၂၈ နိုဝင်ဘာ
အရိပ်စစ်
ရန်ကုန်တက္ကသိုလ်ကြီးသည် တစ်ခေတ်တစ်ခါက အရှေ့တောင်အာရှ၏ ဂုဏ်ထူးဆောင်တက္ကသိုလ်ကြီးအဖြစ် ဂုဏ်ထည်စွာ ရပ်တည်ခဲ့ပါသည်။ ထို့ပြင် ယင်းတက္ကသိုလ်ကြီးသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက်တွင်လည်း လွန်စွာအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့၏။ သမိုင်းဂုဏ်ရောင် ထွန်းပြောင်ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးအကြောင်းကို ဋီကာချဲ့မည် ဆိုပါက ဘွဲ့နှင်းသဘင်ခန်းမ၊ အဓိပတိလမ်းနှင့် သစ်ပုပ်ပင်ကြီးများ မဖြစ်မနေပါဝင်မည် ဖြစ်ပါသည်။ ထိုနည်းတူစွာပင် ရန်ကုန်တက္ကသိုလ်ဟု ဆိုလိုက်သည် နှင့် မြန်မာ့လွတ်လပ်ရေးသမိုင်း၌ အစဉ်အလာကြီးမားခဲ့သော ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားများသမဂ္ဂ (တကသ)ကိုလည်း မေ့ဖျောက်ထား၍ မရနိုင်ချေ။
ရန်ကုန်တက္ကသိုလ်ကြီး တည်ဆောက်ရန်ဆုံးဖြတ်
၁၉၁၅ ခုနှစ်တွင် မြန်မာပြည်ဘုရင်ခံသည် မြန်မာပြည်၌ တက္ကသိုလ်တစ်ခု တည်ထောင်ရန် ဥပဒေမူကြမ်းတစ်ခုကို အိန္ဒိယအစိုးရထံ တင်ပြဆွေးနွေးခဲ့သည်။ သို့သော် ပထမကမ္ဘာစစ်ကြီးကြောင့် ယင်းဥပဒေမူကြမ်းကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တက္ကသိုလ်စည်းမျဉ်းဥပဒေများ ကြိုတင်ရေးဆွဲထားဖို့သာ တိုက်တွန်းခဲ့၏။ ထိုအချိန်က ရန်ကုန်တွင် ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံဖြစ်သော ရန်ကုန်ကောလိပ်နှင့် ခရစ်ယာန်ဘုန်းတော်ကြီးများ ဦးစီးတည်ထောင်သည့် ဘက်ပတစ်ကောလိပ်သာ ရှိခဲ့ပါသည်။ မြန်မာပြည်အစိုးရသည် ယင်းနှစ်၌ပင် ရန်ကုန်တက္ကသိုလ် တည်ထောင်ရန်အတွက် ရန်ပုံငွေများရှာဖွေခဲ့ကြပြီး ရွှေတိဂုံဘုရားလူကြီး ဦးဘကျော်ပိုင်ဆိုင်သည့် မရန်းခြံကြီးကို ဝယ်ယူခဲ့၏။ ထို့နောက် ၁၉၁၆ ခုနှစ် မတ်လတွင် မြန်မာပြည် ပညာရေးဆင်ဒီကိတ်သည် ရန်ကုန်တက္ကသိုလ်ကြီး တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤသို့ဖြင့် ၁၉၁၈ ခုနှစ် ဩဂုတ်လတွင် မစ္စတာ မတ်ဟန်းတား (Mr. MarkHunter)က ရန်ကုန်တက္ကသိုလ် ဖွဲ့စည်းရေးအထူးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုနှစ်၌ပင် အမေရိကန်သာသနာပြုဆရာ ယုဒသန်ကို ဂုဏ်ပြုသောအားဖြင့် ဘက်ပတစ်ကောလိပ်ကို ယုဒသန်ကောလိပ်ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။ ၁၉၁၉ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဖွဲ့စည်းရေး အထူးကော်မတီ၏ အစီရင်ခံစာထွက်ရှိလာခဲ့ပြီး ၁၉၂၀ ပြည့်နှစ် ဇွန်လ၌ ဗြိတိသျှအစိုးရက ရန်ကုန်တက္ကသိုလ် ဥပဒေမူကြမ်းကို ထုတ်ပြန်ကြေညာခဲ့၏။ ထို့နောက် ပညာမင်းကြီး မတ်ဟန်းတားက ၁၉၂၀ ပြည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့အစိုးရအိမ်တော်မှာ ကျင်းပသည့် ဥပဒေပြုကောင်စီ အစည်းအဝေး၌ ယင်းဥပဒေမူကြမ်းကို တင်သွင်းခဲ့သည်။ ယင်းဥပဒေမူကြမ်းသည် မြန်မာကျောင်းသား ကျောင်းသူများ တက္ကသိုလ်တက်ရောက်နိုင်ရန် ခက်ခဲသော ဥပဒေတစ်ရပ်ဖြစ်ခဲ့ပါသည်။
