ပါမောက္ခသိန်း
(ဆေးတက္ကသိုလ် (၁)ရန်ကုန်)
=============
ရန်ကုန်တက္ကသိုလ် (Rangoon University )ကို ၁၉၂၀ ပြည့်နှစ်မှာ ရန်ကုန်ကောလိပ် (Rangoon College) နဲ့ ယုဒသန်ကောလိပ် ( Judson College) နှစ်ခုနဲ့စတင်တည် ထောင်ခဲ့တာမို့ လာမယ့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ် (၁၀၀) ပြည့်တော့မှာဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကာလမို့ ရာပြည့်အထိမ်းအမှတ်ကို ကျန်းမာ ရေး ထိခိုက်မှုမရှိစေမယ့် နည်းလမ်းအမျိုးမျိုးနဲ့ စီစဉ် ကျင်းပနေရာမှာ မြန်မာ့ရုပ်မြင်သံကြားမှ တက္ကသိုလ်နဲ့ ပတ်သက်တဲ့ တေးသီချင်းအပုဒ် (၁၀၀) ရိုက်ကူးထုတ်လွှင့် မှုလည်း ပါဝင်ပါတယ်။
ရန်ကုန်တက္ကသိုလ်အောက်မှာ ပထမဆုံး ဆေးပညာ ဌာန (Medical Department)၊ နောက် ဆေးကောလိပ် (Medical College)၊ ပြီးတော့ ဆေးပညာမဟာဌာန (Faculty of Medicine under Rangoon University) အဆင့်ဆင့် ပြောင်းလဲလာပြီး ၁၉၆၄ ခုနှစ်မှာ သီးခြား တက္ကသိုလ်ဖြစ်လာတဲ့ မိမိတို့ ဆေးတက္ကသိုလ်(၁) ရန်ကုန် အနေနဲ့ အခြားညီအစ်ကိုမောင်နှမတက္ကသိုလ်များက သားသမီးတွေလိုပဲ မိခင်ဆေးပညာသင်ကြားဆည်းပူး ကြရင်း အနုပညာဘက်မှာလည်း မလစ်ဟင်းခဲ့ကြပါဘူး။
မိမိတို့ ဆေးတက္ကသိုလ်(၁) ရန်ကုန်ရဲ့ မြန်မာလူမျိုး ထဲက ပထမဆုံးပါမောက္ခချုပ်မှာ ပါမောက္ခ ဆရာကြီး ဒေါက်တာဦးဘသန်း ဖြစ်ပါတယ်။ ဆရာကြီးဟာ ခွဲစိတ် ပါရဂူ ဆရာဝန်ကြီးဖြစ်ပေမယ့် အနုပညာကို မြတ်နိုးသူမို့ သူကိုယ်တိုင် ပတ္တလား၊ စန္ဒရားတွေ ကျင်ကျင်လည်လည် တီးခတ်နိုင်သလို ကျောင်းသား ကျောင်းသူတွေကိုလည်း အနုပညာလုပ်ဖို့ အားပေးပြီး ဆေးတက္ကသိုလ်(၁) ရဲ့ နာမည်ကျော် ဂန္ထဝင် “ဇွဲ” အငြိမ့်ကိုလည်း ဖွဲ့စည်း တည်ထောင်ပေးခဲ့ပါတယ်။ “ဇွဲ” အငြိမ့်ခေတ်က ဆေး တက္ကသိုလ်(၁) ရဲ့ ဘွဲ့နှင်းသဘင်ညစာစားပွဲ ၊ ကပွဲတွေရဲ့ အဖွင့်သီချင်း၊ အပိတ်သီချင်းတွေဟာ အမိတက္ကသိုလ်ရဲ့ အနုပညာအသင်းမျိုးဆက်များစွာ သီဆိုခဲ့ကြရတဲ့ ဂန္ထဝင် ကျောင်းသီချင်းနှစ်ပုဒ်ပါပဲ။
အဖွင့်သီချင်း
(ခြေဆင်း ) ဘွဲ့နှင်းသဘင်ခန်းမသို့၊ လှမ်းကြွလို့ပင်၊ (ကြွလာကြသူကုန်စင်)၂၊ မိုးဆန်းပန်း
အသွင် လန်းဆန်းစေချင်
(မ) ဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်၊ ပျော်ပျော်ရွှင်ရွှင်နွှဲကြလို့ပင်
