မောင်ခင်မင် (ဓနုဖြူ)

မြန်မာစာနဲ့ပါဠိ ဘာသာစကားဆက်သွယ်ပုံ အကြောင်း တော်တော်များများ ပြောဆိုပြီးကြပြီဆို တော့ အရင်အပတ်က စကားစထားတဲ့အတိုင်း မြန်မာစာနဲ့ပါဠိစာပေ ဆက်သွယ်ပုံအကြောင်း ပြောကြတာပေါ့

ဟုတ်ကဲ့ပါ ဆရာ။ ပါဠိစာပေဆိုတော့ ပိဋကတ်စာပေပဲပေါ့နော် ဆရာ

အေးပေါ့။ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ်သုံးပုံကို ဆိုလိုတာ မင်းသိပါတယ်။ အစပိုင်းတုန်းက တို့ဆွေးနွေးဖူးပါတယ်။ ဘုရားဟော ပါဠိတော်က စပြီး အဋ္ဌကထာ၊ ဋီကာစတဲ့ အဖွင့်ကျမ်းတွေ၊ ဂန္ထန္တရကျမ်းတွေ အားလုံးပါတာပေါ့။ ပါဠိဘာသာ နဲ့ ရေးထားတာမို့ ပါဠိစာပေလို့ ခေါ်လို့ရပါတယ်။ ဗုဒ္ဓစာပေလို့လဲ ခေါ်နိုင်တာပေါ့

ဟုတ်ပါတယ် ဆရာ

အဲဒီ ပါဠိပိဋကတ်စာပေတွေ ပုဂံခေတ်မှာ မြန်မာစာအရေးအသား မပေါ်ခင်ကတည်းက ပုဂံ ကို ရောက်နေပြီဆိုတာလဲ ကျောက်စာ၊ မင်စာ အထောက်အထားတွေအရ သိနိုင်တာပေါ့။ ပိဋ ကတ်တော်တွေ လှူဒါန်းတဲ့အကြောင်း၊ ပေပေါ်မှာ ရေးကူးတဲ့အကြောင်းတွေပါသလို ကျမ်းနာမည် တွေလဲပါတာမို့ ပုဂံခေတ်မှာ ပါဠိပိဋကတ်စာပေ တွေကို မြန်မာတွေ လေ့လာနေပြီဆိုတာ ထင်ရှား တဲ့အချက်ပါ

ဟုတ်ပါတယ် ဆရာ

မြန်မာစာပေနဲ့ ဆက်စပ်ပြောရရင်တော့ ဆက်သွယ်မှုအရှိဆုံးလို့ဆိုရမဲ့ စာပေတွေက ဇာတကရယ်၊ ဗုဒ္ဓဝင်ရယ်၊ ဓမ္မပဒရယ် အဲဒီစာပေ တွေကို ပဓာနထားပြီး ပြောရမှာပဲလေ

မှန်ပါတယ် ဆရာ။ မြန်မာစာပေထဲမှာ အပျံ့နှံ့ဆုံး ပါဠိစာပေတွေပါ

ပိဋကတ်တော်ထဲက တခြားစာပေတွေလဲ မြန်မာစာပေနဲ့ ဆက်သွယ်မှုရှိပါတယ်။ အခုပြော တဲ့ စာပေတွေကတော့ အထင်ရှားဆုံးလို့ ဆိုနိုင် တာပေါ့

ဟုတ်ကဲ့ပါ

ကဲ...ဒီတော့ ဇာတက စာပေက စရအောင်

ငါးရာ့ငါးဆယ် ဇာတ်ကြီးဆယ်ဘွဲ့ပေါ့ ဆရာ

အေး၊ ဇာတက စာပေဆိုတာက ဂေါတမ ဘုရားရှင် အလောင်းတော်ဘဝက ဖြစ်တော်စဉ် တွေ မဟုတ်လား။ အားလုံး ၅၄၇ ဇာတ်ရှိတယ်။ မှတ်ရလွယ်အောင် ၃ တိုးပြီး ၅၅၀ လို့ခေါ်ကြတယ် မဟုတ်လား