ထို့ကြောင့်လည်း ဥပဒေမူကြမ်းတက်လာသည်နှင့် သတင်းစာတို့က ပြင်းထန်စွာဝေဖန်ကြ၏။ ၁၉၂၀ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် Burma Reform League က အစည်းအဝေးတစ်ရပ်ခေါ်ယူကာ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်ခဲ့သည်။ ထို့အတူ ကျောင်းသားမိဘများကလည်း ကန့်ကွက်ဆန့်ကျင်ခဲ့ကြ၏။ မည်သို့ပင်ကန့်ကွက်နေစေကာမူ ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ၂၈ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်သည် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်သည်။ မြန်မာပြည်သူများနှင့် မြန်မာကျောင်းသားများသည် ကန့်ကွက် နေသည့်ကြားမှ အတည်ပြုပြဋ္ဌာန်းလိုက်သည့်အတွက် အင်္ဂလိပ်အစိုးရ၏လုပ်ရပ်ကို မကျေနပ်ကြသဖြင့် မြို့ကြီးများတွင် လူထုအစည်းအဝေးများကျင်းပကာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ယင်းကန့်ကွက်မှုများကို လျစ်လျူရှုကာ ဗြိတိသျှတို့က ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ အာဏာသက်ရောက်စေပြီး ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် နှစ်ခုကို ပူးပေါင်းကာ ရန်ကုန်တက္ကသိုလ်အဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
ဘူမိနက်သန်
မြန်မာနိုင်ငံတွင် တက္ကသိုလ်ပညာရေးစနစ် ပေါ်ပေါက်လာပြီးနောက် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားခဲ့ကြသည့် ကျောင်းသားများ၏ တက္ကသိုလ်ပညာရေး အက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သော ကျောင်းသားသပိတ်များမှသည် လွတ်လပ်ရေးလှုပ်ရှားမှုကြီးအထိ အဆင့်ဆင့်သော တော်လှန်ရေးများ ပေါ်ပေါက်ခဲ့ရာ၌ ဤတက္ကသိုလ်ကြီးသည် ဘူမိနက်သန်ဖြစ်ခဲ့ပါသည်။
၁၉၂၃ ခုနှစ် ဇွန်လတွင် အမျိုးသားကောလိပ်မှ ကျောင်းသားများကို ရန်ကုန်တက္ကသိုလ်သို့ ပညာသင်ယူခွင့် ပြုခဲ့သည့်အတွက် ကျောင်းသားအများစုမှာ ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိခဲ့ကြသည်။ ဥပဒေပြုအမတ်ဖြစ်လာသူ ဦးဘဘေကလည်း ၁၉၂၃ ခုနှစ် နိုဝင်ဘာလ၌ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ပေးရန် ဥပဒေမူကြမ်းအား မြန်မာဥပဒေပြုကောင်စီသို့ တင်သွင်းခဲ့၏။ ထို့ကြောင့် ၁၉၂၄ ခုနှစ် ဧပြီလတွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ချက်ကို အိန္ဒိယဘုရင်ခံချုပ်က အတည်ပြုပေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှဘုရင်ခံ ဆာဟာကုတ်ဘတ္တလာက ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံကို အုတ်မြစ်ချပေးခဲ့သည်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂသည် ဗြိတိသျှအစိုးရကို ဆန့်ကျင်အန်တုရာ ဌာနဖြစ်ခဲ့မည်ဆိုလျှင် ဗြိတိသျှအာဏာပိုင်များ အနေဖြင့် သမဂ္ဂအဆောက်အအုံကြီးကို တည်ဆောက်ခွင့်ပြုခဲ့မည် မဟုတ်ချေ။