(ကျား) ဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်၊ ပျော် ပျော်ရွှင်ရွှင်နွှဲကြလို့ပင်
(ကျား+မ) တူစုံမောင်မယ်ယှဉ်၊ နွှဲကြလို့ပင်၊ ငွေတိမ် ယံတွင်၊ ထွန်းတောက်သစ်လွင်၊ အောင်မြင် သောလမ်း၊ စခန်းမုခ်ဦးအဝင်၊ အများ မြော်မြင်၊ သမားတော်ပင်၊ ဆေးပညာရှင် (ဇွဲ….ရှိဖို့အဓိကပင်) ၂
(ကျား) တောင်ကမ်းပါးယံတွေကို၊ ကျော်လွှားလို့ဖြင့်
(မ) ပေးအပ်တဲ့တာဝန်ကျေစေချင်
(ကျား) မြစ်ချောင်း အင်းအိုင် ကူးဖြတ်လို့ဖြင့်
(မ) ဂရုဓမ္မနဲ့ ကုသပါစေချင်
(ကျား) အောင်မြင်သောလမ်း၊ စခန်းမုခ်ဦးအဝင်
(မ) လုပ်သားပြည်သူအရေး ၊ တွေးမြင်ကာပင်၊ ဆေးပညာရှင်
(ကျား+မ) (ဇွဲရှိဖို့အဓိကပင်)၂ ( ဇွဲ × × ဇွဲ× × ဇွဲ× × ဇွဲ) (ကျား+မ) ငွေအသပြာဆရာဝန်မဟုတ်တဲ့၊
စေတနာဆရာဝန်အလုပ်နဲ့၊ အားထုတ်ကြိုးစားပွားများ ဂုဏ်အင်။ အဆင့်အတန်းမခွဲခြား၊ သွေးသားရင်းအသွင်၊ အများမြော်မြင်၊ သမားတော်ပင်၊ ဆေးပညာရှင်။ (ဇွဲရှိဖို့ အဓိကပင်)၂ ( ဇွဲ × × × ဇွဲ × × × ဇွဲ× × × ဇွဲ)
အပိတ်သီချင်း
(ကျား) (မိုးဆန်းပန်းလိုလန်းစေချင် )၂၊ ကြွလာကြသူ အများပရိသတ် စိတ်ဓာတ်တွေ ပီတိတွေလှိုင်
မြိုင်ဆိုင်ဝေ
(မ) (မိုးဆန်းပန်းလိုလန်းစေချင်)၂၊ ကြွလာကြသူ အများပရိသတ် စိတ်ဓာတ်တွေ ပီတိတွေလှိုင်
မြိုင်ဆိုင်ဝေ
(ကျား+မ)(ဆေးတက္ကသိုလ်ချိုသံတေး)၂၊ဟစ်ကြွေးလာလေ၊ အပြစ်ဘေးဘယာတွေ၊ ကြည်လင်ရွှင်လန်း ချမ်းမြေ့ပါစေ
(ကျား) ဆေးကျောင်းသားတွေ
(မ) ဆေးကျောင်းသူတွေ
(ကျား+မ)ပေါင်းစုလို့ ညီညီညာညာ ဆင်နွှဲကာနေ
(ကျား) နောင်နှစ်ကျရင်တွေ့စို့လေ
(မ) နောင်နှစ်ကျရင်တွေ့စို့လေ
(ကျား) ပြန်လည်၍တွေ့မယ့်နေ့ကို
(မ) ပြန်လည်၍တွေ့မယ့်နေ့ကို
(ကျား+မ)မျှော်လင့်စောင့်စားလို့ကြိုနေ
(ပြန်ဆို အစအဆုံး)
အဲဒီခေတ်မှာပဲ “ဇွဲ” အငြိမ့်အတွက် နောက်ထပ် ဂန္ထဝင် တေးတစ်ပုဒ်ကတော့ “ဇွဲ” သီချင်းလေးပါ၊ တေးပြု စာဆိုကတော့ နိုင်ငံကျော် ဂီတလုလင်မောင်ကိုကိုပါ။
“ဇွဲ”
တိုင်းပြည်ကိုပြုပြင်စေကြောင်းနဲ့ စိတ်ထား
ကောင်းလို့ ဆရာဝန်တွေဖြစ်ခဲ့ပါသည်
တောအနှံ့တောင်တစ်ခိုမရှောင်လိုကြသည်
ပေးတဲ့တာဝန်ကျေပွန်ကြမည်
ငွေကိုမခင် စေတနာရှင်မို့ လေးလေးစားစား
အရေးထားကာပင် ဂုဏ်ပြုသည်
အတိကျမလွဲ ရှိရစမြဲ
အဓိက ဇွဲ× × ဇွဲ× × ဇွဲ× × ဇွဲ ရှိဖို့လိုသည်
