သပြေ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကတော့ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကြီးအဖြစ် ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များကရော နိုင်ငံတကာကပါ ချီးကျူးဂုဏ်ပြုမှုတွေ ထုတ်ပြန်နေကြပါတယ်။ ရွေးကောက်ပွဲကြီးအောင်မြင်ဖို့ ကဏ္ဍစုံကနေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြတာပါ။
အဓိက ချီးကျူးဂုဏ်ပြုရမှာကတော့ နိုင်ငံရေးအသိရှိတဲ့၊ တာဝန်ကျေပွန်တဲ့ မြန်မာ ပြည်သူ/ ပြည်သားတွေပါ။ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အနေနဲ့လည်း သက်ဆိုင်ရာကဏ္ဍကနေ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲကြီးအောင်မြင်ဖို့ လှုံ့ဆော်ပေး တာတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေး တင်ဆက်မှုတွေနဲ့ သတင်းထုတ်ပြန်တာ တွေကို MRTV အနေနဲ့ ၂၀၁၉ ခုနှစ် ဇွန်လမှ စတင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
တိကျသော တာဝန်များနှင့် ကြိုးစား ဆောင်ရွက်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဟာ ပြန်ကြားပေးရန်၊ ပညာပေးရန်နဲ့ ဖျော်ဖြေပေး ရန်ဆိုတဲ့ ရည်မှန်းချက် ၃ ရပ်နဲ့ ပြည်သူအတွက် ဝန်ဆောင်မှုပေးနေတဲ့ ရုပ်သံလုပ်ငန်းဖြစ်ပါ တယ်။ ၅ နှစ်တစ်ကြိမ်ကျင်းပတဲ့ ရွေးကောက် ပွဲကြီး အောင်မြင်ဖို့အတွက် ဦးစားပေး တာဝန် တစ်ရပ်အဖြစ် သတ်မှတ်ပြီး ရွေးကောက်ပွဲ မကျင်းပမီ အကြိုကာလ၊ ရွေးကောက်ပွဲကြီး ကျင်းပနေစဉ်ကာလနဲ့ ရွေးကောက်ပွဲကြီး ကျင်းပပြီးနောက်ကာလတွေ ခွဲခြားပြီး တိကျ စွာ တာဝန်တွေသတ်မှတ်ကာ ကြိုးပမ်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအကြိုကာလမှာ Voter Education ဖြစ်တဲ့ “ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို တေးသီချင်း တွေ၊ ဇာတ်လမ်းတိုတွေ၊ တွေ့ဆုံမေးမြန်းခန်း တွေ၊ ဆွေးနွေးပွဲတွေနဲ့ ပညာပေးစာတမ်း၊ ဒီဇိုင်း TV Spot” တွေကို ထုတ်လွှင့်တင်ဆက် ခဲ့တာပါ။
ရွေးကောက်ပွဲအသိပညာပေးများ နေ့စဉ် ထုတ်လွှင့်
ဒီလိုထုတ်လွှင့်နိုင်ဖို့ ဆောင်ရွက်တဲ့အခါ မှာ ကိုဗစ်- ၁၉ ကပ်ရောဂါ ဖြစ်ပွားမှု ကာလ နဲ့ ကြုံကြိုက်နေတာကြောင့် ကန့်သတ်ချက် တွေ၊ စိန်ခေါ်မှုတွေကြားကပဲ နာမည်ကျော် အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာလုပ်ဆောင်ဂရုပြုကာ အထူးသတိ ထား ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်မှုကြောင့် တေးသီချင်း ၃၆ ပုဒ် ကို ၄၀၃ ကြိမ်၊ ဇာတ်လမ်းတို ၇ ပုဒ်ကို အကြိမ် ၈၀၊ တွေ့ဆုံမေးမြန်းခန်း ၂၀ ကို အကြိမ် ၄၀၊ ဆွေးနွေးပွဲ ၂ ခုကို ၂ ကြိမ် ထုတ်လွှင့်နိုင်ခဲ့ တာဖြစ်ပါတယ်။
ရွေးကောက်ပွဲအသိပညာပေး TV Spot တွေကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်တွေနဲ့ နိုင်ငံရေး ပါတီများ ရွေးကောက်ပွဲနှင့် ဥပဒေစာအုပ်မှ ကောက်နုတ်ပြုစုပြီး ရွေးကောက်ပွဲလှုံ့ဆော်တေးတွေနဲ့အတူ နေ့စဉ်ထည့်သွင်းထုတ်လွှင့် ခဲ့တာပါ။
တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ကိုတော့ “ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ” ခေါင်းစဉ်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို တွေ့ဆုံမေး မြန်းပြီး အပိုင်း ၂၀ ခွဲကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်းမှာ ထုတ်လွှင့်ပြသခဲ့တာပါ။ ရွေးကောက် ပွဲ ဇာတ်လမ်းတို ၇ ပုဒ်ကို နိုင်ငံကျော် အနုပညာရှင်တွေနဲ့ ရိုက်ကူးထုတ်လုပ်ခဲ့ပြီး စက်တင်ဘာလမှစပြီး တစ်ရက်ကို ၂ ပုဒ်နှုန်း နဲ့ ထုတ်လွှင့်ပြသခဲ့ပါတယ်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် နိုင်ငံပိုင် ရုပ်သံလုပ်ငန်းဖြစ်တာနဲ့အညီ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောစည်းရုံးမှု တွေကို မျှမျှတတ ထုတ်လွှင့်ပေးဖို့လည်း စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုထုတ်လွှင့်နိုင် ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စီမံမှု၊ သတ်မှတ်ပေးမှုတွေအတိုင်း စကားပြော စင်မြင့်၊ စားပွဲ၊ ထိုင်ခုံ၊ နောက်ခံ၊ ပါတီတွေရဲ့ အလံနဲ့ Logo တံဆိပ် စသည်ဖြင့် အသေးစိတ် စီမံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေ ဟောပြောစည်းရုံးမှု ရိုက်ကူးဖို့အတွက် မူလက နေပြည်တော် (တပ်ကုန်း)မှာရှိတဲ့ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား တစ်နေရာတည်းမှာပဲ စက်တင်ဘာ လ ၆ ရက်နေ့ကစပြီး ရိုက်ကူးဖို့ စီမံထားရှိ သော်လည်း ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုနဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေကြောင့် ရန်ကုန်မြို့မှာရှိတဲ့ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှာလည်း ရိုက်ကူးနိုင်ဖို့ အလျင်အမြန် ပဲ စီမံဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် နေပြည်တော်နဲ့ ရန်ကုန်ကို မလာရောက်နိုင်တဲ့ နိုင်ငံရေးပါတီ အချို့အတွက်လည်း ၎င်းတို့အစီအစဉ်နဲ့ ရိုက်ကူးပေးပို့တာကို ထုတ်လွှင့်ပေးနိုင်ခဲ့ပါ တယ်။ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးဟောပြော မှုတွေကိုတော့ တစ်ပါတီကို ၁၅ မိနစ်စီ ရိုက်ကူး/ ထုတ်လွှင့်ပေးခဲ့တာပါ။ နိုင်ငံရေး ပါတီ ၅၆ ခုရဲ့ စည်းရုံးဟောပြောမှုတွေကို ပထမအကြိမ် ထုတ်လွှင့်ပေးမှုအပြင် ဒုတိယ အကြိမ်အဖြစ်လည်း နိုဝင်ဘာလ ၆ ရက်အထိ ထပ်မံထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။
သတင်းထုတ်ပြန်ခြင်းအပိုင်းမှာ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေ ကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးခဲ့တာ ပါ။ ဒါ့အပြင် ကော်မရှင်အဖွဲ့ဝင်တွေ နိုင်ငံ တစ်ဝန်း လှည့်လည်သွားရောက်ပြီး လုပ်ငန်း ဆောင်ရွက်တာတွေ၊ မဲရုံ ပြင်ဆင်မှုတွေ၊ ဆန္ဒ မဲပေးမှု သရုပ်ပြလုပ်ငန်းစဉ်တွေကိုလည်း ထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။
ပြည်သူများ ဆန္ဒမဲပေးပုံကို အချိန်နှင့် တစ်ပြေးညီ တင်ဆက်ပေးခဲ့
ဆန္ဒမဲပေးမှု သတင်းထုတ်ပြန်ခြင်းအပိုင်း မှာ ပြည်တွင်းက သတင်းတွေ ရိုက်ကူး/ ထုတ်လွှင့်မှုအပြင် ပြည်ပမှာ မဲပေးမှုတွေကို လည်း ဆက်သွယ်ပေါင်းစပ်ညှိနှိုင်းပြီး သတင်း ရယူထုတ်လွှင့်ပေးခဲ့တာပါ။
