အေးမြင့်အောင်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးစီးခဲ့ပါပြီ။ ယခုအချိန်တွင်  ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်ကြီးများက COVID-19 ရောဂါ   ကူးစက်ပျံ့နှံ့နေသည့်ကြားမှ     ရွေးကောက်ပွဲကြီးကို ဘေးကင်းလုံခြုံငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူသည့် သဝဏ်လွှာများ ပေးပို့နေကြသည်ကို တွေ့မြင်ရသည့်အတွက် နိုင်ငံသားတစ်ဦး အနေဖြင့် ကျေနပ်သည်။ အားရဝမ်းသာဖြစ်မိပါသည်။
စင်စစ်  ယခုကျင်းပခဲ့သည့်  ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တတိယအကြိမ်မြောက်  ကျင်းပသည့်  ရွေးကောက်ပွဲ ဖြစ်ပြီး   မြန်မာနိုင်ငံ၏   အမျိုးသားလွှတ်တော်၊    ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအတွက်    အဆုံးအဖြတ်ပေးမည့်  ရွေးကောက်ပွဲကြီးအဖြစ်   ပြည်သူအများက စိတ်ဝင်တစားရှိခဲ့ကြသည်။
ရွေးကောက်ပွဲကြီးအောင်မြင်စွာပြီးစီးခဲ့ခြင်းနှင့်ပတ်သက်၍   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က   “ကိုဗစ်−၁၉ ရောဂါကြားထဲ ကနေ ရွေးကောက်ပွဲများ  အောင်အောင်မြင်မြင်နဲ့ ဖြစ်မြောက်အောင် လုပ်ပေး ကြတဲ့  ပြည်သူလူထုအားလုံးကို အင်မတန်မှ  ကျေးဇူးတင်ပါတယ်။   အခု ရွေးကောက်ပွဲမှာဆိုရင် ပြည်သူတွေ လုံလုံခြုံခြုံနဲ့  ကျန်းမာရေးဘက်က လုံလုံခြုံခြုံနဲ့ မဲပေးနိုင်ဖို့အတွက် ကျွန်မတို့ အင်မတန်မှ  ကြိုးစားခဲ့ပါတယ်၊   ကြိုးစားခဲ့ရကျိုးလည်းနပ်တယ်လို့လည်း  ကျွန်မတို့က  မြင်ပါတယ်” ဟု ဝမ်းမြောက်စကား ပြောကြားခဲ့သည်။
မြင်စေတွေ့စေချင်သည်
ရွေးကောက်ပွဲများ ပုံမှန်ကျင်းပရေးသည် ဒီမိုကရေစီ၏ ဝိသေသလက္ခဏာ တစ်ရပ်ဖြစ်သကဲ့သို့ ရွေးကောက်ပွဲတစ်ခု၏ အရည်အသွေးနှင့်   ဖြောင့်မတ် မှန်ကန်မှုသည်လည်း မရှိမဖြစ် လိုအပ်သောအရာတစ်ခုပင်ဖြစ်သည်။
ရွေးကောက်ပွဲများနှင့်ပတ်သက်၍      ဆရာကြီး   မောင်စူးစမ်းက “ရွေးကောက်ပွဲကို နိုင်ငံရေးသိပ္ပံပညာရှင်တို့က နည်းသုံးနည်းဖြင့်ကြည့်သည်။  ပထမနည်းသည် Narrative Approval သဒ္ဒါကျမ်း “စံ”ဖြစ်သည်။ သဒ္ဒါ၌ ကတ္တားနှင့်ကံရှိရသကဲ့သို့    နိုင်ငံရေး၌လည်း     ရွေးကောက်ပွဲရှိရမည်။ ရွေးကောက်ပွဲမရှိသော နိုင်ငံရေးသည် သဒ္ဒါမပီသပေ”ဟု  ရေးခဲ့ဖူးသည်။  တစ်နည်းအားဖြင့်  ဒီမိုကရေစီဖြစ်ထွန်းမှု ဖြစ်စဉ်တိုင်းတွင် ရွေးကောက်ပွဲသည် ဗဟိုချက်ကျသကဲ့သို့ ဒီမိုကရေစီရှင်သန်လည်ပတ်နိုင်ရေးအတွက်  အဓိက  လမ်းကြောင်းလည်းဖြစ်သည်ဟု    ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက နားလည်ထားသည်။