(ဇွဲ × ဇွဲ × ဇွဲ × ဇွဲ × ဇွဲ × ဇွဲ × ဇွဲ)
၂၀၁၃ ခုနှစ် ပါမောက္ခချုပ် ဒေါက်တာသန်းချို (ကွယ်လွန်) ခေတ်မှာ သူရယ်၊ ခွဲစိတ်ဌာနမှူး ပါမောက္ခ ထွန်းဦးရယ်၊ မိမိရယ် သုံးဦးသားဦးဆောင်ပြီး ကျောင်းနဲ့ ပတ်သက်လို့ ဖောက်ထွက်ဆောင်ရွက်မှုတွေ လုပ်ခဲ့ကြရာမှာ စာသင်ခန်းပြင်ပ လှုပ်ရှားမှု (Extracurricular activities) တွေထဲက တစ်ခုကတော့ အရင်မရှိသေးတဲ့ ကျောင်းသီချင်း ရေးဆိုပြိုင်ပွဲပါပဲ။ အဲဒီတုန်းက ကျောင်းသား ကျောင်းသူ တွေရော ဆရာတွေပါ ရေးသားစပ်ဆိုကြလို့ ကျောင်းပိုင် သီချင်းလေးတွေ ပေါ်ပေါက်လာပါတယ်။
၂၀၁၇ ခုနှစ် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး လက်ထက် အမိဆေးတက္ကသိုလ်(၁) ရန်ကုန်ရဲ့ နှစ်(၉၀) ပြည့် နဝရတ်ရတု အထိမ်းအမှတ် ပြုလုပ်ခါနီးမှာ နှစ်(၉၀)ပြည့် မိခင်အတွက် ဂုဏ်ပြုတေးလေးတွေကို ဆေး(၁) ရဲ့ သားသမီးတွေက ထပ်မံဂုဏ်ပြုစပ်ဆို ရေးသားခဲ့ကြ ပြန်ပါတယ်။
အဲဒီနှစ်ကြိမ်မှာ ရေးသားစပ်ဆိုခဲ့ကြတဲ့ တေး သီချင်းတွေအထဲက အခုအချိန် အမိဆေး တက္ကသိုလ်(၁) ရန်ကုန်ရဲ့ ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲ၊ မိသားစု ပျော်ပွဲရွှင်ပွဲ (Funfair) အပါအဝင် ကျောင်းရဲ့ ပွဲလမ်း သဘင်တွေတိုင်းမှာ “ကျောင်းသီချင်း” အနေနဲ့ နောက် မျိုးဆက်သားသမီးလေးတွေ မြတ်မြတ်နိုးနိုးဆိုနေကြ တဲ့ တေးသီချင်းအချို့ကို မှတ်တမ်းမှတ်ရာအဖြစ် ကျန်နေရအောင် ဖော်ပြလိုပါတယ်။
ပထမတစ်ပုဒ်က ကျောင်းသီချင်းပြိုင်ပွဲမှာ ပထမ ဆုရခဲ့တဲ့ “တို့ဆေးကျောင်း အမိရင်ခွင်” ပါ။ တေးရေးသူ/ သံစဉ်စာသားက အမရာ( ဆေး-၁) (ဒေါက်တာနုနုဆွေ) ပါ။ ပြိုင်ပွဲနဲ့ နဝရတ်ရတုပွဲမှာ သီဆိုခဲ့ကြတာတော့ (ဒေါက်တာ) ဖြိုးပြည့်စုံနဲ့အဖွဲ့ပါ။
တို့ဆေးကျောင်းအမိရင်ခွင်
ဤကမ္ဘာမြေမဟာအတွက်၊ ပညာဝေဖြာလျက်၊ ပင်စည်ပင်မ အမြစ်မှ အခြေတည် ပုံပမာလေ၊ ဟိုယခင်ရဲ့ သမိုင်းအစ ၊ ကမ္ဘာမကြေ ညီညာရုန်းထ ၊ စစ်များအပြီးမှ စလို့ သန္ဓေတည် ပီပြင်နေ
(Cho) အသွေးအသားတွေကို၊ စတေးပြုစေတနာ၊ ပေးဆပ်နေ၊ တို့ဘဝဆေးကျောင်း၊ အမိ × × အမိ × × အမိရဲ့ရင်ခွင်၊ ဒါဟာတို့အမိမြေ၊ ဆေး ၁ ဆေး ၁ ကျောင်းတော်တို့များ အနှစ်အမွေ၊ ဆေး ၁ ဆေး ၁ ကျောင်းတော်၊ တို့သွေးသမိုင်းမြေ၊ ဆေး ၁ ဆေး ၁ ကျောင်းတော်ဟေ့၊ ဘယ်အခြေ အနေ အခက်အခဲ၊ ဘယ်သူဘယ်သူ ဘယ်ဝါ မခွဲ၊ အရိပ်ထဲ တတ်မြောက်ခိုဝင် ဆရာဝန်တွေ အသင်္ချေ × ကမ္ဘာမြေရယ်အနှံ့၊ ဘယ်ကို ခြေဆန့်၊ ဘယ်တွေရောက်လည်း တို့ကျောင်း ပေးခဲ့၊ ပညာတောင်ပံအမွေ
