၂၇ နိုဝင်ဘာ
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ ကြီးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနောက်ပိုင်းကစပြီး တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ ဝူဟန်မြို့ရဲ့ တိရစ္ဆာန်အစားအစာ ဈေးကွက်ကနေ စတင်ဖြစ်ပွားခဲ့တာပါ။ ဒီဗိုင်းရပ်စ်ပိုးက တစ်ယောက်က တစ်ယောက်ကို ချောင်းဆိုး၊ နှာချေရာကနေ ကူးစက်တတ်တော့ လျင်လျင် မြန်မြန် ပြန့်ပွားသွားပါတယ်။ ဒါပေမယ့် တရုတ်အာဏာပိုင်တွေက ဒီရောဂါကို ပြတ်ပြတ်သားသား၊ တင်းတင်းမာမာ ကိုင်တွယ်ထိန်းချုပ်ခဲ့ပါတယ်။ လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့ကြီးကို ပိတ်ဆို့ပစ်လိုက်ခြင်းဖြင့် ဒီကူးစက်ရောဂါ တောမီးကို လျင်လျင်မြန်မြန် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
ကမ္ဘာကိုပျံ့နှံ့ခဲ့တဲ့ ကိုဗစ်
တရုတ်နိုင်ငံမှာ နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ပေမယ့် ဒီဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာအနှံ့ကို ပျံ့နှံ့ရောက်ရှိသွားခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်တဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေကတော့ ဒီရောဂါကို တရုတ်နိုင်ငံလို နိုင်နိုင်နင်းနင်း ထိန်းချုပ်ဖို့ နှောင့်နှေးခဲ့ကြတယ်။ ဒီအတွက် အဲဒီနိုင်ငံတွေမှာ ရောဂါပိုးဟာ တောမီးလို ပျံ့နှံ့လောင်ကျွမ်း ထိန်းမရ ဖြစ်ခဲ့တယ်။ ဒီနိုင်ငံတွေကလည်း ကမ္ဘာအနှံ့နဲ့ ကူးလူးဆက်ဆံနေတဲ့ နိုင်ငံတွေဖြစ်တော့ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားခဲ့ ပါတော့တယ်။
မြန်မာကိုဗစ်
အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံကတော့ ကိုဗစ်ပထမလှိုင်းမှာ ကောင်းကောင်း ထိန်းသိမ်းကာကွယ် နိုင်ခဲ့တယ်။ ကိုယ့်ရဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်၊ ထိုင်းနိုင်ငံတွေကနေ ဒီရောဂါ မရောက်အောင် အတော်လေး ထိန်းသိမ်းနိုင်ခဲ့တယ်။ အနောက်နိုင်ငံတွေမှာ ဒုတိယလှိုင်း ဖြစ်ပြီးတော့ အိမ်နီးချင်း အနောက်ခြံစည်းရိုးက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ဖြစ်ပွားနေကတည်းက ကျွန်တော်တို့နိုင်ငံအတွက် စိတ်ပူစရာ ဖြစ်လာခဲ့တယ်။ အဲဒီကမှတစ်ဆင့် ရခိုင်ပြည်နယ်ကိုရောက်၊ ရခိုင်ကနေ ရန်ကုန်ရောက်ခဲ့တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရန်ကုန်မှာ အလျင်အမြန်မပြန့်ပွားအောင်၊ ရန်ကုန်ကနေ တစ်ပြည်လုံးကို မပြန့်သွားအောင် ရှိတဲ့အင်အားနဲ့ မနည်း ထိန်းသိမ်း ကာကွယ်နေကြရတယ်။
