{ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၄၈) }

၂၇  နိုဝင်ဘာ

တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်  ချောမောအောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးသွားပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလုံး ဆောင်ရွက်ရန် တာဝန်တစ်ခု ကျန်ရှိနေပါသေးသည်။ ယင်းသည်ကား ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန်ပင်ဖြစ်သည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ကောက်နုတ်၍ အနှစ်ချုပ်မျှဝေပါရစေ။

သုံးစွဲခွင့်ရှိသောငွေပမာဏနှင့်  ငွေအမျိုးအစား

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးသည်    ရွေးကောက်ပွဲ ကုန်ကျစရိတ်အဖြစ်     ငွေကျပ်သိန်းတစ်ရာအထိ သုံးစွဲနိုင် သည်။ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးသည် ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်အထိ     သုံးစွဲနိုင်သည်။   ရွေးကောက်ပွဲကုန်ကျစရိတ်အတွက် မိမိ၏ကိုယ်ပိုင်ငွေဖြင့် သုံးစွဲနိုင်သည်။ ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးချင်းစီကဖြစ်စေ ကုမ္ပဏီသို့မဟုတ် ကုမ္ပဏီအစုအဖွဲ့များကဖြစ်စေ တရားဝင်ရရှိထားသော ငွေကြေးများထဲမှ   ထည့်ဝင်လှူဒါန်းသောငွေများကိုလည်း သုံးစွဲနိုင်သည်။ သက်ဆိုင်ရာပါတီအဖွဲ့အစည်းက ထောက်ပံ့သည့်ငွေဖြင့်လည်း သုံးစွဲနိုင်သည်။

ငွေစာရင်းစာအုပ်များထားရှိသုံးစွဲခြင်း

လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ရွေးကောက် ပွဲကိုယ်စားလှယ်သည်    ငွေစာရင်းစာအုပ်များကို စနစ်တကျ ထားရှိရမည်။ သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ရမည်။ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ် နှင့်စပ်လျဉ်း၍ အသုံးစရိတ်များကို သတ်မှတ်ချက်နှင့်အညီကျခံသုံးစွဲရမည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုယ်တိုင် လည်းကောင်း၊ ၎င်း၏ရွေးကောက်ပွဲကိုယ်စား လှယ်ကလည်းကောင်း ရွေးကောက်ပွဲကုန်ကျစရိတ်များကို ပေးချေနိုင်သည်။

ကုန်ကျစရိတ်စာရင်း တင်သွင်းခြင်း

ရွေးကောက်ပွဲကျင်းပပြီးစီးသည့်အခါ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်တင်မြှောက်ခံရခြင်း မရှိသည့်  လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်သည် မိမိတို့သုံးစွဲခဲ့သည့် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းကို ပုံစံ (၂၀) ဖြင့် ရေးသွင်း၍ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သို့မဟုတ်  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊     ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲထံ တင်သွင်းရမည်။

တင်သွင်းရမည့်   အချိန်ကာလသတ်မှတ်ချက်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး   သို့မဟုတ်   ပြည်နယ်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသည့်   လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း တင်သွင်းရမည်။ သို့ဖြစ်၍ မိမိနှင့် သက်ဆိုင်သည့် ကြေညာသည့် နေ့ရက်ကို သေချာသိရှိရန်လိုအပ်သည်။

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ပုံစံ(၂၀)ဖြင့် ရေးသွင်း၍ မိတ္တူတစ်စုံကူးယူပြီး မူရင်းနှင့်ပူးတွဲ တင်သွင်းရမည်။ ပုံစံ(၂၀)ကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများတွင် ဖော်ပြထားသည်။ မြို့နယ်တရားသူကြီးအဆင့်ထက်  မနိမ့်သော  တရားသူကြီး   တစ်ဦးဦးရှေ့မှောက်၌    ယင်းစာရင်းများ မှန်ကန်ကြောင်း ကျမ်းကျိန်လွှာကိုလည်း ပူးတွဲတင်သွင်း ရမည်။

ဖြည့်သွင်းရန်အချက်များ

ပုံစံ (၂၀) ဖြစ်သည့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတွင်    ဖြည့်သွင်းရန်အချက်များကို    အပိုင်းလိုက်  ဖော်ပြထားသည်။   အပိုင်း (က) မှ အပိုင်း (ဏ)အထိ ပါရှိသည်။ အပိုင်း(က)မှ  အပိုင်း (ဋ)အထိ  မည်သည့် အသုံးစရိတ်များအတွက် ဖြည့်သွင်းရမည်ကို  တိကျစွာ ဖော်ပြထားသည်။ အပိုင်း(ဌ)တွင် အပိုင်း(က)မှ အပိုင်း(ဋ) အထိ မပါရှိသည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကိစ္စအလို့ငှာ သုံးစွဲခဲ့သည့် အခြားအသုံးစရိတ်များ ရှိပါက ဖော်ပြရန်ဖြစ်သည်။    အပိုင်း(ဍ)သည်   အသုံးစရိတ် စုစုပေါင်းကို   ဖော်ပြရန်ဖြစ်သည်။    အပိုင်း(ဎ)သည် ရွေးကောက်ပွဲ ကိုယ်စားလှယ်၏ ကျမ်းကျိန်လွှာဖြစ်ပြီး အပိုင်း(ဏ)သည် လွှတ်တော်ကိုယ်စားလှယ်လောင်း၏  ကျမ်းကျိန်လွှာဖြစ်သည်။ ပုံစံ(၂၀)ကို သေချာလေ့လာ ဖတ်ရှုရပါမည်။   တိကျမှန်ကန်စွာ   ဖြည့်သွင်းဖော်ပြရန် လိုပါသည်။

