၂၇ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးသည် ပြည်သူ့သဘော၊ ပြည်သူ့မနော၊ ပြည်သူ့ဆန္ဒနှင့်အညီ ဖော်ထုတ်ပြသမှုအပေါ် အခြေတည်ကာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပေပြီ။ ရွေးကောက်ပွဲ မဲရလဒ်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအများ၏ အဆုံးအဖြတ်သာဖြစ်သည်။ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကမျှ ဆုံးဖြတ်ခွင့်မရှိ။ ပြည်သူသာ အစ၊ ပြည်သူသာ ပထမ၊ ပြည်သူသာ ပဓာန ပြည်သူ့ဆန္ဒကို အတည်ပြုလက်ခံရမည် ဖြစ်ပေသည်။ ပြည်သူ့ဆန္ဒကို လက်မခံ ငြင်းပယ်ခြင်းသည် ပြည်သူကိုတန်ဖိုးမထား၊ အလေးဂရုမပြုဘဲ ဆန့်ကျင်ထိပါးမှုပြုသည်ဟုသာ မှတ်ယူရမည် ဖြစ်ပေသည်။
ပြည်သူ့ရွေးကောက်ပွဲမကျင်းပမီနှင့် ရွေးကောက်ပွဲကျင်းပပြီး နောက်တစ်နေ့တို့တွင် ပြည်သူများက မရွေးချယ်သော မဲရလဒ်အပြတ်အသတ်ရှုံးနိမ့်သော နိုင်ငံရေး အဖွဲ့အစည်းတစ်ခုက သဘောထား ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့သည်ကို ကြားသိ တွေ့မြင်ရပေသည်။
လွတ်လပ်စွာမဲပေးခဲ့ကြ
ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသော အကြောင်းအရာ အဖြစ်အပျက်အပေါ် လေ့လာသုံးသပ်ပါက ပကတိ အရှိတရားကို ဘေးဖယ်ချန်လှပ်၍ အမှန်တစ်ရပ်ကို မဖော်ပြဘဲ ဖုံးကွယ်ထားသည်ကို တွေ့မြင်ရပေသည်။ ဖြစ်ပျက်မှုအကြောင်းအရာပေါ် အခြေခံ၍ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီအဖွဲ့ အစည်းမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအဖွဲ့ အစည်းဝင် မဟုတ်သူ ပြည်သူများ၊ ဌာနဆိုင်ရာများ ပါဝင်သော စေ့စပ်ညှိနှိုင်းရေးကော်မတီက စေ့စပ်ညှိနှိုင်းဆုံးဖြတ်ချက်အရ အများသဘောတူ ဆောင်ရွက်ခဲ့ကြခြင်းသာ ဖြစ်ပါသည်။ ဖြစ်စဉ်များအပေါ် စေ့စပ်ညှိနှိုင်းစဉ်က ကြေညာချက်ထုတ်ပြန်ခဲ့သော နိုင်ငံရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ် ပုဂ္ဂိုလ်တစ်ဦးလည်း ပါဝင်ခဲ့ပါသည်။ သက်ဆိုင်ရာပုဂ္ဂိုလ်က ရွေးကောက်ခံပိုင်ခွင့် ဆုံးရှုံးခဲ့ခြင်း လုံးဝမရှိပါ။ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှု လုံးဝမရှိပါ။ ရွေးကောက်ခံပုဂ္ဂိုလ်အားလုံးအတွက် လွတ်လပ်စွာ မဲပေးခဲ့ကြပါသည်။ ဤသည်ကို ဖုံးကွယ်၍ အရှုံးနယ်မှ ရုန်းဖယ်မရဖြစ်သောကြောင့် မဖြေသာတဲ့အတွက် ကြေညာချက်ထုတ်ဖော် အော်ဟစ် နေခြင်းသာ ဖြစ်ပေမည်။ မမှန်မကန်လုပ်ရပ်များ၊ ဖြစ်စဉ်များရှိပါက တည်ဆဲဥပဒေများနှင့်အညီသာ တိုင်ကြား ကန့်ကွက်ရန်သာ ဖြစ်ပါသည်။
အဆိုးရွားဆုံးမှာ သဘောထားထုတ်ပြန်ကြေညာချက်၏ နောက်ဆုံးစာကြောင်း နှစ်ကြောင်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (အသစ်) ဖွဲ့စည်းပြီး စောင့်ကြည့်ရေးအဖွဲ့များနှင့် ရွေးကောက်ပွဲပြန်လည် ကျင်းပရန် တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန် ကြေညာလိုက်သည်ဟု ဖော်ပြထားသည်ကို တွေ့ရပေသည်။ ရွေးကောက်ပွဲကော်မရှင်(အသစ်) ဖွဲ့စည်းရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ဆောင်ရွက်ရပါသည်။ ပြဋ္ဌာန်းဥပဒေကို ကျော်လွန်၍မရ၊ အချိန်တန်က ဖွဲ့စည်းမည်သာ ဖြစ်ပေသည်။ မည်သူမျှ တားဆီး၍မရ၊ အမိန့် ပေး၍မရပါ။ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည်ကို မင်ကုန်၊ စာရွက်ကုန်၊ လေကုန်ခံ၍ ရေးသားပြောဆိုနေခြင်းသည် အံ့ဖွယ်လိလိဖြစ်ပေသည်။
စောင့်ကြည့်လေ့လာသူများ ပါဝင်ဆောင်ရွက်
စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်ဟု ကြေညာချက်၌ ဖော်ပြထားရာ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ တိုင်းတွင် စောင့်ကြည့်လေ့လာသူများ ပါဝင်ဆောင်ရွက်ခဲ့သည်ကို သိသင့်ပေသည်။ ပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များက မဲရုံတိုင်းတွင် စောင့်ကြည့်လေ့လာမှု ပြုခဲ့ကြသည်ကို မျက်စိမှိတ်၍ ငြင်းကွယ်သကဲ့သို့ ဖြစ်နေပေသည်။