စကတည်းက စဉ်းစားခဲ့တဲ့ ကာကွယ်ဆေး
တရုတ် သိပ္ပံပညာရှင်တွေဟာ ဝူဟန်မှာတွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇတည်ဆောက်ပုံ အသေးစိတ် (ဒီအင်န်အေ)ကို ရက်ပိုင်းအတွင်း(၁၂-၁-၂၀၂၀)ရက်နေ့မှာ ကမ္ဘာကို ဖြန့်ဝေနိုင်ခဲ့တယ်။ ဒီဗီဇအခြေခံကိုသုံးပြီး ရောဂါရှာဖွေရေး လုပ်နိုင်သလို ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက်လည်း အသုံးဝင်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ တရုတ်သိပ္ပံပညာရှင်တွေရော၊ တစ်ကမ္ဘာလုံးက သိပ္ပံပညာရှင်တွေပါ ကာကွယ်ဆေးအတွက် ကြိုတင်စဉ်းစား ကြံဆခဲ့ကြတယ်။
ကာကွယ်ဆေးရဲ့သဘာဝ
ကူးစက်ရောဂါတစ်ခု ဖြစ်လာရင် လူ့ရဲ့ခန္ဓာကိုယ်မှာ ဒီရောဂါကိုတုံ့ပြန်တဲ့ ပဋိပစ္စည်း(Antibody)တွေ ထုတ် တယ်။ ခန္ဓာကိုယ်ရဲ့ ရောဂါခုခံကာကွယ်ရေးဆိုင်ရာ ကလာပ်စည်းတွေကလည်း ဝင်ရောက်လာတဲ့ရန်သူကို မှတ်မိအောင်၊ တိုက်ခိုက်နိုင်အောင် ပြင်ဆင်ကြတယ်။ ဒါကြောင့် ဒီရောဂါနဲ့ မသေဆုံးခဲ့ရင် ဒီရောဂါကို အတိုင်း အတာတစ်ခုအထိတော့ ခံနိုင်ရည် ရရှိသွားကြတယ်။ ဒါကြောင့် ကာကွယ်ဆေးအများစုဟာ ရောဂါပိုးကို ပျော့ အောင် သို့မဟုတ် သေအောင်လုပ်ပြီး လူကိုထိုးပေးကာ (တစ်နည်းအားဖြင့် ရောဂါအပျော့စားလေး ဖြစ်စေပြီး) ခုခံအားကို ရရှိစေတယ်။ အခုနောက်ပိုင်း ပိုမိုတိုးတက် လာတဲ့ အခါကျတော့ ရောဂါပိုးတစ်ခုလုံးကို မထိုးတော့ဘဲ ရောဂါပိုးရဲ့ အစိတ်အပိုင်းတစ်ခုကို ထိုးပေးတာမျိုး လုပ်ကြတယ်။ ဒီထက် တိုးတက်လာတဲ့အခါကျတော့ ရောဂါ ပိုးရဲ့ဗီဇ ဒီအင်န်အေ၊ အာရ်အင်န်အေ စတာတွေကို ဓာတ်ခွဲ ခန်းမှာ တည်ဆောက်ယူပြီး အဲဒီအပိုင်းကလေးကိုပဲ ထိုးပေး ခြင်းအားဖြင့် လူ့ရဲ့ကိုယ်ခံအားစနစ်ကို အဆင်သင့် ဖြစ် စေတယ်။ Recombinant DNA Technology လို့ ခေါ်ပါ တယ်။
အဆင့် (၁)၊ (၂)၊ (၃) တွေက ဘာတွေလဲ
ကူးစက်ရောဂါကာကွယ်ဆေးတစ်ခုကို ထုတ်လုပ် တယ်ဆိုရင် အဆင့်တွေအများကြီး ကျော်ဖြတ်ရပါတယ်။ ပထမဦးစွာ ဓာတ်ခွဲစမ်းသပ်ခန်းမှာ တိရစ္ဆာန်တွေနဲ့ စမ်းသပ်ရတယ်။ အဲဒီမှာ ထိရောက်တယ်၊ အန္တရာယ် ကင်းတယ်လို့ တွေ့ရှိတော့မှ လူများကို အဆင့်(၁)၊ (၂)၊ (၃) စမ်းသပ်မှုတွေ လုပ်ရပါတယ်။ အဆင့်(၁)မှာတော့ ကျန်းမာသန်စွမ်းတဲ့ လူအနည်းစု (ဆယ် မှ ရာ)လောက်မှာ စမ်းသပ်ထိုးရတယ်။ အဓိကတော့ ဘယ်လောက် ဆေးပမာဏ ထိုးရင် အကျိုးရှိမလဲ သိချင်တာဖြစ်ပါတယ်။ ထိရောက်မှုနဲ့ လုံခြုံစိတ်ချရမှုတွေအတွက်ကတော့ အဆင့်တိုင်းမှာ စမ်းသပ်ရပါတယ်။