ဤကဲ့သို့ နိုင်ငံအတွက် အရေးပါသည့် ရွေးကောက်ပွဲကြီးအတွက် ပေးအပ် သည့် တာဝန်များကို ထမ်းဆောင်ဖို့ရန် ပြန်ကြားရေးဝန်ကြီးဌာနရှိ ဝန်ထမ်း တိုင်းက   ကြိုတင်ပြင်ဆင်ခဲ့ကြသည်။   ဆိုင်းသံကြားလျှင်    မနေနိုင်သည့် ဇာတ်သမားများပမာ ရွေးကောက်ပွဲကျင်းပရန် တာစူနေသည့်အချိန်ကပင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအားလုံးက သတင်းများ မည်သို့ရယူကြမည်၊ မည်သို့ပေးပို့ကြမည်၊ မည်သို့ထုတ်လွှင့်ကြမည်၊ သတင်း များ   မည်သို့ဖလှယ်ကြမည်ဟူ၍   အစည်းအဝေးပေါင်းများစွာကျင်းပ၍ ညှိနှိုင်းဆွေးနွေး တိုင်ပင်ခဲ့ကြသည်။ 
အထူးသဖြင့် ယခင်ရွေးကောက်ပွဲများတွင် သတင်းများရယူဖော်ပြခဲ့သည့် နည်းလမ်းများကို ပြန်လည်သုံးသပ်လေ့လာ၍   ပိုမိုကောင်းမွန်ပြီး မှန်ကန် တိကျစေရန်   ဌာနအချင်းချင်း   ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။   ၂၀၂၀ ရွေးကောက်ပွဲကြီးတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများ၏    ပါဝင် ဆောင်ရွက်ခဲ့မှုများကို    ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်နှင့်   ဒေသ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်က တွေ့မြင်သိရှိကြပြီးဖြစ်သည်။
ရွေးကောက်ပွဲနှင့် ပြန်/ဆက်
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တိုင်းတွင် ရွေးကောက်ပွဲများသည် အခရာကျသည်ဆိုသည်ကို ဝန်ထမ်းတိုင်းက နားလည်လက်ခံထားကြပါသည်။
ယခင် ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲများ တွင်   တာဝန်ထမ်းဆောင်ခဲ့ရသည့် အခြေအနေအပေါ်  ပြန်လည်သုံးသပ်ဆင်ခြင် ၍    ပိုမိုကောင်းမွန်စွာ လုပ်ငန်းများဆောင်ရွက်နိုင်ရန် တာဝန်ရှိသူအဆင့်ဆင့် က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။ 
အထူးသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏  “စံ”  (၅)ချက် ဖြစ်သည့် လွတ်လပ်ရမည်၊ တရားမျှတရမည်၊    ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့်  ရွေးကောက်ပွဲဖြစ်ရမည်နှင့်    ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်  တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် အချက်များကို ပြည်သူ များသိရှိစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်။
တကယ်တမ်းပြောရလျှင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ၂၀၂၀ ရွေးကောက်ပွဲကြီးတွင်  အခြားဝန်ထမ်းများနှင့်မတူဘဲ တာဝန်နှစ်ခုကို တစ်ပြိုင်နက် ထမ်းဆောင်ခဲ့ရသည်။ ပထမတာဝန်တစ်ခုမှာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဆင့်သော      ရွေးကောက်ပွဲ ကော်မရှင်များတွင် ကော်မရှင်အဖွဲ့ဝင်အဖြစ် ပါဝင်ထမ်းဆောင်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  သတ်မှတ်ပေးအပ်သည့် တာဝန်များကို ထမ်းဆောင် ရသည်။