(Cho) အသွေးအသားတွေကို၊ စတေးပြုစေတနာ၊ ပေးဆပ်နေတို့ဘဝ ဆေးကျောင်း၊ အမိ × × အမိ × × အမိရဲ့ရင်ခွင်။ ဒါဟာတို့အမိမြေ၊ ဆေး ၁ ဆေး ၁ ကျောင်းတော်၊ တို့များ အနှစ်အမွေ၊ ဆေး ၁ ဆေး ၁ ကျောင်းတော်၊ တို့သွေးသမိုင်း မြေ၊ ဆေး ၁ ဆေး ၁ ကျောင်းတော်ဟေ့ ဝေဒနာတွေ ဖေးမ၊ ကမ္ဘာမြေကို နိုးထ၊ မငယ်ရ တို့များမျက်နှာမော်ကာယှဉ်နိုင်ပေ။
လောကဆေးပညာ၊ ဒါတွေဟာအများအတွက်ပေ၊ လောကရဲ့အသိအမြင်တွေ၊ စောင့်သိကြကျင့်ဝတ်တွေ၊ မွန်မြတ်စိတ်ထား၊ တို့များစေစား သမားဂုဏ်အင်။
(Cho) အသွေးအသားတွေကို၊ စတေးပြုစေတနာ၊ ပေးဆပ်နေတို့ဘဝ ဆေးကျောင်း၊ အမိ × × အမိ × × အမိရဲ့ရင်ခွင်။ ဒါဟာ တို့အမိမြေ၊ ဆေး ၁ ဆေး ၁ ဆေး ၁ ကျောင်းတော်၊ တို့များအနှစ်အမွေ၊ ဆေး ၁ ဆေး ၁ ဆေး ၁ ကျောင်းတော် တို့သွေး သမိုင်းမြေ၊ ဆေး ၁ ဆေး ၁ ကျောင်းတော်ဟေ့
Slow ; တို့ရဲ့အမိ ကျောင်းကိုပင်၊ စောင့်သိအစဉ် ကျေးဇူး တင်၊ မွန်မြတ်စိတ်ထား၊ ကမ္ဘာပြန့်စေသား သမားဂုဏ်အင် × × ×
ဒုတိယအပုဒ်ကတော့ ပါမောက္ခဒေါက်တာ ညွန့်သိန်း (ပါမောက္ခသိန်း)ရေးပြီး သံစဉ်ကို ဒေါက်တာ နေမျိုးဝင်း (နေမျိုးဆေး) ထည့်ပေးတဲ့ “ သမိုင်းတွင်ရစ်၊ ဆေးတက္ကသိုလ်-၁” သီချင်းပါ။ ပြိုင်ပွဲဝင်တုန်းက Medicine Ward မှာ အလုပ်သင်ဆရာဝန်လုပ်နေကြတဲ့ အာကာမင်း၊ ရတနာကိုကို၊ ရတီမောင်မောင်မြင့်၊ ရာဇာအောင်ဝင်း တို့ သီဆိုခဲ့ကြပြီး အကဲဖြတ်တွေပေးတဲ့ တတိယဆုနဲ့ Poplular Choice Award ရခဲ့ပါတယ်။ နဝရတ်ရတုနီးတော့ ဒေါက်တာရဲလင်းမောင်(လူမောင် ဆေး-၁) က သံစဉ်အချို့ထပ်ထည့်ပြီး ဒေါက်တာ ဖြိုးပြည့်စုံနဲ့အတူ သီချင်းကောင်းကောင်းဆိုနေကြ၊ ဆိုတတ်ကြတဲ့ သမီးလေးယောက်၊ ဒေါက်တာ စုမြတ် သိင်္ဂီ၊ ဒေါက်တာနိုင်လျန်ဇန်း၊ ဒေါက်တာရှိုင်းဝတ်ရည်သိန်း နဲ့ ယမုံတို့က သီဆိုဖျော်ဖြေခဲ့ကြပါတယ်၊ ဒီသီချင်းလေး ကတော့ စာသားလေးတွေမခက်လို့ သိပ်မကြာခင်ပဲ ကလေးတွေပါးစပ်ထဲရောက်ခဲ့ပြီး ကျောင်းရဲ့ပွဲတိုင်းမှာ မဆိုမဖြစ် တေးသီချင်းတစ်ပုဒ် ဖြစ်နေပါတယ်။
သမိုင်းတွင်ရစ်၊ ဆေးတက္ကသိုလ်(၁)