စမ်းသပ်မှု အဆင့်(၂)မှာတော့ လူဦးရေ ပိုမိုများတဲ့ ရာဂဏန်း၊ ထောင်ဂဏန်းလောက်မှာ စမ်းသပ်တယ်။ ဒီကာကွယ်ဆေးကို အသုံးပြုကြမယ့်(ဥပမာ - ကလေး၊ သက်ကြီးရွယ်အို)စတဲ့ အုပ်စုအစုံ ပါဝင်ရပါတယ်။ သူတို့ တွေမှာ တွေ့ရှိရတဲ့ ထိရောက်မှု၊ လုံခြုံစိတ်ချရမှုတွေကို စမ်းသပ်ရပါတယ်။
အဆင့်(၃)မှာတော့ ဒီထက်ပိုများတဲ့ လူတွေမှာ စမ်းသပ်ရပါတယ်။ သောင်းဂဏန်းလောက်ပါ။ အဆင့် (၂)မှာရော (၃) မှာပါ အကောင်းဆုံးကတော့ (Randomized Controlled Trial - RCT)တွေနဲ့ စမ်းသပ်ရပါတယ်။ စမ်းသပ်သူကရော အစမ်းသပ်ခံကပါ ကာကွယ်ဆေး (သို့မဟုတ်) ၎င်းနဲ့ ပုံစံတူလုပ်ထားတဲ့၊ အန္တရာယ်မရှိတဲ့ ဆေးတု(Placebo)တွေကို ရတယ်ဆိုတာ မသိရပါဘူး။ သုတေသနပြုပြီးမှသာ ပြန်လည်ပြီး တွက်ချက်ရပါတယ်။ Double Blind Study (နှစ်ဖက်မသိ) စမ်းသပ်မှု လုပ်ရပါတယ်။
ဒီအဆင့်တွေလုပ်တဲ့အခါမှာ ဘယ်လောက် စနစ်ကျတယ်၊ စာရင်းဇယား တွက်ချက်မှုတွေဟာ မှန်ရဲ့လား၊ ဓမ္မဓိဋ္ဌာန်ကျကျ ကောက်ချက်ချရဲ့လား ဆိုတာတွေကို ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ရပါတယ်။ အဲဒီနောက်မှ အချိန်ကာလတစ်ခု စောင့်ကြည့်ပြီး ဘယ်လိုအန္တရာယ်မှ မရှိတော့မှ ဒီကာကွယ်ဆေးတစ်ခုကို လူအများကို ထိုးနှံပေးဖို့ ဆေးဝါးစစ်ဆေးထိန်းချုပ်ရေးအဖွဲ့တွေက လိုင်စင်ပေးတာပါ။ ပုံမှန်အားဖြင့် ဒီအဆင့်တွေဟာ ငါးနှစ်က ၁၀ နှစ်ခန့် ကြာတတ်ပါတယ်။ အခုအခါမှာတော့ တစ်ကမ္ဘာလုံး အရေးပေါ် ကြုံကြိုက်နေတာနဲ့ ဒီအဆင့်တွေကို အတိုချုပ်ပြီး တချို့လည်း တစ်ပြိုင်နက်လုပ်ပြီး တစ်နှစ်လောက် အတွင်း လိုင်စင်ရဖို့ ကြိုးစားနေကြတာပါ။
ကာကွယ်ဆေး အမျိုးအစား
ကမ္ဘာပေါ်မှာ ထုတ်လုပ်ဖို့ကြိုးစားနေတဲ့ ကိုဗစ်ကာကွယ် ဆေးလောင်း(Candidate Vaccine)တွေက ၂၀၀ ကျော် လောက် ရှိပါတယ်။ အဲဒီထဲက အခုအချိန်မှာ ၄၈ ခုက လူမှာ စတင်စမ်းသပ်တဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ ၁၁ ခုကတော့ နောက်ဆုံး အဆင့်(၃)ကို ရောက်ရှိနေပါပြီ။ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ စပွတ်နစ်ဗွီ(Sputnik V)နဲ့ တရုတ်ရဲ့ ကာကွယ်ဆေး လေးမျိုးကတော့ သူတို့နိုင်ငံနဲ့ အခြားနိုင်ငံအချို့ ဥပမာ(ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး) စတာတွေမှာ လူမှာစမ်းသပ်ဖို့ အရေးပေါ် လိုင်စင်ရယူပြီး အဆင့်(၃) စမ်းသပ်မှုတွေ လုပ်နေပါတယ်။