ဆန္ဒမဲပေးရမည့် တစ်ရက်အလို နိုဝင်ဘာ ၇ ရက်နေ့မှာတော့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ရဲ့ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံ အကြီးအကဲတွေရဲ့ လှုပ်ရှားမှုတွေကစပြီး နိုင်ငံရေးပါတီတွေရဲ့ လုပ်ဆောင်မှုတွေကို ပြသခြင်းမပြုတော့ဘဲ လိုက်နာလုပ်ဆောင်ခဲ့ ခြင်းဖြစ်ပါတယ်။ သို့သော်လည်း ရွေးကောက် ပွဲဆိုင်ရာ အသိပညာပေးတာနဲ့ မဲပေးဖို့ လှုံ့ဆော်တာတွေကိုတော့ အဲဒီနေ့မှာလည်း ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် ဆန္ဒမဲပေးတဲ့နေ့မှာတော့ ပြည်သူတွေ နွေးထွေးလုံခြုံစွာနဲ့ လွတ်လပ်စွာ မဲပေးနေကြပုံတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်တင်ဆက်ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ထူးခြားဖြစ်စဉ်ရှိတဲ့ဒေသက သတင်းတွေကိုလည်း သက်ဆိုင်ရာ ကော် မရှင်ရဲ့ အတည်ပြုချက်ရယူပြီး အရေးယူပုံက အစ သတင်းများ ထုတ်လွှင့်ပေးနိုင်ခဲ့တာပါ။ ဒီလိုသတင်းတွေ အချိန်နဲ့တစ်ပြေးညီထုတ်လွှင့်နိုင်ဖို့ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြန့်ခွဲထား တဲ့ MRTV သတင်းဗျူရိုတွေ၊ တိုင်းရင်းသား သတင်းဌာနတွေအပြင် အမြို့မြို့အနယ်နယ် မှာရှိတဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ကြိုတင်စီမံထား တဲ့အတိုင်း ဆက်သွယ်ချိတ်ဆက်ပြီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံရေးပါတီ ပေါင်း ၈၇ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၅၆၃၉ ဦးတို့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၁၅ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၆၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၆၁၂ နေရာ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း ၂၉ နေရာအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဆန္ဒမဲပေးသူ ပြည်သူတွေအတွက် နိုင်ငံ တစ်ဝန်းမှာရှိတဲ့ မြို့နယ် ၃၁၅ မြို့နယ်မှာ မဲရုံပေါင်း ၃၉၉၆၂ ရုံ ဖွင့်လှစ်ဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်။
ယနေ့အချိန်မှာ Online Media ဖွံ့ဖြိုး တိုးတက်လာတာနဲ့အတူ Mobile Phone တွေကတစ်ဆင့် သတင်းထုတ်ပြန်မှုကလည်း အလွန်အရေးပါနေပြီဖြစ်ပါတယ်။ ဒါကြောင့် MRTV ရဲ့ အစီအစဉ်တွေကို MRTV Webportal ကို တည်ထောင်ပြီး ပြည်သူတွေ Online မှ တစ်ဆင့် ကြည့်ရှုနားဆင်နိုင်ဖို့ နေ့စဉ် လွှင့်တင်နေပြီဖြစ်ပါတယ်။
ဒီလိုလွှင့်တင်ရာမှာ Social Media Channel တွေအနက် ပြည်သူလူထု အများဆုံး အသုံးပြုတဲ့ Facebook Page အပြင် MRTV Live Streaming ကလည်း ထုတ်လွှင့်ပေးနေ တာကြောင့် ယခုအခါမှာ Likes အရေအတွက် ပမာဏဟာ ၁၀ သန်းခန့် ရရှိနေပြီဖြစ်ပါတယ်။ ပြည်သူလူထု ကြည့်ရှုမှုများပြားတဲ့ MRTV ရဲ့ Online Media ကနေလည်း ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် သတင်း အချက်အလက်တွေ၊ အသိပညာပေးအစီအစဉ် တွေနဲ့ လှုံ့ဆော်တေးတွေကို အချိန်နဲ့ တစ်ပြေးညီ လွှင့်တင်ပေးနိုင်ခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်များ နာရီစဉ်တိုင်း နေ့စဉ် ထုတ်ပြန်ပေး
ရွေးကောက်ပွဲရလဒ်တွေကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ဖို့အတွက် သီးခြားသတင်းတစ်ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေး အပ်ပြီး UEC မှာ တွဲဖက်တာဝန်ပေးခဲ့သလို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ရေးယာဉ် (DSNG Van)တစ်စီးကိုပါ အသင့်ပို့ဆောင် ထားပြီး စီစဉ်ဆောင်ရွက်ခဲ့တာပါ။ ပြည်နယ်နဲ့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်တွေ ရဲ့ ရွေးကောက်ပွဲရလဒ်ထုတ်ပြန်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်ပေးခဲ့သလို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အတည်ပြု ထုတ်ပြန်ချက်တွေကိုလည်း နိုဝင်ဘာ ၉ ရက်နေ့၊ ညနေ ၄ နာရီမှစပြီး နာရီစဉ်တိုင်း နေ့စဉ် ထုတ်ပြန်ပေးခဲ့ပါတယ်။