ဤသို့ဖြင့် သမဂ္ဂအဆောက်အအုံကြီး တည်ဆောက်ရေးအတွက် ဒေါက်တာဦးညိုသည် ၁၉၂၆ ခုနှစ်တွင် ရူပီးငွေ ၁၇၀၀၀၀ (တစ်သိန်းခုနှစ်သောင်း) ကို မတည်လှူဒါန်းခဲ့သည်။ ထို့ကြောင့် ၁၉၂၉ ခုနှစ်၌ စတင် တည်ဆောက်ခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံကြီးသည် ၁၉၃၀ ပြည့်နှစ် ဇွန်လတွင် ပြီးစီးသွားခဲ့ပါသည်။ အစောပိုင်းကာလ၌ တကသအဆောက်အအုံကြီးကို သမဂ္ဂကျောင်းတိုက်ဟု ခေါ်ဆိုခဲ့ကြ၏။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံကြီး ပြီးစီးသွားသော်လည်း တကသအဖွဲ့ကို မဖွဲ့စည်းရသေးချေ။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့
သို့ဖြစ်၍ ၁၉၃၀ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျောင်းသားထုအစည်းအဝေးကို တက္ကသိုလ် အားကစားရုံသစ်ကြီး၌ ပြုလုပ်၍ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ စည်းမျဉ်းရေးဆွဲသည့် ကော်မတီအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။ ၁၉၃၁ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျောင်းသားထု အစည်းအဝေးက သမဂ္ဂစည်းမျဉ်းကို လက်ခံအတည်ပြုပြီး ဥက္ကဋ္ဌ ကိုကျော်ခင်နှင့် အတွင်းရေးမှူး ကိုရာရှစ်တို့ ဦးဆောင်သည့် သမဂ္ဂအမှုဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ကြသည်။ ဤသို့ဖြင့် သမိုင်း အစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(တကသ)အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ)၏ ဖွဲ့စည်းပုံစည်းမျဉ်းကို ဗြိတိသျှအာဏာပိုင် များထံသို့ တင်ပြရပြီး ယင်းဖွဲ့စည်းပုံစည်းမျဉ်းကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားပါသည်။ တကသဖွဲ့စည်းပုံ စည်းမျဉ်းတွင် အခန်း (၂) ခန်း ပါဝင်ပြီး ခေါင်းစဉ်မှာ The Constitution of the Rangoon University Students Union, 1931 ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ၁၉၃၁ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ နှစ်ပေါင်း ၃၀ ကျော်အတွင်း၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ၃၀ အထိ ရှိခဲ့ပါသည်။ တကသ၏ ပထမဆုံးဥက္ကဋ္ဌအဖြစ် ကိုကျော်ခင် (၁၉၃၀-၃၁) က တာဝန်ယူခဲ့ပြီး ကိုဗဆွေလေး (၁၉၆၁-၆၂) မှာ နောက်ဆုံးဥက္ကဋ္ဌ ဖြစ်ပါသည်။
ဆိုရလျှင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(တကသ)၏ အနှစ်သုံးဆယ်ကျော် ခရီးသည် ရုန်းကန်ခြင်း၊ လှုပ်ရှားခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိပါသည်။ တကသသည် တိုင်းပြည်အကျိုးနှင့် ကျောင်းသားပြည်သူတို့၏ အနာဂတ်ကို ရှေးရှုသည့်အတွက် နယ်ချဲ့တို့က နည်းမျိုးစုံဖြင့် ထိုးနှက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ထိုးနှက်ချက်များကြောင့် တကသသည် ဦးခေါင်းထက်မှသွေးစက်စက်ယိုခဲ့ရသည်။ ထို့အတူ အသားအရေများ မွမွကြေကာ သပြေရောင် လည်းထခဲ့ဖူး၏။ သို့သော် မည်သည့်အခါမျှ ဦးမညွှတ်ခဲ့ကြချေ။
