၉၉၁ ခုနှစ်က အင်္ဂလိပ်စာမေဂျာကို ရန်ကုန်တက္ကသိုလ်မှာပင် သင်ကြားရမည်ဖြစ်ရာ ဧရာဝတီတိုင်းရှိ မြို့ငယ်လေးမှာနေထိုင်သော ကျွန်မက အင်္ဂလိပ်စာ မေဂျာလျှောက်ထားခဲ့၏။ မကြာခင်မှာပင် ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာ သင်ယူခွင့်ကျလာခဲ့သည်။ ကျွန်မလောက် ပျော်သူမရှိပြီ။ ကျွန်မလိုပင် စာဖတ် ဝါသနာပါသည့် ကျွန်မချစ်သော သူငယ်ချင်းကလည်း ကျွန်မနှင့်အတူ တက္ကသိုလ်တက်မည်ဖြစ်ရာ ကျွန်မတို့သည် တက္ကသိုလ်အကြောင်းပြောရင်း စိတ်ကူးယဉ်လို့မဆုံး။ သို့သော်လည်း လောကဓံဆိုသော အုတ်တံတိုင်းက ကျွန်မနှင့် ရန်ကုန်တက္ကသိုလ်ကြားမှာ စည်းခြားလို့နေခဲ့ပါသည်။ ကျွန်မမိဘများမှာ ကျွန်မကို တက္ကသိုလ်ထားရန် မတတ်နိုင်ကြတော့ပြီ။ ကျွန်မကား ချက်ချင်းအားမလျှော့။ ဓာတ်ပုံဆိုင်တစ်ဆိုင်တွင် ဓာတ်ပုံရိုက်သွားသင်သည်။ ကျွန်မ တက္ကသိုလ်ထဲမှာ ဓာတ်ပုံရိုက်ကာ ကျောင်းစရိတ်ရှာရင်း ကျောင်းတက်မည်။ သို့သော် တဖြည်းဖြည်းနှင့်ပင် ကျွန်မသည် သမီးကြီးဖြစ်သော ကျွန်မတာဝန်ကို သိမြင်လာသည်။ တက္ကသိုလ်အိပ်မက်ကိုစွန့်လျက် ကျောင်းဆရာမအလုပ် ဝင်ရန် ဆုံးဖြတ်လိုက်သည်။ အဲဒီနောက် အဝေးသင် တက္ကသိုလ်ပြောင်းရန် ရန်ကုန်မြို့ကြီးသို့သွားခဲ့ရသည်။ ထိုခရီးကတော့ လွမ်းဖွယ်ခရီးပါပင်။ ထိုအချိန်က ကျွန်မ၏ဇာတိ ကျောင်းကုန်းမြို့ကလေးမှ ရန်ကုန်သို့ သွားရာလမ်းတွင် ဇက်ရေယာဉ်များဖြင့် ဧရာဝတီမြစ်ကို တစ်ကြိမ်၊ လှိုင်မြစ်ကိုတစ်ကြိမ် ဖြတ်ကူးရသည်။ မနက်လေးနာရီထွက်သည့် ဒိုင်နာကားဖြင့်လိုက်သွားလျှင် ညနေလောက်မှ ရန်ကုန်ရောက်နိုင်သည်။ ဇက်စောင့်ရလျှင် စောင့်ရသလို ခရီးဖင့်သည်။ ဤခရီးသည် ရန်ကုန် တက္ကသိုလ်တက်ဖို့ သွားရသည့်ခရီးမဟုတ်၊ မတက်တော့ကြောင်း သွားရောက်တင်ပြရမည့် ခရီးဖြစ်သည်။ ထို့ကြောင့်ပင် လမ်းတစ်လျှောက်လုံး စိတ်နှလုံးပန်းလျနေခဲ့ရသည်။