ဒီလိုထုတ်ပြန်ရာမှာ UEC ရဲ့ ထုတ်ပြန် ချက်မူရင်းအတိုင်း ထုတ်ပြန်ပေးမှုအပြင် ပြည်သူတွေ လွယ်ကူရှင်းလင်းစွာ သိရှိနား လည်ဖို့ ရည်ရွယ်ပြီး ဇယား၊ Graphic Design မျိုးစုံနဲ့လည်း ရေးဆွဲပြီး ကြိုးစားတင်ဆက် ခဲ့ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက်၊ ညနေ ၃ နာရီမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် ဦးဆောင်တဲ့ တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေ ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ခြင်းဆိုင် ရာ တွေ့ဆုံပွဲကိုလည်း တိုက်ရိုက် ရိုက်ကူးပြီး (Live) ထုတ်လွှင့်တင်ဆက်ပေးခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်မှု နဲ့ ပတ်သက်တဲ့ တွေ့ဆုံမေးမြန်းမှုအစီအစဉ် ကိုလည်း နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၃ နာရီမှာ ယခုလို ထုတ်လွှင့်တင်ဆက်နိုင်ခဲ့ပါတယ်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့တစ်ပတ်အတွင်း ဆန္ဒမဲရလဒ်များ ထုတ်ပြန် နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုနဲ့အတူ ထုတ် ပြန်ချက်စုစုပေါင်းကို နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၉ နာရီအထိ နာရီစဉ်တိုင်း တိကျခိုင်မာ စွာနဲ့ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေး နိုင်ခဲ့ပါတယ်။
မွန်မြတ်သော ကမ္ပည်းမှတ်တိုင်စိုက်ထူနိုင်ခဲ့
နိုင်ငံတော် တည်ဆောက်ရေးမှာ နိုင်ငံတော် ရဲ့ အချုပ်အခြာအာဏာ ခက်မသုံး ဖြာ ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဖြစ်တဲ့ မဏ္ဍိုင်ကြီး (၃)ရပ်တို့ဟာ အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်ကြရတာပါ။ ဥပဒေ ပြုရေးမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူ့ကိုယ်စားလှယ် တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲကြီးကတစ်ဆင့် ပြည်သူတွေက ရွေးချယ်ပေးခဲ့ကြပြီဖြစ်ပါတယ်။ ဒီလိုနိုင်ငံ အတွက် အရေးကြီးတဲ့သမိုင်းဝင်ရွေးကောက် ပွဲကြီးကို ရွေးကောက်ပွဲ အကြိုကာလမှသည် ရွေးကောက်ပွဲကျင်းပချိန်နဲ့ ရွေးကောက်ပွဲပြီး စီးချိန်အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သတင်းအချက်အလက်များနဲ့အတူ အသိ ပညာပေးအစီအစဉ်တွေနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ပြည်သူ့အတွက် ဂုဏ်ယူစွာ တင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)အနေဖြင့် မူလတာဝန်များက မပြီးဆုံးသေးပါ။ MRTV ရဲ့ ကောင်းမြတ်တဲ့အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းရင်း ပြည်သူအတွက် အလုပ်အကျွေး ပြုနေဆဲ၊ ဝန်ဆောင်မှုပေးနေ ဆဲ၊ ရှေ့သို့ချီတက်ဆဲပါ။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အောင်မြင်စွာပြီးစီးခဲ့တဲ့ သမိုင်းဝင်ရွေးကောက် ပွဲကြီးနဲ့အတူ မွန်မြတ်တဲ့ ကမ္ပည်းမှတ်တိုင် တစ်ခုကို မော်ကွန်းတင်ရေးထိုး စိုက်ထူလိုက် နိုင်ပါပြီ။ ။