ဟုတ်ပါတယ် ဆရာ။ ဇာတ်ကြီးဆယ်ဘွဲ့က လဲ ငါးရာ့ငါးဆယ်ထဲမှာပါတယ်ဆိုတာ တချို့က ကွဲကွဲပြားပြား မသိကြဘူးထင်ပါတယ်။ ကျွန်တော် တို့လဲ ငယ်ငယ်တုန်းကဆိုရင် ငါးရာ့ငါးဆယ်က သတ်သတ်၊ ဇာတ်ကြီးဆယ်ဘွဲ့ကသတ်သတ်လို့ ထင်ခဲ့ကြတာပါ

ဟုတ်တယ်လေ။ အဲဒီလို ထင်ကြတာတွေ ကြားကြားနေရတာပေါ့။ တကယ်တော့ ဇာတ်တော် ၅၄၇ ဇာတ်ထဲက နောက်ဆုံးဆယ် ဇာတ်ကို ဇာတ်ကြီးဆယ်ဘွဲ့လို့ ခေါ်ကြတာ မဟုတ်လား

ဟုတ်ပါတယ် ဆရာ

ဒီဇာတ်တော်တွေက ဇာတ်လမ်းဇာတ်အိမ် ပိုပြီးကျယ်ဝန်းတယ်။ ပိုပြီးရှည်တယ်။ ငါးရာ့ ငါးဆယ်ဇာတ်တွေကို ပါဝင်တဲ့ဂါထာအရေ အတွက်လိုက်ပြီး တစ်ဂါထာပါတဲ့ဇာတ်တွေကို ဧကနိပါတ်၊ ၂ ဂါထာပါတဲ့ ဇာတ်တွေကို ဒုကနိပါတ် စသည်ဖြင့် စုစည်းထားတာ။ ဂါထာ ၈၀ ပါတဲ့ ဇာတ်တွေကို အသီတိနိပါတ်လို့ခေါ်တယ်။ ရှေ့က ၅၃၇ ဇာတ်မှာ အသီတိနိပါတ်ဟာ ဂါထာအများဆုံး ပဲ။ နောက်ဆုံးဆယ်ဇာတ်ကတော့ ဂါထာ ၂၀၀ လောက်ကနေပြီး တစ်ထောင်အထိပါတဲ့ ဇာတ်တော်ကြီးတွေလေ။ အဲဒီဇာတ်တွေကိုတော့ မဟာနိပါတ်လို့ခေါ်တယ် မဟုတ်လား။ တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ ဆိုတဲ့ ဇာတ်တော်တွေ ပေါ့

ဟုတ်ပါတယ် ဆရာ၊ နောက်ဆုံးဝေဿန္တရာ ဇာတ်တော်ကြီးက ဂါထာတစ်ထောင်ပါတယ်လို့ မှတ်သားရပါတယ်

အဲဒီဂါထာတွေက ဇာတ်လမ်းမှာ ပဓာနကျတဲ့ အကြောင်းအရာတွေပဲပါတာ။ ဇာတ်လမ်း အပြည့် အစုံမဟုတ်ဘူး။ ဆိုကြပါစို့။ မဟာဇနက ဇာတ်တော်ဆိုရင် သင်္ဘောပျက်လို့ပင်လယ်ထဲမှာ ကူးခပ်နေတဲ့ ဇနကမင်းသားကို မဏိမေခလာ နတ်သမီးက မေးမြန်းတဲ့ဂါထာနဲ့ အစချီတာလေ။ သမုဒ္ဒရာအလယ်မှာ ကူးခပ်နေသူဟာ ဘယ်သူလဲဆိုတဲ့ အဓိပ္ပာယ်ပေါ့

ဇာတကပါဠိတော်တွေက အဲဒီလို တစ်ဂါထာ ကစပြီး ဂါထာတစ်ထောင်အထိ ပါတယ်။ ဇာတ်လမ်းအပြည့်အစုံ မဟုတ်သေးဘူး။ ဇာတ်လမ်းအပြည့်အစုံက အဋ္ဌကထာဆရာတွေ ထပ်ပြီး ဖွင့်ဆိုရေးသားတော့မှ ပေါ်လာတာလေ။ ဒါကြောင့် ဇာတကပါဠိတော်ရော၊ ဇာတကအဋ္ဌ ကထာရော ဆက်စပ်လေ့လာဖို့လိုတာပေါ့