လွန်စွာထင်ရှားလျက်ရှိ
ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားတည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များအား ဆန့်ကျင်ဖောက်ဖျက်နေခြင်းသာ ဖြစ်ပေသည်။ သက်ဆိုင်ရာ ဥပဒေများနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရပေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း (၉) ပုဒ်မ ၄၀၂ တွင် အောက်ပါ ကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားပြီး ပုဒ်မခွဲ (က)တွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများဟုဖော်ပြထားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂ အရ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ချက်သည် အပြီးအပြတ် အတည်ဖြစ်ကြောင်း အထင်အရှားဖြစ်နေပါလျက် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာခြင်း မရှိသည်မှာ လွန်စွာထင်ရှားလျက် ရှိနေပေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀)၊ နိုင်ငံရေးပါ တီများခေါင်းစဉ်အောက်ရှိ ပုဒ်မ ၄၀၅ တွင် နိုင်ငံရေး ပါတီ တစ်ရပ်ရပ်သည်ဟု ဖော်ပြပြီး ပုဒ်မခွဲ(ခ)တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်ဟု အတိအလင်းပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ နှင့် ၄၀၅ ပါပြဋ္ဌာန်းချက်များကို လေးစားလိုက်နာမှုမရှိကြောင်း ပေါ်လွင်ထင်ရှားပါသည်။ အခြေခံဥပဒေပြဋ္ဌာန်း ချက်များကို ဆန့်ကျင်သွေဖည်၍ လျစ်လျူပြုရာရောက် နေပေသည်။
ဝန်ခံချက်ပြုရ
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ (ဂ)အရ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန်အတွက် ပါတီတည်ထောင်ခွင့်လျှောက်ထားစဉ် ကတည်းက ဝန်ခံချက်ပြုရပါသည်။ ယင်းဝန်ခံချက်ကို ဖောက်ဖျက်၍မရပေ၊ ဝန်ခံချက်ကို စောင့်ထိန်းလိုက်နာရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄)အရ အရေးယူဆောင်ရွက်ရမည် ဖြစ်ပေသည်။ ပုဒ်မ ၁၂ (က) (၄)တွင် ပုဒ်မ ၆ ပါဝန်ခံချက်တစ်ရပ်ရပ်ကို စောင့်ထိန်း လိုက်နာရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဟု အတိအလင်း ပြဋ္ဌာန်းထားပါသည်။
ခြုံ၍ဆိုရသော် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ ပါ ပြဋ္ဌာန်းချက်အားလေးစားလိုက်နာမှုမရှိဘဲ ဆန့်ကျင်ဆောင်ရွက်ခြင်းနှင့် အခြေခံဥပဒေ ပုဒ်မ ၄၀၅ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုပြုရန် ပျက်ကွက်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။ တစ်ဖန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ၆ ပါဝန်ခံချက်ကို ဖောက်ဖျက် ကျူးလွန်ရာ ရောက်နေပေသည်။ ယင်းပုဒ်မ ၆ (ဂ)အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာမှုမရှိ ဖောက်ဖျက်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပုဒ်မ၁၂အရ မှတစ်ပါး အခြားမရှိတော့ပြီ၊ မိမိလုပ်ရပ်များအပေါ် သတိနှင့်ဆင်ခြင်၍ ဆောင်ရွက်သင့်ပေသည်။ ဥပဒေများကိုလည်း ကျေကျေညက်ညက် ထဲထဲဝင်ဝင် သိထားသင့်ပေသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဥပဒေပြဋ္ဌာန်းပြီးသားကိစ္စဖြစ်၍ ဗြဟ္မစိုရ်တရား လက်ကိုင်ထားကာ ဆိတ်ဆိတ်နေအံ့ ထင်သည်။
ကြေညာချက်ထုတ်ပြန်လိုသူတိုင်း တည်ဆဲပြဋ္ဌာန်း ဥပဒေများနှင့်အညီ ထုတ်ပြန်နိုင်ရေးအတွက် အထူးဂရုပြု အလေးထားဆောင်ရွက်နိုင်ကြပါရန် မသိသူတို့ သတိမူဖို့ မျှဝေခြင်းသာ ဖြစ်ပါသည်။ ။
မြင်းမူသား


