ရန်ကုန် ၂၇ နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးကျန်းမာရေးနှင့် ငါးရောဂါ ထိန်းချုပ်ရေး ဌာနတွင်ရှိသော Molecular Diagnostic Laboratory အား မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (Myanmar Sustainable Aquaculture Programme - MYSAP) မှ နိုဝင်ဘာ ၂၅  ရက်က ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်မှ အွန်လိုင်းစနစ်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် MYSAP စီမံကိန်း မူဝါဒရေးရာအကြံပေး Dr Florian Mühlbauer က အမှာစကားပြောကြားခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် (MYSAP) မှ စုစုပေါင်း ၁၀ ဦး တက်ရောက်သည်။ ဉရောပသမဂ္ဂနှင့် ဂျာမနီအစိုးရတို့မှ ရံပုံငွေ ထောက်ပံ့ပေးထားသော MYSAP စီမံကိန်းသည်  ငါးရောဂါဓာတ်ခွဲခန်းအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် မေလမှစတင် ပြုပြင်မွမ်းမံခဲ့ပြီး သြဂုတ်လတွင် လုပ်ငန်းပြီးစီးခဲ့သည်။ 

အဆိုပါ Molecular Diagnostic Laboratory သည် ငါးရောဂါရှာဖွေရေးနှင့် ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် အဓိက ဆောင်ရွက်မှာဖြစ်ပြီး MYSAP သည် ရောဂါရှာဖွေခြင်းနှင့် ငါးကျန်းမာရေးဆိုင်ရာ သင်တန်းများကိုလည်း ဓာတ်ခွဲခန်းဝန်ထမ်းများအတွက် ပို့ချပေးလျက်ရှိပြီး Molecular Diagnostic Laboratory ဖွင့်ပွဲ အခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

ငါးလုပ်ငန်းဦးစီးဌာန