ရန်ကုန်ရောက်ပြီး နောက်တစ်နေ့တွင် အဝေးသင် တက္ကသိုလ်ဝင်းထဲသို့သွားပြီး ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ရသည်။ ကျွန်မဝါသနာပါသည့် မြန်မာစာမေဂျာကို လျှောက်ဖြစ်ခဲ့သည်။ ဧရာဝတီတိုင်းမှာနေသူမို့ ပုသိမ်တက္ကသိုလ်မှာပင် တက်ရမည်ဖြစ်ပါသည်။ ဆောင် ရွက်ဖွယ်ကိစ္စများအပြီး ပြန်ခါနီးတစ်ရက်မှာတော့ ကျွန်မ မတက်နိုင်တော့ပြီဖြစ်သော ရန်ကုန်တက္ကသိုလ်ကြီးကို သွားရောက်နှုတ်ဆက်ခဲ့ပါသည်။ ထိုစဉ်က အဓိပတိ လမ်းပေါ် လျှောက်ကြည့်ခဲ့သော်လည်း ကျွန်မ၏ခြေလှမ်း များကား အားငယ်စိတ်ဖြင့် နွမ်းလျနေခဲ့လေသည်။

၂၀၀၅ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်

ကျွန်မသည် ကျွန်မ၏ ဝတ္ထုစာမူခများဖြင့်ဝယ်ယူ ထားသည့် အဖြူရောင်ဆလွန်းကားလေးကို ကိုယ်တိုင်မောင်းကာ အဓိပတိလမ်းမဘက်သို့ ချိုးကွေ့ဝင်လာခဲ့သည်။ အဓိပတိလမ်းမထက်တွင် စိန်ပန်းနီတို့ပျံ့ကျဲလျက်။ အဓိပတိလမ်းမထိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမကြီးကား နံနက်ခင်း နှင်းမြူများအောက်တွင် ထည်ဝါစွာဆီးကြိုလျက်။ ကျွန်မကကားကို တောင်ငူဆောင်ဘက်သို့ ချိုးကွေ့ မောင်းနှင်လာပြီး ကင်န်တင်းရှိဆိုင်များကို ဖြတ်ကျော်ကာတောင်ငူဆောင်ရှေ့ ဦးချစ်ဆိုင်အနီး ကားပါကင်မှာ ရပ်လိုက်သည်။ ပြီးတော့ ရာမညဆောင် စာသင်ခန်းဘက် သို့ လမ်းလျှောက်ဝင်ခဲ့လေသည်။

ခုတော့ ကျွန်မငယ်စဉ်က မက်ခွင့်မရခဲ့သော အိပ်မက်ကို ပြန်မက်ရန် စိတ်ပညာဒီပလိုမာကျောင်းသူ ဘဝဖြင့် တက္ကသိုလ်ထဲသို့ ရောက်လာခဲ့ရပြီ။ စိတ်ပညာ ဆိုသည်မှာ စာရေးသူတစ်ယောက်အဖို့ သိအပ်သော ပညာဖြစ်ပေရာ စိတ်ပညာဒီပလိုမာတန်းကိုတက်ဖို့ ရွေးချယ်ဖြစ်ခဲ့သည်။ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ဆိုတော့ ၁၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ ဒီ ၁၄ နှစ်အတွင်းမှာ ကျွန်မ အလုပ်တွေ အများကြီးလုပ်ခဲ့ရသည်။ အခွင့်အရေးတစ်ခု ဆုံးရှုံးရခြင်းဟာ နောက်အခွင့်အရေးတစ်ခုရဖို့လမ်းစ လည်းဖြစ်နိုင်သည်မဟုတ်လား။ လွန်ခဲ့သောနှစ်တွေအတွင်း ကျောင်းဆရာမလည်းလုပ်ခဲ့သည်၊ မဂ္ဂဇင်း အယ်ဒီတာလည်း လုပ်ခဲ့သည်၊ ဇာတ်ညွှန်းတွေလည်းရေးခဲ့သည်။ ဝတ္ထုတွေလည်းရေးခဲ့သည်။ ကလောင်တစ်လက်လည်း တောက်ပလာခဲ့သည် ။မိသားစုကိုလည်း စောင့်ရှောက်နိုင်ခဲ့သည်။ သို့သော်လည်း တက္ကသိုလ်အိပ်မက်က ပူနွေးဆဲဖြစ်ရာ ကျွန်မဘဝမှာ တစ်ကြိမ်တစ်ခါပဲဖြစ်ဖြစ် ရန်ကုန် တက္ကသိုလ်၏ရင်ခွင်ကို ခိုဝင်ခွင့်ရရန်ရောက်ရှိလာခဲ့ရပါသည်။ ရန်ကုန်တက္ကသိုလ်သည် လွန်ခဲ့သော ၁၄ နှစ်က သူမထွေးပိုက်လိုက်ရသော မိန်းကလေး၏ နှလုံးသားကို နားလည်စွာ ဆီးကြိုထွေးပွေ့လိုက်သည်။ ကံ့ကော်ပွင့် ချိန်၌ကံ့ကော်ရနံ့ကိုပေးကာ၊ သစ်ပုပ်ပင်ရိပ်တွင် ခိုနားစေကာ အေးမြသော ကွန်းခိုရာဖြစ်စေခဲ့ပါသည်။