ဟေး × × × လာကြဟေ၊ တို့တက္ကသိုလ်ရဲ့ကျောင်း တော်သားတွေ ၊ ဟေး × × လာကြဟေ၊ တို့တက္ကသိုလ်ရဲ့ ကျောင်းတော်သူတွေ။ ဟေး × × လာကြဟေ၊ ဆေးတက္ကသိုလ်(၁)ကျောင်းတော်သားတွေ ၊ ဟေး--လာကြဟေ၊ ဆေးတက္ကသိုလ်(၁)ကျောင်းတော်သူတွေ။ လာလေလာလေလာလိုက်ကြဟေ၊ အမိတက္ကသိုလ်ရဲ့ သားကောင်းတို့ရေ ၊ ပျော်ပျော်ရွှင်ရွှင်လာလိုက်ကြဟေ၊ အမိတက္ကသိုလ်ရဲ့သမီးကောင်းတို့ရေ။ စုံစုံညီညီ လက်ကို တွဲကာ၊ အမိတက္ကသိုလ်ဂုဏ် မြှင့်တင်ကြမလေ၊ ဟေး × × × × လာကြဟေ၊ ဆေးတက္ကသိုလ်(၁)ကျောင်း တော်သားတွေ ၊ ဟေး× ×လာကြဟေ၊ ဆေးတက္ကသိုလ်(၁)ကျောင်းတော်သူတွေ။ ၁၉၂၇ ခုရဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ မွေးဖွားခဲ့တယ်၊ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လည်း၊ ဆေးလောကကို ဦးဆောင်ခဲ့ပေ ပညာအရာ၊ အားကစား အနုပညာ၊ ကျင့်ဝတ်သိက္ခာထိပ်တန်းကနေ၊ ဟေး ×××× လာကြဟေ၊ ဆေးတက္ကသိုလ်(၁)ကျောင်းတော်သားတွေ၊ ဟေး××လာကြဟေ၊ ဆေးတက္ကသိုလ်(၁)ကျောင်းတော် သူတွေ။ ဆေးတက္ကသိုလ်(၁)၊ မွေးဖွားလာအောင်၊ တို့ဘိုးဘွားတွေစတင်ခဲ့တယ်။
ဆေးတက္ကသိုလ်(၁)၊ ဂုဏ်ရှိန်မြင့်အောင်၊
တို့မိဘတွေ ကြိုးပမ်းခဲ့တယ်၊
ဆေးတက္ကသိုလ်(၁) ကမ္ဘာကသိအောင်၊ တို့အစ်ကို အစ်မတွေ ဆောင်ရွက်ခဲ့တယ်။ ဟေး × × လာကြဟေ၊ ဆေးတက္ကသိုလ်(၁)ကျောင်းတော်သားတွေ ၊ ဟေး--လာကြဟေ၊ ဆေးတက္ကသိုလ်(၁)ကျောင်းတော်သူတွေ။ ဆေးတက္ကသိုလ်(၁) ဝင့်ထည်ရအောင်၊ သမိုင်းပေးတာဝန် တို့အပေါ်ရောက်နေ ဆေးတက္ကသိုလ်(၁) အဆင့် မြင့်မား အောင်၊ သမိုင်းပေးတာဝန်ဆောင်ရွက်ရမလေ၊ အမိတက္ကသိုလ်၊ ကမ္ဘာ့အလယ်တင့်အောင်၊ သမိုင်းရဲ့ တာဝန်ထမ်းဆောင်ရမယ်လေ၊ (Rap: ) ဆေးလောက ထိပ်တန်း MC-1 ၊ မြန်မာ့အစွမ်း I M -1 ၊ ထိပ်ဆုံးရည်မှန်း U M-1 နိုင်ငံ့ရင်နှစ်၊ တို့ဆေး-၁၊ ပြည်သူ့ရင်နှစ်၊ တို့ဆေး- ၁၊ သမိုင်းတွင်ရစ်၊ ဆေးတက္ကသိုလ်-၁ ကျောင်းရဲ့ ဆောင်ပုဒ်၊ ရွတ်ကြည့်လိုက်ပါ၊ သီလ၊ သမာဓိ၊ ဇွဲနဲ့ပညာ၊ ဤလေးချက်ကို လက်ကိုင်ပြုပါ၊ ဆေး-၁ ဆိုတာမမေ့နဲ့ ရင်မှာ မျိုးဆက်သစ်တို့ ဆောင်ရွက်စို့၊ မျိုးဆက်သစ်တို့ ဝိုင်းဝန်းစို့ ၊ သမိုင်းပေးတာဝန်၊ ထမ်းဆောင်ကြစို့ ဟေး ×××× လာကြဟေ၊ ဆေးတက္ကသိုလ်(၁) ကျောင်းတော် သားတွေ၊ ဟေး× × လာကြဟေ၊ ဆေးတက္ကသိုလ်(၁) ကျောင်းတော်သူတွေ။ ဟေး× ×လာကြဟေ။