ဟုတ်ကဲ့ပါ ဆရာ။ ဆရာပြောပြလို့ ပိုရှင်းသွား ပါပြီ

အဲဒီဇာတကအဋ္ဌကထာတွေ ပါဠိဘာသာနဲ့ ရေးထားတာကို ပုဂံခေတ်ကတည်းက တို့မြန်မာ တွေ လေ့လာပြီး မြန်မာစာပေတွေ ရေးဖွဲ့ခဲ့ကြတာ ပေါ့ကွယ်

ဟုတ်ကဲ့ပါ ဆရာ။ ဪ ဒါထက်၊ ပုဂံခေတ် တုန်းက ဇာတ်တော်အရေအတွက် ၅၅၀ အပြည့်ရှိ တယ်လို့ ကြားဖူးပါတယ် ဆရာ။ သေသေချာချာ သိချင်ပါတယ်

အေး ဒါလဲသိကောင်းစရာပေါ့။ ပုဂံခေတ် ဘုရားတွေမှာ စဉ့်ကွင်းလို့ခေါ်တဲ့ စဉ့်ရည်သုတ်ထား တဲ့ ရုပ်ကြွပုံတွေကို ဘုရားတွေမှာ ပူဇော်ကြတယ်။ ပြီးတော့ ဇာတ်တော်နာမည်တွေကို ပါဠိဘာသာ နဲ့ဖြစ်ဖြစ်၊ မွန်ဘာသာနဲ့ဖြစ်ဖြစ် ရေးထားတာလေ။ ပုဂံ ဖက်လိပ်ဘုရား ဆူမှာရှိတဲ့ အဲဒီစဉ့်ကွင်းတွေ မှာ ဇာတ်တော် ၅၅၀ အပြည့်ရှိတယ်။ စဉ့်ကွင်း တွေပေါ့၊ ၅၄၇ ဇာတ်အပြင် ဝေလာမဇာတ်ရယ်၊ မဟာဂေါဝိန္ဒဇာတ်ရယ်၊ သုမေဓပဏ္ဏိတဇာတ်ရယ် အဲဒီ ၃ ဇာတ်ထည့်ထားတော့ ၅၅၀ အပြည့်ပေါ့

ဪ... ဟုတ်ကဲ့ပါ

ဒီတော့ ပုဂံခေတ်တုန်းက ဇာတ်ကမူ ၂ မျိုးရှိ တယ်လို့ ဆိုနိုင်တာပေါ့။ ၅၄၇ ဇာတ်ရှိတဲ့မူကတော့ ဧကနိပါတ် အပဏ္ဏကဇာတ်ကနေ မဟာနိပါတ် ဝေဿန္တရာဇာတ်အထိပေါ့။ ဒီမူက ခုခေတ်အထိ တွင်ကျယ်ပါတယ်။ အဲ...ဇာတ် ၅၅၀ ရှိတဲ့မူက တော့ နောက်ပိုင်းခေတ်တွေမှာ မတွင်ကျယ်တော့ ဘူးလို့ ဆိုရမှာပေါ့

ဟုတ်ကဲ့ပါ

စဉ့်ကွင်းတွေအပြင် ဂူဘုရားတွေရဲ့ အတွင်း နံရံတွေမှာလဲ ဇာတကသရုပ်ဖော်ပန်းချီပုံတွေ ရေးဆွဲသရုပ်ဖော်ပြီး အောက်မှာပုံအညွှန်းစာတွေ မင်နဲ့ရေးထားတယ်။ ခုခေတ်ဘုရားစောင်းတန်း တွေမှာ တွေ့ရတဲ့ ပန်းချီကားတွေလိုပေါ့ကွယ်

ဟုတ်ကဲ့ပါ

ပုဂံက လောကထိပ်ပန်ဆိုတဲ့ ဂူဘုရားအတွင်း နံရံတွေမှာ ရေးဆွဲထားတဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ ပန်းချီပုံတွေနဲ့ ပုံအညွှန်းစာတွေကို ဆရာတို့ ခုခေတ်အထိ လေ့လာနေရတယ်