သိပ်မကြာခင် ရက်ပိုင်းအတွင်းကတော့ အမေရိကန် ဖိုင်ဇာကုမ္ပဏီ(Pfizer)၊ Moderna Co နဲ့ တရုတ် Sinovac ကာကွယ်ဆေးတို့က သူတို့ရဲ့ တတိယအဆင့် စမ်းသပ်မှုရဲ့ အဖြေတွေပေါ် မူတည်ပြီး သူတို့ရဲ့ ကာကွယ်ဆေးတွေဟာ ၉၀ ရာခိုင်နှုန်းကျော် ထိရောက်ပြီး မလိုလားအပ်တဲ့ အန္တရာယ်တွေ ကြီးကြီးမားမားမရှိကြောင်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒီကြေညာချက်တွေဟာ သိပ္ပံပညာရှင်တွေက စနစ်တကျ စိစစ်ပြီးဖြစ်တဲ့ သုတေသနစာတမ်းတွေက မဟုတ်ဘဲ သတင်းစာရှင်းလင်းချက် တွေကဖြစ်လို့ အင်အားနည်းပါတယ်။ ဒီရှေ့တန်းရောက် နေတဲ့ ဆေးတွေက မကြာခင်မှာ အရေးပေါ် အသုံးပြုခွင့် လိုင်စင်တွေကို လျှောက်ထားပြီး လူတွေကို စတင်ထိုးပေးတော့မှာ ဖြစ်ပါတယ်။ Pfizer ကုမ္ပဏီက ဆေးဆိုရင် ခရစ္စမတ်ကာလမှာ စတင်ထိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။
ကျွန်တော်တို့ရော ရမှာလား
ဒီရောဂါက တကယ့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတဲ့နိုင်ငံကြီးတွေမှာလည်း အဖြစ်များပြီး ကာကွယ်ဆေးထုတ်လုပ်မှု အများစုကလည်း ဒီနိုင်ငံကြီးတွေကပဲ ဖြစ်နေတော့ ဆင်းရဲတဲ့ ကမ္ဘာ့နိုင်ငံအများစုက ဆေးမရမှာ ပူပန်ကြပါတယ်။ ဒါကလည်း ပူပန်ထိုက်တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကမ္ဘာရဲ့ ခေါင်းဆောင်တွေက ဒါတွေကို ကြိုတင်စဉ်းစား ပြင်ဆင်ခဲ့ပါတယ်။ Equity လို့ ခေါ်တဲ့ ဆင်းရဲချမ်းသာမရွေး သာတူညီမျှစွာ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ စဉ်းစားထားပြီးဖြစ်ပါတယ်။
ACT Accelerator and Covax 19 Facility ကိုဗစ်တိုက်ဖျက်ရေးအတွက် မျှဝေမှု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအပြင် ကမ္ဘာ့ခေါင်းဆောင် အများစုဟာ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးဟာ ကမ္ဘာ တစ်ဝန်းက လူသားအားလုံးအတွက် အရေးကြီးကြောင်း၊ တစ်ဦးတစ်ယောက်မှာ ကူးစက်မှုကျန်တာနဲ့ တစ်ကမ္ဘာလုံး စိတ်မချရကြောင်း စောစီးစွာ သဘောပေါက်ခဲ့ပါတယ်။ ၂၀၂၀ ဧပြီလကုန်မှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ပြင်သစ် သမ္မတ၊ အီးယူဥက္ကဋ္ဌနဲ့ အခြားအဖွဲ့အစည်းများ စုပေါင်းပြီး ACT Accelerator ကို တည်ထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ ရောဂါရှာဖွေမှု၊ ကုသမှု၊ ကာကွယ်ဆေး ဆိုင်ရာ အချက်အလက်တွေကို လျင်မြန်စွာ မျှဝေပေးနိုင်ဖို့ ဖြစ်ပါတယ်။ Covax Facility ဟာ ဒီအဖွဲ့ အစည်းရဲ့ ကာကွယ်ဆေးဆိုင်ရာ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးနဲ့ ပူးတွဲလုပ်ဆောင်နေတာကတော့ ကွန်ပျူတာသူဌေးကြီး ဘေလ်ဂိတ် စတင်တည်ထောင်ခဲ့တဲ့ GAVI-The Vaccine Alliance ကာကွယ်ဆေးဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ ဒီအဖွဲ့အနေနဲ့ တတ်နိုင်တဲ့နိုင်ငံတွေ၊ အလှူရှင်အဖွဲ့အစည်းတွေကနေ ကိုဗစ်ကာကွယ်ဆေးဆိုင်ရာ လုပ်ငန်းတွေကို အထောက်အကူပေးပြီး ထွက်ပေါ်လာတဲ့ ကာကွယ်ဆေးကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီး (ဆင်းရဲတဲ့နိုင်ငံများအပါအဝင်)ကို ရသင့်တဲ့သူတွေမှာ ဦးစွာရရှိစေဖို့ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထုတ်လုပ်မှုတွေကိုလည်း လျင်လျင်မြန်မြန် အများစုထုတ်လုပ်ပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကို လျင်လျင်မြန်မြန် အဆုံးသတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။
ကမ္ဘာ့ဝင်ငွေနည်းနိုင်ငံ၊ အလယ်အလတ် ဝင်ငွေနည်း နိုင်ငံ(ကျွန်တော်တို့နိုင်ငံပါဝင်)တွေဟာ ထွက်ပေါ်လာမယ့် အရည်အသွေးပြည့်ဝတဲ့ ကာကွယ်ဆေးကို အခမဲ့ သို့မဟုတ် အလွန်သက်သာတဲ့ဈေးနဲ့ ရရှိစေမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယ သုံးလပတ်လောက်မှာ နိုင်ငံရဲ့ ၃ ရာခိုင်နှုန်း (ပထမဦးစားပေး ကျန်းမာရေးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ)အတွက် ရရှိမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်အကုန်မှာတော့ လူဦးရေရဲ့ နောက်ထပ် ၁၇ ရာခိုင်နှုန်း(စုစုပေါင်း ၂၀ ရာခိုင်နှုန်း)အတွက် ကာကွယ်ဆေးကို ရရှိမှာဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံအလိုက် ဦးစားပေးအစီအစဉ်ကို မိမိတို့နိုင်ငံရဲ့အခြေအနေအပေါ် မူတည်ပြီး ပြင်ဆင်ရေးဆွဲ တင်ပြတောင်းခံထားရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဘာလုပ်နေသလဲ
အများသိကြတဲ့အတိုင်း နိုင်ငံတော် အစိုးရဟာ ရှိသမျှ အင်အားနဲ့ ကိုဗစ်ဒုတိယလှိုင်းကို ထိန်းသိမ်းထားနိုင်အောင် ကြိုးစားနေပါတယ်။ ဝန်းရံအားပေးကြတဲ့ စေတနာအလှူ၊ ငွေကြေး ပစ္စည်းပစ္စယအလှူတွေနဲ့ ကိုဗစ်အောင်နိုင် ရေးကို တစ်နိုင်ငံလုံး ဝိုင်းဝန်းဆောင်ရွက် နေပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်လို့လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးတို့ ကိုယ်တိုင် ဦးဆောင်မှုပေးနေပါတယ်။ ကျွန်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသားအဆင့် ကာကွယ်ဆေးဆိုင်ရာ အကြံပေးအဖွဲ့ (NTAG) မှာဆိုရင် နိုင်ငံရဲ့အထင်ကရ ပြည်သူ့ကျန်းမာရေးပညာရှင်၊ ကလေးအထူးကု၊ သမားတော်၊ အဏုဇီဝဗေဒ ပညာရှင်၊ ဓာတ်ခွဲ ကျွမ်းကျင်မှုပညာရှင်၊ သုတေသနပညာရှင်အားလုံး ၁၄ ဦး ပါဝင်ပါတယ်။
ဒီအဖွဲ့ဟာ အပတ်စဉ် ဆွေးနွေးပြီး နိုင်ငံတော်အတွက် လိုအပ်တဲ့ အကြံဉာဏ်တွေကို ပေးနေပါတယ်။ ဗဟို တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းက အချိန်နဲ့တစ်ပြေးညီ အကောင်အထည်ဖော်နေပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကိုဗစ် ကာကွယ်ဆေးရလာရင် ဦးစားပေးထိုးပေးမယ့် အစီအစဉ်ကို Covax Facility ကို တင်ပြဖို့ ပြင်ဆင်နေပြီး မကြာမီ ရက်ပိုင်းအတွင်းမှာ တင်ပြနိုင်မှာဖြစ်ပါတယ်။
အခြားအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်
ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်စတဲ့ အဖွဲ့ အစည်းတွေရဲ့ ဘဏ္ဍာရေးအကူအညီကို ရယူဖို့လည်း ဆောင်ရွက်လျက်ရှိပါတယ်။ ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးစားနေတဲ့နိုင်ငံများနဲ့လည်း အပြန်အလှန် ဆက်သွယ် ကမ်းလှမ်းမှုတွေ ရှိပါတယ်။ ကာကွယ်ဆေးဆိုင်ရာ သုတေသနမှာ ပါဝင်ဖို့၊ ပူးပေါင်းထုတ်လုပ်ဖို့၊ ဝယ်ယူဖြန့်ဖြူးဖို့ စတဲ့ အကြောင်းအရာတွေမှာ ကိုယ့်နိုင်ငံအတွက် အကျိုးအရှိဆုံး ဖြစ်စေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို NTAG အဖွဲ့ရဲ့ အကြံပေးမှုကို အခြေခံစဉ်းစားပြီး ဆောင်ရွက်နေပါတယ်။
ပုဂ္ဂလိကဏ္ဍ
မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ ပုဂ္ဂလိက ဆေးရုံဆေးခန်းများရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတဲ့နေရာမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပါဝင်ကြရမှာဖြစ် ပါတယ်။ ဒါကြောင့် ယခုအခါမှာ ရောဂါစစ်ဆေးတာ၊ ကုသတာနဲ့ နောင် ကာကွယ်ဆေး ပေါ်ပေါက်တဲ့အခါမှာ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွေမှာလည်း ပါဝင် လာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေပြီဖြစ်ပါတယ်။ Covax Facility က အခမဲ့ရရှိမယ့် ကာကွယ်ဆေးကတော့ အစိုးရကဏ္ဍကပဲ ဖြန့်ဝေမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးရရင် ပြီးပြီလား