ကော်မရှင်အဖွဲ့ခွဲက ဆောင်ရွက်ရမည့်အချက်

ပုံစံ (၂၀)ဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းလွှာကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ငွေစာရင်းတင်သွင်းသည့် နေ့ရက်ကို လည်းကောင်း၊ သတ်မှတ်ထားသော အချိန် နှင့်ပြဋ္ဌာန်းချက်များအတိုင်း တင်သွင်းခြင်း  ပြု/  မပြုကို လည်းကောင်း ယင်းစာရင်း၌ မှတ်တမ်းတင်ထားရမည်။ လက်ခံရရှိသည့်နေ့မှ နှစ်ရက်အတွင်း ပုံစံ(၂၀)မိတ္တူတစ်စုံကို မိမိရုံး အများမြင်သာသော နေရာတွင် ကပ်ထားရမည်။ မိတ္တူကူးယူလိုပါက  စာတစ်မျက်နှာလျှင်  တစ်မျက်နှာ ပြည့်သည်ဖြစ်စေ၊    မပြည့်သည်ဖြစ်စေ   ငွေကျပ်   ၁၀၀၀ ပေးဆောင်ပါက မဲဆန္ဒရှင်မည်သူကိုမဆို လျှောက်ထားရယူ ခွင့်  ရှိစေရမည်။

သက်ဆိုင်ရာ  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန် သတ်မှတ် ထားသော နေ့ရက်ကုန်ဆုံးသည့်နေ့မှစ၍ ခုနစ်ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အစီရင်ခံစာ တင်သွင်းရမည်။ ယင်းအစီအရင်ခံစာတွင် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ အမည်များ၊ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်သွင်းသည့် ကိုယ်စား လှယ်လောင်းများနှင့် မတင်သွင်းသည့် ကိုယ်စားလှယ် လောင်း၏အမည်များ၊ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းပါက တင်သွင်းသည့်နေ့ရက်၊ သတ်မှတ်ထားသော အချိန်နှင့် သတ်မှတ်ချက်အတိုင်း တင်သွင်းခြင်း ပြု/မပြုနှင့် တင်သွင်းရန်ပျက်ကွက်သည့် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့အား အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာ သင့်ကြောင်းတင်ပြချက် စသည်တို့ပါရှိရမည်။

သက်ဆိုင်ရာ  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် အထက်ပါအတိုင်း အစီရင်ခံစာ တင်သွင်းပြီးနောက် မိမိရုံးရှိ အများမြင်သာသောနေရာ၌ ကြော်ငြာစာကပ်ထားရမည်။ ယင်းကြော်ငြာစာတွင်    ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့သည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်  ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၏အမည်များ၊ ရွေးကောက်ပွဲကုန်ကျ စရိတ်တင်သွင်းသည့်    ကိုယ်စားလှယ်လောင်းများနှင့် မတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများ၏ အမည်များ၊ တင်သွင်းပါက ယင်းသို့တင်သွင်း သည့်နေ့ရက်၊ သတ်မှတ်ထားသောအချိန်နှင့် သတ်မှတ်ချက်အတိုင်း တင်သွင်းခြင်း ပြု/ မပြုနှင့်  သတ်မှတ်ရက်အတွင်း  မတင်သွင်းသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ အရည်အချင်းပျက်ယွင်း သူဟု သတ်မှတ်ရန် တင်ပြထားသူများ စသည့်အချက်များ ပါရှိရမည်။

ကိုယ်စားလှယ်လောင်းက ဆောင်ရွက်ရန်အချက်

သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက    အထက်ပါအတိုင်း ကြော်ငြာစာကပ်သည့်နေ့မှစ၍ ၁၅ ရက်အတွင်း မိမိအား အရည်အချင်း ပျက်ယွင်းသူအဖြစ် မသတ်မှတ်သင့်ကြောင်း အကျိုးအကြောင်း ဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားနိုင်သည်။ မိတ္တူတစ်စောင်ကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်။

