တရားစီရင်ရေး၏ အင်အား

ူတေ

ဦးဟန်ညွန့် (ဥပဒေ)

မောင်ပျင်းရိ၏မေးခွန်း

ကိုဗစ်-၁၉ ကာလမှာ တရားရုံးတွေလည်း ထင်သလောက် အလုပ် သိပ်မလုပ်နိုင်ကြဘူး။ ကျွန်တော်တို့ရှေ့နေတွေလည်း အမှုသိပ်မစစ် နိုင်ကြဘူး။ အမှုရင်ဆိုင်ကြရတဲ့ အမှုသည် တွေလည်း ကျန်းမာရေးကိစ္စကြောင့် ရုံးသွင်း၊ ရုံးထုတ်ကအစ သတိဝီရိယနဲ့ ဆောင်ရွက်နေကြ ရတယ်။ တရားစီရင်ရေးရဲ့ အင်အားချည့်နဲ့မသွား ရအောင် ဝိုင်းပြီးအကြံပေးပါဦးခင်ဗျာဟု အလုပ် သင်ရှေ့နေ မောင်ပျင်းရိက ဆွေးနွေးမေးမြန်း လာပါသည်။ ထို့ကြောင့် ဤစာကိုရေးပါသည်။

တရားစီရင်သော မှုခင်းကိစ္စ

တရားစီရင်သောမှုခင်းကိစ္စ (Judicial Proceeding) ဆိုသည့် စကားရပ်တွင် သက်သေ တို့အား ကျမ်းသစ္စာပြုစေပြီး သက်သေခံချက်များ ကို ဥပဒေနှင့် အညီ ရယူသည့် သို့မဟုတ် ရယူနိုင် သည့် မည်သည့်မှုခင်းကိစ္စမဆို ပါဝင်သည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ၄(ဍ))

ယနေ့ တရားစီရင်ရေးကိစ္စများအပေါ် တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြပါသည်။ ထိုသို့ ဆောင်ရွက်နေသည့်ကြားက အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း ငြင်းဆိုဖွယ် မရှိပါ။ အခက်အခဲများကို မည်သို့ ကျော်လွှားမည်နည်း။ စုပေါင်းညှိနှိုင်း၊ အဖြေရှာ လျက် တရားစီရင်ရေး၏ အင်အားတိုးပွားစေရ ပေမည်။

တရားစီရင်ရေးမူများ

အောက်ပါတို့ကို တရားစီရင်ရေးမူများအဖြစ် သတ်မှတ်သည်-

(က) ဥပဒေနှင့်အညီ လွတ်လပ်စွာ တရား စီရင်ရေး၊

( ခ ) ဥပဒေအရ ကန့်သတ်ချက်များမှ အပ ပြည်သူ့ရှေ့မှောက်တွင် တရား စီရင်ရေး၊

( ဂ ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံခွင့်ရရှိရေး။

(ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ၁၉)

ပြစ်မှုမမြောက်

တရားစီရင်ရေးဆောင်ရွက်ရာ၌ တရားသူကြီး ၏ ပြုလုပ်မှုဆိုသည်မှာ တရားစီရင်မှု ဆောင်ရွက် ရာ၌ တရားသူကြီး တစ်ဦးသည် ဥပဒေအရ မိမိ ရရှိသော အာဏာကို၊ သို့တည်းမဟုတ် ဥပဒေအရ မိမိရရှိသည်ဟု သဘောရိုးနှင့် ယုံကြည်သည့် အာဏာကို သုံးစွဲဆောင်ရွက်လျှင်၊ ထိုသို့ ဆောင်ရွက်ခြင်းသည် ပြစ်မှုမမြောက်။

(ရာဇသတ်ကြီး၊၇၇)

တရားရုံးများ၏အဓိကဝတ္တရား

အပြစ်ရှိသူကို ထိုက်သင့်သော အပြစ်ပေးရန် နှင့် အပြစ်မရှိသောသူကို ဥပဒေအရ ကာကွယ် ပေးရန်မှာ တရားရုံးများ အဓိကဝတ္တရား ဖြစ်လေ သည်။ ယင်းသို့ အကာအကွယ်ပေးရာတွင် ပြည်သူ့ ဝန်ထမ်းကိုတစ်မျိုး၊ အခြားလုပ်သားပြည်သူကို တစ်ဖုံ၊ ကွဲပြားခြားနားလျက် စဉ်းစားခြင်း မပြုနိုင်။ ညီတူညီမျှ အကျိုးခံစားခွင့်ပေးရမည် ဖြစ်သည်။ ထိုအတိုင်းပင်လည်း တရားရုံးချုပ်အမှူးရှိသည့် တရားရုံးများသည် လိုက်နာကျင့်သုံးလျက်ရှိသည်။