ဗြိတိသျှနယ်ချဲ့တို့၏ လက်အောက်ခံဘဝ၌လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂသည် လွတ်လပ်ရေးအတွက် တိုက်ခိုက်ရေးသမားအဖြစ် သာမက လှုံ့ဆော်ရေးတပ်ဦးအဖြစ်ပါ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့ကြသည်။ ထို့ပြင် တကသ သည် ဂျော့ဘုရင်မင်းမြတ်၏ ဘုန်းတော်ဘွဲ့ကို ဆန့်ကျင်ပြီး တို့ဗမာသီချင်းကို စုံမက်စွာ ကြွေးကြော်ခဲ့ကြ၏။ လွတ်လပ်ရေးကြိုးပမ်းစဉ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂသည် တိုင်းပြည်နှင့် ကျောင်းသား၊ ပြည်သူတို့အတွက် ရဲရင့်ထက်မြက်သော လက်နက်တစ်ခု ဖြစ်ခဲ့ပါသည်။ လွတ်လပ်ရေးရပြီးသော ပြည်ထောင်စုမြန်မာနိုင်ငံဘဝ၌လည်း တကသသည် မပြီးဆုံးသေးသည့် တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့ကြပြန်သည်။
ဒိုင်းနမိုက်များဖြင့် ဖောက်ခွဲဖျက်ဆီး
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ် ဦးနု၊ သခင်ဗဟိန်း စသည့် ပုဂ္ဂိုလ်ကြီးများကို မွေးထုတ်ပေးခဲ့သည့် သမိုင်းဝင်နေရာ တစ်ခုဖြစ်ပါသည်။ ဤကဲ့သို့ အစဉ်အလာကြီးမားသော နေရာကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက် နံနက်ခင်းအချိန်၌ တော်လှန်ရေးကောင်စီအစိုးရက ဒိုင်းနမိုက်များဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။ ဤကဲ့သို့ ဖြိုချဖျက်ဆီးခံခဲ့ရသော တကသအဆောက်အအုံကြီးနှင့် ပတ်သက်၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “အဆောက်အအုံကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး”ဟု ပြောကြားခဲ့ပါသည်။ တော်လှန်ရေးကောင်စီအစိုးရကြောင့် သမဂ္ဂအဆောက်အအုံကြီး ပြိုကျပျက်စီးသွားခဲ့သည်မှာ မှန်သော်လည်း ကျောင်းသားများ၏ နှလုံးအိမ်ထဲက သမဂ္ဂစိတ်ဓာတ်များမှာမူ ပြိုလဲသွားခြင်းမရှိရုံသာမက ပို၍ပင် ခိုင်မာလာခဲ့ပေသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဆောက်အအုံကြီး ပြိုကျပျက်စီးခဲ့ပြီးနောက် ပြန်လည် တည်ဆောက်ရေးကို ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသော်လည်း ယနေ့အချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို တွေ့မြင်ရပါသည်။ မည်သို့ပင်ဆိုစေကာမူ လူထုရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရအနေဖြင့် သမိုင်းဝင်တကသ အဆောက်အအုံကြီး ပြန်လည်တည်ဆောက်ရေးကို မဖြစ်မနေလုပ်ဆောင်သွားမည်ဟု ယူဆမိပါသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေခင်း၌ မြန်မာနိုင်ငံ၏ သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်ကြီး၏ ဘွဲ့နှင်းသဘင်ခန်းမတွင် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ယခုလို မိန့်ခွန်းပြောကြားခဲ့ပါသည်။