ဒုတိယတာဝန်တစ်ခုမှာ   ရွေးကောက်ပွဲကြီးတွင်  ပြည်သူများမဲပေးနေ သည့်အခြေအနေ၊  စည်းကမ်းလိုက်နာမှုအခြေအနေ၊   မဲများရေတွက်နေမှု အခြေအနေ၊ သတ်မှတ်စည်းကမ်းများနှင့်အညီ မဲရုံများ ခင်းကျင်းဆောင်ရွက် ထားမှုအခြေအနေများကို သတ်မှတ်ချက်နှင့်အညီ မှတ်တမ်းဓာတ်ပုံရိုက်ကူး ၍   မှတ်တမ်းတင်ပေးခြင်း၊   သတင်းများ   ရေးသားထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ကြရသည်။
ယခုကျင်းပပြီးစီးခဲ့သည့်    ရွေးကောက်ပွဲကြီးတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း ၆၄၇ ဦးက သတင်း/မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးဆောင်ရွက်ပေးခဲ့ကြပြီး အရာထမ်း/အမှုထမ်း ၈၇၀ က  ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်တွင်  ပါဝင်ကူညီဆောင်ရွက် ပေးခဲ့သည့်အတွက်  စုစုပေါင်း   အရာထမ်း/အမှုထမ်း   ၁၅၁၇   ဦးခန့်က ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးနိုင်ရန် ပေးအပ်သည့်တာဝန်ကို ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှု
ရွေးကောက်ပွဲကြီးတစ်ခု   ကျင်းပမည်ဆိုလျှင်   မဲဆန္ဒရှင်ပြည်သူများ၏ အခန်းကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်ဟုဆိုရမည်။    ပြည်သူများ အဆင်ပြေချောမောစွာ ဆန္ဒပြုမဲပေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ   ဌာန တိုင်း၊ ဝန်ထမ်းတိုင်းက စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ရွေးကောက်ပွဲ    ကြိုတင်ပြင်ဆင်သည့်အချိန်မှစ၍ မဲရလဒ်များ ရေတွက်၊ ကြေညာပြီးသည်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က   ပေးအပ် သည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တိုင်းလိုလိုတွင်  ပြန်ကြားရေးဝန်ကြီးဌာန   ဝန်ထမ်းများက နည်းလမ်းပေါင်းစုံဖြင့်   ပါဝင်ကူညီခဲ့ကြသည်။    ထင်သာမြင်သာရှိသည့် လုပ်ဆောင်ချက်များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်း များ၊ တေးသီချင်းများ၊ ဇာတ်လမ်းတိုများ၊   မဲဆန္ဒရှင်ဆိုင်ရာ အသိပညာပေး စာတမ်းများကို   ပြည်သူများသိရှိအောင် ထုတ်လွှင့်ဖော်ပြပေးခြင်းတို့ကို   ဆောင်ရွက်ကြသည်။ မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံရေးပါတီများ၏ မူဝါဒများ၊ သဘောထားများ လုပ်ငန်းစဉ်များကိုလည်း ပြည်သူများသိအောင် ဆောင်ရွက်ကြရသည်။
အထက်ပါလုပ်ငန်းများကို ဥပဒေ၊   စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကူညီပေးနိုင်ရေးအတွက် ၁၃−၃−၂၀၂၀ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များထံ သွားရောက် တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းအခြေအနေကိုကြည့်လျှင် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး       အောင်မြင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်      မည်မျှစိတ်အား ထက်သန်မှုရှိနေသည်၊ တာဝန်ကို လိုလားစွာ  မည်မျှထမ်းဆောင်လိုကြသည်ကို   တွေ့မြင်နိုင်ကြ ပေမည်။
ရွေးကောက်ပွဲအကြိုကာလနှင့် ပြန်/ဆက်
ရွေးကောက်ပွဲကြီးအတွက် သတင်းအချက်အလက်များ မျှဝေနိုင်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ၊ မဲဆန္ဒရှင်ဆိုင်ရာ အသိပညာပေးမှု များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက်နိုင်ရန်အတွက်  တိုင်းဒေသကြီး၊  ပြည်နယ်၊  ခရိုင်၊  မြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ၄၃၅ ရုံးကို Facebook Pages များဖွင့်လှစ်၍ သတင်းထုတ်ပြန်မှုလုပ်ငန်းများကို အရှိန်မြှင့်တင်ပေးခဲ့ကြသည်။
ရွေးကောက်ပွဲအကြိုကာလဖြစ်သည့် ၂၀၂၀ မေလမှ နိုဝင်ဘာ ၇ ရက် နေ့အထိ MOI Website နှင့် MOI Facebook Page တို့တွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များက ဆောင်ရွက်နေသည့် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု သတင်း ၃၃၀၇ ပုဒ်၊ သတင်းဗီဒီယို ၁၁၇၀ ၊ MRTV နှင့် သတင်းစာများက ဖော်ပြသည့် သတင်းများကို ထပ်ဆင့်ဖော်ပြသည့်သတင်း ၁၁၈ ပုဒ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာချက် ၃၇ပုဒ်၊ စုစုပေါင်း ၄၆၃၂ ပုဒ်ကို ပြည်သူများ သိရှိစေရန် ဖော်ပြပေးခဲ့ပါသည်။
ထိုနည်းတူ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများက Facebook Pages ၄၃၅ ခုတွင် မိမိတို့ ဒေသအလိုက်   ဆောင်ရွက်သည့်   ရွေးကောက်ပွဲဆိုင်ရာ   လှုပ်ရှားမှုများကို သတင်းရိုက်ကူးထုတ်လွှင့်မှု   ၆၂၉၀  နှင့်   MOI   Website  ၊   MRTV   နှင့် သတင်းစာတို့မှ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်များကို ထပ်ဆင့်မျှဝေမှု ၂၆၇၆၂ ပုဒ်၊ စုစုပေါင်း ၃၃၀၅၂ ပုဒ်ကို ပြည်သူများသိရှိအောင် ဖော်ပြပေးခဲ့ ပါသည်။ ထို့ပြင် ဒို့ကျေးရွာဂျာနယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိအမြင် ဆောင်းပါး ၂၂ ပုဒ်ကို ရေးသားဖော်ပြပေးခဲ့သည်။
ရွေးကောက်ပွဲကာလနှင့် ပြန်/ဆက်
ရွေးကောက်ပွဲ  ကျင်းပသည့်နေ့ရက်တွင် MOI Website၊ MOI  Facebook   များ၌    နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲများ ကျင်းပနေမှုသတင်းများ၊ ပြည်သူများ ဆန္ဒမဲလာရောက်ပေးနေသည့် သတင်းများ၊ MRTV နှင့် သတင်းစာများတွင် ဖော်ပြသည့်သတင်းများကို ထပ်ဆင့်မျှဝေသည့်  သတင်းများ၊  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်များအပါအဝင် စုစုပေါင်း သတင်း ၄၁၇ ပုဒ်ကို ဖော်ပြပေးခဲ့သည်။
အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများက မိမိတို့၏ Facebook Pages များမှ တစ်ဆင့် ကိုယ်တိုင်ရေးသားရိုက်ကူးဖော်ပြသည့် သတင်းများနှင့် ထပ်ဆင့် မျှဝေဖော်ပြသည့်သတင်းများ အပါအဝင် သတင်းစုစုပေါင်း ၃၆၄၇ ပုဒ်ကို ဖော်ပြပေးခဲ့ပါသည်။
ရွေးကောက်ပွဲတွင်    ပြန်ကြားရေးနှင့်      ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်တွင် အဖွဲ့ဝင်အဖြစ်    ပါဝင်နေခြင်းကြောင့် လည်းကောင်း၊ ပြည်သူများအား အချိန်မီသတင်းထုတ်ပြန်  နိုင်ရေးအတွက်လည်းကောင်း မဲရေတွက်ခြင်း၊ စိစစ်ခြင်း၊  လုပ်ငန်းများကို သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်အတူ မအိပ်မနေဆောင်ရွက်ခဲ့ကြပါသဖြင့် ၂၀၂၀ ရွေးကောက်ပွဲကြီးတွင်    ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်ခံရမည်ကို မကြောက်မရွံ့ သတိပြုကာကွယ်ရင်း   မိမိတို့၏တာဝန်ကို  ကျေပွန်စွာ  တစ်တပ်တစ်အား ပါဝင်ကူညီပေးနိုင်ခဲ့သည်ဟု မှတ်တမ်းတင်ထားရှိရမည် ဖြစ်ပါသည်။
ရွေးကောက်ပွဲပြီးကာလနှင့် ပြန်/ဆက်
၂၀၂၀ ပြည်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်  ရွေးကောက်ပွဲပြီးမြောက်ခဲ့ သော်လည်း   ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏ တာဝန်သည် မပြီးဆုံးသေးဘဲ သက်ဆိုင်ရာကော်မရှင်အဆင့်ဆင့်၏ လုပ်ငန်း စဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ရသည်။ အထူးသဖြင့် ပြည်သူများ မျှော်လင့် နေသည့် ရွေးကောက်ပွဲရလဒ်များကို အချိန်မီဖော်ပြပေးရန်အတွက် ဆောင်ရွက် ခဲ့ရသည်။ ရွေးကောက်ပွဲပြီးကာလ နိုဝင်ဘာလ ၉ ရက်နေ့မှ  ၁၆ ရက်နေ့အထိ MOI Website နှင့် MOI Facebook တွင် သတင်း ၁၇၅ ပုဒ်ကို လွှင့်တင်ဖော်ပြ ပေးခဲ့သည်။
ထိုနည်းတူ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့်     ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Facebook Pages များတွင် မဲရေတွက်မှုနှင့် မဲရလဒ်များ ထုတ်ပြန်ခြင်းများနှင့်     ပတ်သက်သည့်သတင်းများ   စုစုပေါင်း ၆၅၅၉ ပုဒ်ကို လွှင့်တင်ပေးနိုင်ခဲ့ပါသည်။
ကောင်းမွန်စွာ ခံစားသိမြင်နိုင်ပါစေ
ယနေ့အချိန်တွင် ၂၀၂၀ ရွေးကောက်ပွဲကြီး ဘေးကင်းလုံခြုံအောင်မြင်စွာ ကျင်းပပြီးခဲ့ပါပြီ။   ယခုလို  အောင်မြင်စွာ   ကျင်းပနိုင်ခဲ့မှုနှင့်ပတ်သက်၍           နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပထမဆုံးကတော့ ပြည်သူပေါ့။ အားလုံးအထက်ကတော့ ပြည်သူပဲ။ ပြည်သူသာလျှင် အဓိက၊ ပြည်သူမပါဘဲနဲ့   ဘာမှအောင်မြင်နိုင်မှာ   မဟုတ်ပါဘူး၊  ဒါကြောင့်   အခု ရွေးကောက်ပွဲမှာ အောင်အောင်မြင်မြင်ဖြစ်တာလည်း ပြည်သူကြောင့်ပါပဲ ” ဟု အသိအမှတ်ပြု   ပြောကြားခဲ့သည့်အတွက်   နိုင်ငံသားတစ်ဦးအနေဖြင့် ကြည်နူးဝမ်းမြောက်မိသည်။
ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူလူထု၏ ရွေးချယ်မှုအတွက် အခြေခံ အကျဆုံး လမ်းဖွင့်ပွဲကြီးဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်များကဆိုကြ သဖြင့် ယခုရွေးကောက်ပွဲကြီးသည် ဒီမိုကရေစီလမ်းမကြီးတစ်ခု ဖောက်လုပ် ဖွင့်လှစ်ခဲ့သည်ဟု ဆိုချင်သည်။
ယနေ့အချိန်တွင် ရွေးကောက်ပွဲကြီး ပြီးမြောက်ခဲ့သည့်အတွက် မြန်မာ နိုင်ငံ၏ ကြီးမားသော စိန်ခေါ်မှုကြီးတစ်ခုကို ကျော်လွှားနိုင်ခဲ့ပြီဟု   ဆိုနိုင်သော် လည်း ဒီမိုကရေစီခရီးလမ်း ဖြောင့်ဖြူးရေးအတွက် သတိတရားဖြင့် စောကြော ဝေဖန်ဆန်းစစ်နေရမည့် အချိန်အခါတစ်ခုဟုဆိုရမည်။
အထူးသဖြင့် ယနေ့အချိန်တွင် အချို့သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များက ပြည်သူများ၏ နေ့စဉ်ဘဝအတွက် မှန်ကန်သည့် သတင်းအချက် အလက်များကို  ပေးရမည့်အစား မိမိတို့၏ ထင်မြင်ယူဆချက်အမျိုးမျိုးကို  ထုတ်လွှင့်ပြောဆို၍ ပြည်သူများ၏ သဘောထားအမြင် (Public Opinion) ကို လှုပ်ရမ်းနေကြသည်။ တစ်နည်းအားဖြင့် ပုန်းကွယ်နေသည့် ရည်ရွယ် ချက် (Hidden Agenda) များဖြင့် မိမိတို့ သြဇာကြီးထွားအောင်၊ အကျိုး အမြတ်ရအောင်၊ မိမိတို့ လိုလားချက်အတိုင်း ရုပ်လုံးပေါ်လာအောင် ကျင့်ဝတ် မဲ့စွာ လုပ်ဆောင်လာကြသည်ကို တွေ့မြင်နေရပါသည်။   ထိုကဲ့သို့  မိမိတို့၏   ရည်ရွယ်ချက်    အမျိုးမျိုးဖြင့်    ထုတ်လွှင့်ပြောဆိုမှုများကို     လွတ်လပ်စွာ  ဆောင်ရွက်နိုင်ရန်အတွက်      ပြန်ကြားရေးဝန်ကြီးဌာန မရှိသင့်တော့သယောင်    ထုတ်လွှင့်ပြောဆိုနေမှုများပင် ရှိလာခဲ့ပါသည်။ ယင်းအခြေအနေကို     ပြည်သူ များက မှန်ကန်စွာခံစားသိမြင်၍ ဆင်ခြင်သတိပြုကြရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ အနေဖြင့်   ၂၀၂၀   ရွေးကောက်ပွဲကြီးတွင်  ပေးအပ်သည့်   တာဝန်များကို       အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သလို နောင်ပေးအပ်မည့် လုပ်ငန်းတာဝန်များ ကိုလည်း ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်ရန်  အသင့်ပြင်ဆင်ထားရှိပြီးဖြစ်ပါသည်။ ယနေ့အချိန်တွင် ပြည်သူများ၏ သတင်းအချက်အလက်သိပိုင်ခွင့် (Access  to Information)ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြောင်းလဲ လာသည့် Digital Media လုပ်ငန်းများကို လေ့လာသင်ယူကာ ပြည်သူများ အတွက် ပိုမိုအလုပ် အကျွေးပြုနိုင်အောင် ကြိုးပမ်းနေမည် ဖြစ်ပါကြောင်း  အစီရင်ခံတင်ပြအပ်ပါသည်။         ။
မြန်မာ့အလင်း