အပေါ်ယံကြည့်လျှင် ငယ်စဉ်က မပြည့်စုံသဖြင့် မတက်ခဲ့ရသော တက္ကသိုလ်ကို အောင်မြင်စ စာရေးဆရာမလေးဘဝဖြင့် ကိုယ်တိုင်ကားလေးမောင်း၍ တက်နိုင်ခြင်းသည် အနိုင်နှင့်ပိုင်းသည့်ပမာ ထင်မှတ်စရာဖြစ်သည်။ သို့သော်လည်း အသက် ၃၀ ဝန်းကျင်တက္ကသိုလ်ကျောင်းသူ သည် ဆယ်ကျော်သက်အရွယ် တက္ကသိုလ်ကျောင်းသူနဲ့တော့ ဘယ်တူနိုင်ပါတော့မလဲ။ ကျွန်မ၏ နှလုံးသားသည် ဆယ်ကျော်သက်တုန်းကလောက် မနုနယ်နိုင် တော့ပြီ။ ။

ငယ်စဉ်ကဖတ်ခဲ့ဖူးသည့် တက္ကသိုလ်ဝတ္ထုထဲက တက္ကသိုလ်ကျောင်းသူများလို ဗရုတ်ကျ၍လည်း မတင့် တယ်တော့၊ အလုပ်တစ်ဖက် stress များနှင့်မို့ဆယ်ကျော် သက်များလိုတော့ မပေါ့ပါးနိုင်တော့ပြီ။ ဆယ်ကျော် သက်အရွယ်က တက္ကသိုလ်ကိုခြေချခွင့်ရခဲ့ကြသည့် ကျောင်းသူကျောင်းသားများဟာ ဘယ်လောက်များ ကံထူးခဲ့ပါသလဲ။ သူ့အရွယ်နှင့်သူ အချိန်ကိုက်ရသင့် ရထိုက်သော အတွေ့အကြုံနှင့် အခွင့်အရေးများကို ရရှိကြသူများသည် အင်မတန်မှ ကံကောင်းကြသူများဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ တက္ကသိုလ်ရင်ခွင်၌ နှစ်နှစ်တာ ခိုလှုံခွင့်ရခဲ့သော အချိန်ကာလများသည် ကျွန်မအတွက်တော့ အဖိုးထိုက်တန်သော၊ မမေ့နိုင်သောနေ့ရက်များဖြစ်ပါသည်။ တက္ကသိုလ်၌ ဆုံစည်းခဲ့ရသော ဆရာဆရာမများနှင့် သူငယ်ချင်းများကို သတိရဆဲဖြစ်ပါသည်။ ကျောင်းသူဘဝထိုကာလက အထူးအားဖြင့် ချစ်ခင်တွယ်တာခဲ့ရသော ပင်းယဆောင် အဆောင်မှူး စိတ်ပညာပါမောက္ခဆရာ ဦးအောင်သန်းဦး နှင့် ချစ်ခင်လေးစားရသောဆရာမကြီး ဒေါ်ခင်အေးဝင်းတို့ လည်း ကွယ်လွန်ဆုံးပါးခဲ့ကြပြီ။ စာသင်ခန်းပြင်ပ၌ ကျွန်မနှင့် တွေ့သည့်အခါ “ပုညခင်ရဲ့ တို့ဧရာဝတီတိုင်းသားတွေ ဟာလေ..”ဟု အစချီကာ အားရပါးရစကားဆိုတတ်သော အိမ်မဲသား ဆရာဦးအောင်သန်းဦး ၏ အသံကို ကြားယောင် မိသည့်အခါ လွမ်းဆွတ်မျက်ရည်ဝဲခဲ့မိပါသည်။ ။