နောက်တစ်ပုဒ်ကတော့ နဝရတ်ရွှေရတုအတွက် မိမိပြောလို့ နိုင်ငံရပ်ခြားရောက်နေတဲ့ ဒေါက်တာ ဆောင်းဦးလှိုင်က အမိဆေးတက္ကသိုလ်အတွက် ကျေးဇူးဆပ် ဂုဏ်ပြုတဲ့အနေနဲ့ ကိုယ်တိုင်ရေး၊ ဆို၊ တီး၊ အသံဖမ်းခဲ့တဲ့ “ဒို့ကျောင်း” လို့ ခေါင်းစဉ်ပေးထားပြီး အခုကျောင်းပွဲတိုင်း မှာလည်း တစုတဝေးဝိုင်းဆိုနေကျ တေးသီချင်းလေးပါ။
“ဒို့ကျောင်း”
ဒို့ကျောင်း၊ သမားကောင်းတွေရဲ့ကျောင်း၊ သမိုင်း ကြောင်းအစဉ်အလာကောင်း၊ ပြည့်ခဲ့နှစ် ကိုးဆယ်။ ဒို့ကျောင်း၊ ဆေးတက္ကသိုလ် (၁) ကျောင်း၊ မေ့မရနိုင်တဲ့ ကျောင်း၊ လေးစားယုံကြည်မြတ်နိုးဖွယ်။ ဒီ ဒို့ကျောင်းရဲ့ သူရဲကောင်းတွေ၊ ကမ္ဘာမြေကြီးအနှံ့ပျံ့နှံ့နေ၊ ကယ်တင်အများ အကျိုးထမ်းရွက်ရင်း၊ ဂုဏ်ယူစရာတွေ၊ မကုန်ဆုံးတော့၊ ဒီ ဒို့ကျောင်းရဲ့သူရဲကောင်းတွေ၊ မြန်မာကြီး အနှံ့ပျံ့နှံ့နေ၊ ကယ်တင်အများအကျိုး၊ ထမ်းရွက်ရင်း၊ ဂုဏ်ဆောင်နေပြီ၊ ဒို့ကျောင်းအတွက်။ ကျေးဇူးတွေကို မမေ့ဘူး၊ တစ်ခါကဘဝ၊ ပညာဆည်းပူး၊ ဒီကျောင်းကြီး အရိပ်မှာ ခိုဖူးတာ။
ဂန္ထဝင်၊ ဒို့ဆေး(၁)ရဲ့ သမိုင်းကောင်းများအတွက်၊ ဒို့ကျောင်းသားတို့၊ သယ်ပိုးထမ်းရွက်၊ ကုစားဝေဒနာများစွာ ဂန္ထဝင်၊ ဒို့ဆေး(၁)ရဲ့ သမိုင်းကောင်းများအတွက်၊ ဒို့ကျောင်းသားတို့၊ သယ်ပိုးထမ်းရွက်၊ အသက်များ၊ ကယ်တင်ပေးပါ။ ဒီဒို့ကျောင်းရဲ့ သူရဲကောင်းတွေ၊ ကမ္ဘာ မြေကြီးအနှံ့ပျံ့နှံ့နေ၊ ကယ်တင်အများ အကျိုးထမ်းရွက်ရင်း၊ ဂုဏ်ယူစရာတွေ၊ မကုန်ဆုံးတော့။ ဒီဒို့ကျောင်းရဲ့ သူရဲ ကောင်းတွေ၊ မြန်မာပြည်ကြီးအနှံ့ပျံ့နှံ့နေ၊ ကယ်တင်အများ အကျိုးထမ်းရွက်ရင်း၊ ဂုဏ်ဆောင်နေပြီ၊ ဒို့ကျောင်းအတွက်။
ဂန္ထဝင်၊ ဒို့ဆေး(၁)ရဲ့ သမိုင်းကောင်းများအတွက် ဒို့ကျောင်းသားတို့၊ သယ်ပိုးထမ်းရွက်၊ ဖယ်ရှားဝေဒနာများစွာ ဂန္ထဝင်၊ ဒို့ ဆေး(၁)ရဲ့ သမိုင်းကောင်းများအတွက်၊ ဒို့ကျောင်း သားတို့၊ သယ်ပိုးထမ်းရွက်၊ ဘဝများ၊ ကယ်တင်ပေးပါ။ ဒို့ကျောင်း၊ သမားကောင်းတွေရဲ့ကျောင်း၊ မေ့မရနိုင်တဲ့ ကျောင်း၊ လေးစားယုံကြည်မြတ်နိုးဖွယ်။
နောက်ထပ်သီချင်းလေးကတော့ နှစ်(၉၀) နဝရတ် ရတုအတွက်ပဲ ဆေး(၁) ရဲ့သမီး ဒေါက်တာဖြူဖြူကျော်သိန်း က သူ့ရဲ့တေးရေး “စိမ့်” ကိုရေးခိုင်းပြီး ကိုယ်တိုင်သီဆို ဂုဏ်ပြုခဲ့တဲ့ “တို့ကျောင်းရဲ့နှစ်ပတ်လည်” ပါပဲ။
“တို့ကျောင်းရဲ့နှစ်ပတ်လည်”