ကော်မရှင်ကဆောင်ရွက်ရန်အချက်

ပြည်ထောင်စု         ရွေးကောက်ပွဲကော်မရှင်သည်            သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တင်ပြလာသည့် အစီရင်ခံစာအရဖြစ်စေ၊ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းနှင့်    ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့က လျှောက်ထားလာချက်အရဖြစ်စေ ရွေးကောက်ပွဲကုန်ကျ စရိတ်စာရင်းတင်သွင်းရန် ပျက်ကွက်သူများသည် အရည်အချင်းပျက်ယွင်းသူများ ဟုတ်/မဟုတ်  ဆုံးဖြတ်နိုင်ရန် ရွေးကောက်ပွဲခုံအဖွဲ့ကို      ဖွဲ့စည်းစစ်ဆေးစေရမည်။ ရွေးကောက်ပွဲခုံအဖွဲ့၏   အစီရင်ခံစာအပေါ်   မူတည်၍ အရည်အချင်း ပျက်ယွင်းသူများအဖြစ် သတ်မှတ်ရန် သင့်/မသင့် ဆုံးဖြတ်ရမည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အရည်အချင်းပျက်ယွင်းသည်ဟု ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ခံရသော     လွှတ်တော်ကိုယ်စားလှယ်လောင်း များနှင့်  ၎င်းတို့၏ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ အမည်စာရင်းများကို  ကြေညာချက်ဖြင့်  ထုတ်ပြန်ကြေညာရမည်။ ယင်းကြေညာချက်ကို နိုင်ငံတော်ပြန်တမ်းတွင်  ထည့်သွင်းဖော်ပြနိုင်ရန်  ဆောင်ရွက်ရပါမည်။

အကျိုးသက်ရောက်မှု

ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းတင်သွင်းရန် ပျက်ကွက်သဖြင့် အရည်အချင်းပျက်ယွင်းသည်ဟု ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ခံရပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အရည်အချင်းပျက်ယွင်းသည်ဟု ကြေညာခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ်သည် ယင်းသို့ ကြေညာသည့် နေ့မှစ၍ လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ကျင်းပသည့်ရွေးကောက်ပွဲများတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင် ခွင့်မရှိပါ။

သာဓကဖြစ်စဉ်များ

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန် ပျက်ကွက်သဖြင့် အရည်အချင်းပျက်ယွင်းသည်ဟု  ကြေညာခြင်း ခံရသူများနှင့်စပ်လျဉ်း၍ ၂၀၁၀ ပြည့်နှစ် ပထမအကြိမ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း  (၁၁၂) ဦး၊   ရွေးကောက်ပွဲ ကိုယ်စားလှယ် ( ၃၁ ) ဦးရှိခဲ့သည်။ ၂၀၁၅  ခုနှစ် ဒုတိယ အကြိမ်  အထွေထွေရွေးကောက်ပွဲတွင်  လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၁၅၉) ဦး၊ ရွေးကောက်ပွဲကိုယ်စား လှယ် (၂၄) ဦး ရှိခဲ့သည်။

အရည်အချင်းပျက်ယွင်းသူများမဖြစ်စေလိုပါ

ရွေးကောက်ပွဲတစ်ခုပြီးလျှင်  ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူ လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် မိမိတို့၏ရွေးကောက်ပွဲ အသုံးစရိတ်ငွေစာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းကြရမည်မှာ မဖြစ်မနေ ဆောင်ရွက်ကြရမည့် တာဝန်ဖြစ်သည်။ ရွေးကောက်ပွဲပြီးသွားသော်လည်း ယင်းတာဝန်ကို ဆောင်ရွက်ရန်ကျန်ရှိနေပါသည်။

၂၀၂၀ ပြည့်နှစ်  ရွေးကောက်ပွဲတွင်  မဲဆန္ဒနယ် အသီးသီး၌ ပါဝင်ယှဉ်ပြိုင်သူ လွှတ်တော် ကိုယ်စားလှယ်လောင်း  ၅၆၃၉ ဦးရှိသည်။ ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များလည်း ရှိကြသည်။ ပါဝင်ယှဉ်ပြိုင်ခြင်း ဖြင့် ဂုဏ်ယူကြရမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စား လှယ်လောင်းအားလုံးနှင့်  ရွေးကောက်ပွဲကိုယ်စားလှယ် အားလုံးတို့သည် ရွေးကောက်ပွဲကာလ မိမိတို့သုံးစွဲခဲ့သည့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို  သတ်မှတ်ထား သည့်အတိုင်း    သတ်မှတ်သည့်အချိန်ကာလအတွင်း သတ်မှတ်ချက်နည်းလမ်းများနှင့်အညီ တင်သွင်းကြခြင်း ဖြင့်   အရည်အချင်းပျက်ယွင်းသူများ  မဖြစ်ကြစေလို ကြောင်းပါဗျာ။    ။

-   ရွေးကောက်ပွဲတွင် ဥပဒေနှင့်အညီ တရားသဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြင့်  ဂုဏ်ယူနိုင်ကြပါစေ။ 

-  ရွေးကောက်ပွဲကုန်ကျစရိတ်  စာရင်းကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ချိန် အမီ တင်သွင်းနိုင်ကြပါစေ။

-  ပြည်သူနှင့်နိုင်ငံတော်အကျိုး     ကျရာနေရာမှ ထမ်းဆောင်ခြင်းဖြင့်      သမိုင်းပေးတာဝန် ကျေပွန်ကြပါစေ။

မောင်စာဂ