ဟုတ်ကဲ့ပါ၊ ကျွန်တော်လဲ နည်းနည်းပါးပါး လေ့လာဖူးပါတယ်

သမိုင်းပညာရှင် ဆရာဗိုလ်မှူးဘရှင်က အဲဒီပုံအညွှန်းစာတွေကို အသေးစိတ်သုတေသန ပြုပြီး ၁၉၆၂ ခုနှစ်မှာ စာအုပ်တစ်အုပ်ပြုစု ထုတ်ဝေ ထားတယ်။ စာအုပ်က အင်္ဂလိပ်လိုရေးတာ၊ The Lokahteikpan ဆိုတဲ့ ခေါင်းစဉ်နဲ့လေ

ဟုတ်ကဲ့

ဗိုလ်မှူးဘရှင်က လောကထိပ်ပန်ဘုရား အကြောင်း အချက်အလက်အပြည့်အစုံ ရေးထား တယ်။ ပြီးတော့ ပန်းချီပုံတွေအောက်မှာ မင်နဲ့ရေး ထားတဲ့ ပုံအညွှန်းမင်စာတွေကို အတိအကျပြန်ကူး ထားတယ်။ မြန်မာဘာသာနဲ့ ရေးထားတာလေ။ တေမိယဇာတ်ကနေ ဝေဿန္တရာဇာတ်အထိ ဇာတ်တော်အားလုံးပါတယ်။ ပုံအညွှန်းစာမို့ အကျယ်မချဲ့ဘဲ တိုတိုကျဉ်းကျဉ်း ရေးထားတာ လေ။ အဲဒီမင်စာထဲက အသိခက်တဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကိုလဲ ရှင်းပြထားတယ်။ ပြီးတော့ မင်စာ စာလုံးပေါင်းပုံ၊ စကားသုံးပုံစတဲ့ အရေးအသားကို လဲ စိစစ်ပြထားတယ်။ မင်စာမူရင်းကို ရောမ အက္ခရာဖလှယ်ထားတာ၊ အင်္ဂလိပ်ဘာသာပြန် ထားတာတွေလဲ ပါတယ်။ အင်မတန်ကောင်းတဲ့ စာအုပ်ပေါ့ကွယ်

ကျွန်တော်သေသေချာချာ လေ့လာကြည့်ချင် ပါတယ်ဆရာ

၁၉၆၂ ခုနှစ်က ထုတ်တဲ့ စာအုပ်ကတော့ တော်တော်ရှားသွားပြီး အခုစိတ်ကူးချိုချိုစာပေက ပြန်ထုတ်ထားတာရှိတယ်။ ရှာပြီးလေ့လာကြည့် ပေါ့ကွယ်

ဟုတ်ကဲ့ပါ

အဲဒီလောကထိပ်ပန် မင်စာကို အစောဆုံး မြန်မာစာအရေးအသားဖြစ်တဲ့ မြစေတီ ရာဇကုမာရ်ကျောက်စာနဲ့ မတိမ်းမယိမ်းမှာ ရေးထိုးတာလို့ ခန့်မှန်းရတာမို့ တော်တော်ရှေးကျ တယ်လို့ ဆိုနိုင်တာပေါ့။ ဒီတော့ မြန်မာလိုရေးတဲ့ အစောဆုံးဇာတ်ကြီးဆယ်ဘွဲ့ အရေးအသားလို့ဆို နိုင်ကြောင်း ဆရာဗိုလ်မှူးဘရှင်က သုံးသပ်ထား တယ်

ဟုတ်ကဲ့ပါ

ဒီတော့ ပြန်ကောက်ရရင် ပါဠိဇာတကစာပေ ကို အခြေခံပြီး မြန်မာဇာတက စာပေပေါ်ပေါက်တာ ဟာ မြန်မာစာ အရေးအသားပေါ်ပေါက်တဲ့ ခပ်စောစောပိုင်း ကာလကတည်းက ပေါ်ပေါက်တာ လို့ ဆိုရမှာပေါ့။ ပုဂံသား မြန်မာတွေဟာ အဲဒီအချိန် ကတည်းက ပါဠိဇာတကစာပေနဲ့ထိတွေ့ရင်းနှီးခဲ့ကြတာပေါ့ကွယ်။ ။