(မောင်ဘိုးခွေးနှင့် ပြည်ထောင်စုသမ္မတ

မြန်မာနိုင်ငံ) (၁၉၉၆ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး)

(ရုံးချုပ်) စာ ၆၈၄

နည်းသုံးနည်း

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၀ (၁) တွင် ရာဇဝတ် တရားသူကြီးသည် ပြစ်မှုတစ်ခုကို အရေးယူနိုင်သည့် နည်းသုံးနည်းကို ပြဋ္ဌာန်း သတ်မှတ်ထားသည်။

အချို့သော ပြစ်မှုဆိုင်ရာအမှုများကို မည်သူက တရားစွဲဆိုရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွင် ကန့်သတ်ပြဋ္ဌာန်းထားသည်။ ထို့ပြင် သက်ဆိုင်ရာ၏ တရားစွဲဆိုရန် ခွင့်ပြုမိန့် မရှိဘဲ တရားစွဲဆိုခြင်း မပြုရဟု တားမြစ်ထားသည့် ပြစ်မှုများလည်းရှိသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၉၀ ပါ ပြဋ္ဌာန်းချက်များကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၅၊ ၁၉၆-က၊ ၁၉၇၊ ၁၉၈ နှင့် ၁၉၉ တို့ဖြင့် ကန့်သတ်ထားသည်။ ထို့ပြင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၁၃၂၊ ၃၃၉ (၃)၊ ၃၄၂(၁) (င)၊ ၄၈၀(၁၀)၊ ၄၈၅၊ ၅၆၁ ပါ ပြဋ္ဌာန်းချက်ပါ ကန့်သတ်ချက် များကိုလည်း သတိပြုရန် ဖြစ်သည်။ အဆိုပါ ပုဒ်မများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တိုင်တန်း ချက်မဟုတ်လျှင် မည်သည့်တရားရုံးကမျှ အရေး ယူဆောင်ရွက်ခြင်းမပြုရဟု တားမြစ်ထားသည်။

တရားရုံးက လက်ခံစစ်ဆေးခြင်း မပြုရဟု တားမြစ်ထားသော အမှုများကို တရားစွဲဆိုလာ ခြင်း၊ ဥပဒေအရ မည်သူက တရားစွဲဆိုရမည်ဟု သတ်မှတ်ထားသည့် အမှုတွင် သတ်မှတ်ချက်တွင် မပါသူက တရားစွဲဆိုလာခြင်း၊ အသက် ခုနစ်နှစ် အောက်ကလေးကို တရားစွဲဆိုထားခြင်း၊ စွဲဆိုသည့် အမှုနှင့် စပ်လျဉ်း၍ စီရင်ပိုင်ခွင့် နယ်နိမိတ် မသဲကွဲ ခြင်း၊ တရားစွဲ အဖွဲ့အစည်း တစ်ရပ်ရပ်က တရား စွဲတင်သည့်အမှုတွင် ခံဝန်ချုပ်ချုပ်ဆိုပြီး လွှတ်ထား သည့် တရားခံ ပါမလာခြင်း၊ အမှုနှင့် ပတ်သက်၍ တရားရုံးသို့တင်ပြရမည့် သက်သေခံပစ္စည်း တစ်ပါတည်းမပါရှိခြင်း စသည့်အကြောင်းရပ်များ လည်း ပေါ်ပေါက်နိုင်သည်။

အဆိုပါ ကိစ္စရပ်များသည် တရားစီရင်ရေး ဆိုင်ရာများဖြစ်၍ အမှုစွဲဆိုသည့် စွဲချက် သို့မဟုတ် လျှောက်လွှာကို ပြစ်မှုဆိုင်ရာ မှတ်ပုံတင်ပြီး အမှုဖွင့်နေစဉ် မှတ်တမ်းရေးသားရန်ဖြစ်သည်။ လိုအပ်သည့် သက်သေခံချက်များရယူပြီး ဥပဒေနှင့် အညီ ဆုံးဖြတ်ရန် ဖြစ်သည်။

ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၃၂ ၊ ၃၃၉(၃)၊ ၃၄၂(၁) (င) တို့တွင် အဆိုပါပုဒ်မများ၌ ရည်ညွှန်း ထားသည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ တရားစွဲဆိုရန် ကြိုတင်ခွင့်ပြုမိန့်မရရှိဘဲ တရားစွဲဆိုခြင်း မပြုရဟု တားမြစ်ထားသည်။ အချို့ အထူးဥပဒေများတွင် လည်း အလားတူ ပြဋ္ဌာန်းချက်များ ပါဝင်သည်။ ပြဋ္ဌာန်းချက်များ ညီညွတ်ရေးအတွက် တာဝန်ရှိ သူများက ပူးပေါင်းဆောင်ရွက်သင့်ပါသည်။

မောင်စိုးစံနှင့် ပြည်ထောင်စုသမ္မတ

မြန်မာနိုင်ငံတော်အမှု

မောင်စိုးစံနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အမှု ၁၉၅၇၊မတစ၊ (လွှတ်တော်) ၁၅၇ တွင် တရားဥပဒေနှင့် မညီဘဲ စစ်ဆေးခဲ့သည့် အမှုတစ်မှုတွင် ချမှတ်ခဲ့သည့် စီရင်ချက်အရ ပြစ်ဒဏ်ခံပြီး စေကာမူ ယင်းစီရင်ချက်မှာ တရား ဥပဒေနှင့်အညီ ခံရသည့် ပြစ်ဒဏ်စီရင်ချက် မဟုတ် ကြောင်း ညွှန်ပြထားသည်ကို တရားရုံးများက အထူးဂရုပြုရန်ဖြစ်သည်။

ဒေါ်နှစ်နှင့်ဒေါ်ချိုအမှု

တရားရုံး ဆောင်ရွက်ချက်ကြောင့်ဖြစ်စေ၊ ပျက်ကွက်မှုကြောင့်ဖြစ်စေ အမှုသည်အား မနစ်နာစေသင့်ကြောင်း ဒေါ်နှစ်နှင့် ဒေါ်ချိုအမှု ၁၉၅၃၊ မတစ၊ (လွှတ်တော်) ၃၉၉(၄၀၀) တွင်လည်း ညွှန်ပြထားသည်ကို မမေ့သင့်ပါ။

နည်းလမ်းကျနသော စစ်ဆေးစီရင်မှုဖြစ်စေ ရန်အတွက် တရားစွဲဆို ခွင့်ပြုမိန့် လိုအပ်သည်ဟု ပြဋ္ဌာန်းပါရှိသည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မများနှင့် အထူးဥပဒေပုဒ်မများကို သတိပြု လေ့လာလိုက်နာရန် လိုအပ်ကြောင်း လက်တွေ့ တရားရုံးကျင့်စဉ်များက ဖော်ပြလျက်ရှိသည်။

နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်

ကိုဗစ်-၁၉ ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏အမိန့်၊ ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်နေကြရကြောင်း အများအသိဖြစ်ပါသည်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၂) စာ-၁၁ တွင်နိုင်ငံတစ်ဝန်း တရားရုံးများတွင် ရေးဆွဲထားသော CMP ကို သုံးနှစ်အတွင်း အဆင့်လိုက် အကောင်အထည် ဖော်ရန် စတင်ဆောင်ရွက်ခြင်းဟု ပါရှိပါသည်။ မှုခင်း စီမံခန့်ခွဲမှုစနစ် (Case Management System-CMS) ကို တစ်နိုင်ငံလုံးက တရားရုံး များမှာ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်် အစီအစဉ် ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (National Case Management Program- NCMP) ကိုလည်း စီမံဆောင်ရွက်လျက် ရှိပါသည်။ ထိုအစီအမံနှင့် ယနေ့လက်တွေ့ ကျင့်စဉ်များကို ဆက်စပ်သုံးသပ် သင့်ပေမည်။

စေတနာ

ကိုဗစ်-၁၉ ကာလအတွင်း တရားစီရင်ရေး အင်အား မြင့်မားတိုးတက်စေရန် ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ်လျက် တာဝန်ရှိသူအသီးသီးက ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း တွေးခေါ် စဉ်းစားမိသော ကျွန်တော်၏စေတနာ ဥပဒေ အတွေးမျှသာပါ ... ။