ယခုအခါမှာတော့ တက္ကသိုလ်ကို လွမ်းရသောအလွမ်း တို့သည် ချစ်ခင်ရသူတို့နှင့်အတူတွဲ၍ ပိုမိုလေးနက်လာခဲ့ရသည်။ ကံ့ကော်တို့သည် သူ့ရနံ့နှင့်အတူ ဆရာဆရာမများ၏ စာသင်ကြားသံများကို ရောယှက်လျက် အလွမ်းကိုဆောင် ယူလာသည်။ တောင်ငူဆောင်ထက်က ခိုကလေးများ သည်ကင်န်တင်းမှာထိုင်၍ စကားဆိုခဲ့ကြစဉ်က စကားသံများကို မှတ်သားလျက် သစ်ပုပ်ပင်ကြီးဘက်သို့ ပျံသန်း သွားခဲ့သည်။ ရာမညဆောင် စာသင်ခန်းများ၏ ခုံတန်း ကလေးများသည် တစ်ယောက်ဆင်းတစ်ယောက်တက် ထွက်ခွာသွားသူတို့၏ ကိုယ်ငွေ့ဖြင့် နွေးဆဲပဲလား။ ။

နှစ်စဉ် နွေနှောင်းမိုးဦး အခါရောက်လေတိုင်း တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်တွင် စိန်ပန်းတို့ ရဲရဲနီစွေနေသည်ကို တွေ့မြင်ရလေ့ရှိပါသည်။ စိန်ပန်းနီ တွေခြံရံထားသည့် လမ်းတစ်လျှောက်ကားမောင်း သွားရင်း အဓိပတိဂိတ်တံခါးဝသို့ရောက်လျှင် အဓိပတိလမ်းမဆီ လှမ်းမျှော်ကြည့်မိမြဲဖြစ်ပါသည်။

အဓိပတိလမ်းမကတော့ အရင်လိုပါပဲတဲ့။ အဓိပတိလမ်းကို မြင်တွေ့ရတိုင်း ထိုသီချင်းလေးကို တီးတိုးညည်းမိတတ်ပါသည်။

သို့သော်လည်း အဓိပတိလမ်းပေါ်ဖြတ်သန်းဖူးကြသူများ၏ ဘဝတွေကတော့ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲ ခဲ့ကြပြီ၊ ရှင်ခြင်းဖြင့်ခွဲခွာခဲ့ကြသလို သေခြင်းဖြင့် ခွဲခွာသွားသူတွေလည်း များလှပြီ။ ။

အဓိပတိလမ်းမကြီးကတော့ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကလိုပင် သူ့ထံရောက်လာပြီး ပြန်ထွက်သွားကြမည့်သူများကို ဆီးလို့ကြိုမြဲ ကြိုဆဲပင်ဖြစ်လေသည်။ ။

ပုညခင်