ပညာမစုံခင်မှာ၊ ခိုလှုံရင်ခွင်ဒီကျောင်းအရိပ်၊ ဝေးသွား လည်းတစ်နေ့မှမမေ့နိုင်။ အတိတ်က သူငယ်ချင်းတို့ရေ--ဟေ တပည့်အတွက်၊ ဆရာကမိဘပမာ၊ သမားတော် ကောင်းများ။ မွေးထုတ်ပေးရာ၊ ဂုဏ်သတင်းများမွှေးလို့ ရပ်တည်၊ ဆေးတက္ကသိုလ် (၁) ရာစုနှစ်ဆက်ပြီ။ ငါတို့ရဲ့ တတ်မြောက်ခဲ့တဲ့ဆေးပညာ၊ အယုတ်အလတ်အမြတ် မရွေး၊ ပေးဆပ်ဖို့ရာ။ ဆန္ဒနဲ့ကတိတို့ဖြစ်တည်၊ ဆေးတက္ကသိုလ် (၁) ရာစုနှစ်ဆက်ချီ။ ကျင်လည်ရာနေရာ စုံမှာ၊ ပြန်မြင်ယောင်တာ ဒီကျောင်းအရိပ်၊ ဘဝရဲ့အမော ခဏလောက်မေ့ကာ၊ အပြုံးနဲ့ဆုံစည်းပါရစေ× × × × ဟေး မခွဲခွာ တစ်နယ်စီကျွံလည်း၊ အရောက်လာ၊ အတူဆုံချင် သေးတယ်…. အောင်မြင်မှုများနဲ့၊ မမေ့ပါ အတောင်စုံ ပျံကြတဲ့ခါ၊ ခိုလှုံဖူးတဲ့၊ တို့ကျောင်းရဲ့ နှစ်ပတ်လည်။ ပညာမစုံခင်မှာ၊ ခိုလှုံရင်ခွင် ဒီကျောင်းအရိပ် × × × × အယုတ်အလတ်အမြတ်မရွေး၊ ပေးဆပ်ဖို့ရာ။ ဆန္ဒနဲ့ကတိ တို့ဖြစ်တည်၊ ဆေးတက္ကသိုလ်(၁)ရာစုနှစ်ဆက်ချီ။ × × × × ခိုလှုံဖူးတဲ့၊ တို့ကျောင်းရဲ့နှစ်ပတ်လည်။ ဟေး × × × × တို့ကျောင်းရဲ့နှစ်ပတ်လည်။
အကျွန်ုပ်သည်၊ တတ်မြောက်ထားသော ဆေးပညာ ဖြင့်၊ လူသားတို့၏ဘဝနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ရှိစေရန် လေးစားစွာကာကွယ်စောင့်ရှောက်ပါမည်။ ဤကတိသစ္စာ ပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ပါက အကျွန်ုပ်သည် ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံပါစေသား။
နောက်သီချင်းလေးတစ်ပုဒ်ကတော့ တက္ကသိုလ်နဲ့ ပတ်သက်တဲ့ လူအများ ကြိုက်ကြ၊ ဆိုကြတဲ့ “သတိရ နေမှာပါ” အပါအဝင် တက္ကသိုလ်တေးသီချင်းတွေ အတော် များများရေးခဲ့တဲ့ ဒေါက်တာရဲလင်းမောင် ( လူမောင် ဆေး-၁) က အမိဆေးတက္ကသိုလ်(၁) ရဲ့ နှစ်(၉၀) နဝရတ်ရတု အတွက်ဂုဏ်ပြုစပ်ဆိုရေးသားခဲ့တဲ့ “ပြန်ဆုံမယ် သူငယ်ချင်း” ဆိုတဲ့သီချင်းလေးပါ။ နဝရတ်ပွဲတော်မှာ ဒေါက်တာရှိုင်းဝတ်ရည်သိန်းနဲ့အဖွဲ့က သီဆိုခဲ့ကြပါ တယ်။
“ပြန်ဆုံမယ်သူငယ်ချင်း”
သီဆိုမယ်သီချင်းသစ်လေးတစ်ပုဒ် လုပ်လိုက်ပါတော့× × ဟေ့ဟေ့
Verse 1 : ယိမ်းနွဲ့နွဲ့လေပြည်ငယ်လေး နှလုံးသားကို အတိတ် ဆီကိုဆောင်ကျဉ်းလို့အစပြုခဲ့ မယ်ဒီကယ် ကောလိပ်အစကို ခဏပြန်မြင်ယောင်ကြည့်စို့ × × IM-1, UM-1 သူ့အရိပ်အောက်ပညာသင်ဖူး ကျေးဇူးကို ပြန်ဂုဏ်ပြုတဲ့ဒီသီချင်း ဆေး(၁)ရဲ့ ပျော်ရွှင်ဖွယ်မွေးနေ့