လုံးဝ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အတွေ့အကြုံများအရ အဆင့်(၃)ကို ရောက်ရှိခဲ့တဲ့ ကာကွယ်ဆေးတိုင်းဟာ တကယ် ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံဖြစ်တာက ၁၀- ၂၀ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ဒီကာကွယ်ဆေးတွေဟာ အနည်းဆုံး ရရှိသူတွေရဲ့ ၅၀-၇၀ ရာခိုင်နှုန်းကျော်မှာ ကာကွယ်မှုရှိရမယ်၊ အန္တရာယ်ကင်းရမယ်၊ ဖြစ်နိုင်ရင် တစ်ကြိမ်တည်းနဲ့ ထိရောက်သင့်တယ်၊ သယ်ယူပို့ဆောင် ဖြန့်ဖြူးဖို့ လွယ်ကူရမယ်၊ ကာကွယ်မှုပေးတဲ့အချိန် ကြာရမယ် စတဲ့ စံနှုန်းတွေနဲ့ သတ်မှတ်စစ်ဆေးတာကို ခံကြရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ကာကွယ်ဆေးတွေကို စိစစ်ပြီး ကြိုတင်အသိအမှတ်ပြုမှု (Prequalifi-cation)တွေကို ထုတ်ပေးလေ့ရှိပါတယ်။ နိုင်ငံအသီးသီးကလည်း မိမိတို့နိုင်ငံမှာသုံးမယ့် ကာကွယ်ဆေးတွေကို ဆေးဝါးကွပ်ကဲရေး အဖွဲ့တွေက စိစစ်ပြီးမှ လက်ခံမှာပါ။ အခု ကိုဗစ်ကာလမှာတော့ ဒီအဆင့်တွေအတွက် အတော်ကို ဖြေလျှော့မှုတွေ လုပ်ပေးထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့လူဦးရေ တော်တော်များများဆီကို ရောက်ရှိဖို့က ကာကွယ်ဆေးကုမ္ပဏီတစ်ခုကသာမကဘဲ ကာကွယ်ဆေးအများစုကို အလုံးအရင်းနဲ့ ထုတ်လုပ်နိုင်ဖို့ လိုပါတယ်။ ခန့်မှန်းမှုကတော့ ၂၀၂၁ နှစ်ကုန်မှာ Covax Facility အနေနဲ့ လူသန်း ၂၀၀၀ အတွက် ထုတ်လုပ်နိုင် မယ်လို့ မှန်းထားပါတယ်။ ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ အတွက်တော့ လုံလောက်ဦးမှာ မဟုတ်ပါဘူး။
မလျှော့သင့်တဲ့ သတိ
ကာကွယ်ဆေးထွက်လာရင် ဦးစားပေးအုပ်စုတွေ ထိုးနှံနိုင်လို့ ကူးစက်မှု၊ သေဆုံးမှု လျော့ကျနိုင်ပါတယ်။ ကမ္ဘာ့ဆင်းရဲနိုင်ငံတွေကို ရောက်ရှိဖို့၊ ဦးစားပေးအုပ်စု တွေကို ထိုးနိုင်ဖို့အတွက်တော့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရဦးမှာပါ။ ဒါကြောင့် ကိုဗစ်ရဲ့ အဓိက ကာကွယ်မှု နည်းလမ်းတွေဖြစ်တဲ့ နှာခေါင်းစည်းတပ်တာ၊ မကြာခဏ လက်ဆေးတာ၊ ခပ်ခွာခွာနေတာ၊ လူစုလူဝေးရှောင်တာတွေ ကိုတော့ လုံးဝ လျှော့လို့မဖြစ်ပါဘူး။ ကာကွယ်ဆေး ရရှိပြီးသည့်တိုင်အောင် ဆက်လက်လုပ်ဆောင်နေရ ဦးမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ တစ်ဦးတစ်ယောက်မှာ ရောဂါဖြစ်ပွားမှု ရှိနေသေးသရွေ့ ဘယ်သူမှ လုံခြုံစိတ်ချရမှုမရှိလို့(No one is safe until everyone is safe.)ဖြစ်ပါတယ်။
ဒေါက်တာစောဝင်း(ကလေးကျန်းမာရေး)