Chorus ; ဟေး...ပြန်ဆုံမယ်သူငယ်ချင်း အိုဟိုး အို.. ဆေး(၁)မွေးနေ့ရောက်တိုင်းမှာလေ ဟေး × × × × ပြန်လာ ပါသူငယ်ချင်း အိုဟိုးအို× × ဆေး(၁)မွေးနေ့ ရောက်တိုင်းမှာလေ ရောက်တိုင်းမှာလေ
Verse 2 ; သက္ကရာဇ်တို့မှန်မှန် ခုတ်မောင်းရထားတစ်စင်းလို ပြက္ခဒိန်တွေအသစ်လဲလို့ ရွက်သစ်တို့စည်ဝေ နေဆဲ အမိတက္ကသိုလ် နှစ် (၉၀) တောင်တိုင်ခဲ့ပေါ့ ပြည်သူတွေအတွက် ဆရာဝန်များ မွေးထုတ်ပေးတာဝန်ကျေခဲ့ကျေးဇူးကို ပြန်ဂုဏ်ပြုတဲ့ဒီသီချင်း ဆေး(၁)ရဲ့ပျော်ရွှင်ဖွယ်မွေးနေ့
(>>>>Chorus)
Rapping - ဟေး အားလုံးရဲ့မိခင် ကျေးဇူးရှိတယ် ပညာ
ရင်ခွင်ခိုကာလှုံ သူ့အရိပ်အောက်ဝယ်
လိုနေတာတွေ ပြန်ကူညီမယ် အလံမနိုင်တွေလို ဗော်လန် တီယာတွေ အတန်းကငယ်ငယ် စတက်ချိန်လိပ်ခုံးမှာလေ စိန်ပန်းပွင့်တွေလည်း ရဲရဲနီအောင်ပွင့်ကာနေ လမ်းမတော် ကို အတန်းကြီးလာရင်ရောက်မယ်ဟေ့ တစ်ထောင်နဲ့ ကိုးရာ နှစ်ဆယ့်ခွန်နှစ် ဖေဖော်ဝါရီလရဲ့ နံပါတ်နှစ် တည်ထောင်ခဲ့တယ် ဂုဏ်ယူလိုက်စို့ နာမည်တွေမျိုးစုံ တွင်ကျန်ရစ် အရင်အမ်စီကနေ အိုင်အမ်ဖြစ် အိုင်အမ်က နေ ယူအမ်အဖြစ်သို့
>>>>> (Chorus ; 2times )
မိမိအခုဖော်ပြခဲ့တဲ့တေးသီချင်းအားလုံးက အမိ ဆေးတက္ကသိုလ်(၁) ကမွေးဖွားပေးခဲ့တဲ့ သားသမီးတွေ ရေးစပ်သီဆိုခဲ့ကြတဲ့ တေးသီချင်းတွေထဲက တချို့ပါ၊ ကာယကံရှင်တွေကိုလည်း ဆက်သွယ်အကြောင်းကြား ပြီးမှ တင်ပြထားပါတယ်၊ အမှန်တော့ ပြိုင်ပွဲဝင်ခဲ့တုန်းက ရေးသားသီကုံးစပ်ဆိုခဲ့ကြတဲ့ တေးသီချင်းတွေ မိမိဆီမှာ အများကြီးရှိနေပါသေးတယ်။ အချိန်နဲ့ စာမျက်နှာ အခက်အခဲကြောင့် မိမိဆက်သွယ်လို့ ရသလောက်ကိုပဲ ရေးသားဖော်ပြလိုက်ပါတယ်။ ရာပြည့်သဘင် ဆင်နွှဲ နေတဲ့ မိခင်ရန်ကုန်တက္ကသိုလ်ကြီးရော အမိဆေး တက္ကသိုလ်ပါ ကမ္ဘာတည်သရွေ့ နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲပါစေလို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုရင်း။

ပါမောက္ခသိန်း၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်
၁၉-၁၁-၂၀၂၀
(ရှေးခေတ်က သီချင်းများကို ရှာဖွေပေးပါသော ဒေါက်တာ သန်းထွဋ်( လင်း ၊ ဆေး-၁) နှင့် ဤဆောင်းပါး တွင် ဖော်ပြထားသည့် သီချင်းများ ရေးသားဖော်ပြခွင့်ပြု ပေးခဲ့ကြသည့် ဆေးတက္ကသိုလ် (၁) ၏ သားသမီး တေးရေးတေးဆိုအားလုံးကို ကျေးဇူးတင်အပ်ပါ သည်။)