“ဒီတက္ကသိုလ်ကြီးက ကမ္ဘာမှာ ထင်ရှားတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ကို မွေးထုတ်ပေးခဲ့တယ်။ ဒီတက္ကသိုလ်ကြီးက မြန်မာနိုင်ငံလွတ်လပ်ရေးကို ဆောင်ကြဉ်းပေးခဲ့တဲ့ အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းကို မွေးထုတ်ပေးခဲ့တယ်”
ကမ္ဘာကျော်စံပြပုဂ္ဂိုလ်ကြီးများ မွေးဖွားပေးရာဌာန
သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ်ကြီးသည် မြန်မာ့အရေးကိုသာမက ကမ္ဘာ့အရေးကိုပါ ကိုင်လှုပ်နိုင်ခဲ့သော ကမ္ဘာကျော်စံပြပုဂ္ဂိုလ်ကြီးများ မွေးဖွားပေးရာဌာနတစ်ခုပင် ဖြစ်ပါသည်။ အလားတူစွာပင် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း၊ ကိုကျော်ငြိမ်း စသည့် ကျောင်းသားခေါင်းဆောင်များမှာ ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားများသမဂ္ဂမှ ပေါ်ထွန်းလာခဲ့ကြပါသည်။ ထို့ပြင် ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုကိုကြီးတို့လို ဒီမိုကရေစီအရေး ကြိုးပမ်းကြသော ကျောင်းသားခေါင်းဆောင်များကိုလည်း ဆက်လက်မွေးထုတ်ပေးနေဆဲပင် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂသည် နယ်ချဲ့ဆန့်ကျင်ရေး၊ တိုင်းပြည်လွတ်လပ်ရေး၊ အမျိုးသားပညာရေးနှင့် ဒီမိုကရေစီအရေးများကို နှစ်ပေါင်းရှည်ကြာစွာ တိုက်ပွဲဝင်ခဲ့ကြပါသည်။ ဤကဲ့သို့ သမိုင်းအစဉ်အလာကြီးမားခဲ့သော တကသ၏ သမိုင်းဂုဏ်ရောင် မညှိုးနွမ်းစေရန်နှင့် တကသ၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းရန်မှာ မျက်မှောက်၌ တက္ကသိုလ်တွင် ပညာဆည်းပူးနေကြသည့် ကျောင်းသားကျောင်းသူများ၏ ဆင်ခြင်တုံတရားနှင့် အသိဉာဏ်ပညာအပေါ် များစွာတည်မှီလျက်ရှိပါသည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် သမိုင်းဂုဏ်ရောင် ထွန်းပြောင်ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးသည် နှစ်တစ်ရာ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်ကြီး၏ ရာပြည့်နှင့်အတူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဆောက်အအုံကြီး ပြန်လည်တည်ဆောက် နိုင်ရေး၊ သမဂ္ဂ၏စိတ်ဓာတ်နှင့် သမိုင်းအစဉ်အလာများ ရေရှည်တည်တံ့နိုင်ရေး၊ ပညာရေး ရေချိန် မြင့်မားလာရေးနှင့် ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းဂုဏ်ရောင် ပြန်လည်ထွန်းပြောင်လာရေးတို့ကို အလေးထားဆောင်ရွက်နိုင်မည်ဟု ဆင်ခြင်သုံးသပ်မိပါကြောင်း။ ။
ကျမ်းကိုး -
၁။ ရန်ကုန်တက္ကသိုလ်စိန်ရတု (၁၉၂၀-၁၉၉၅)
၂။ ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းများ
၃။ မြန်မာနိုင်ငံကျောင်းသား သမဂ္ဂများသမိုင်း (တင်နိုင်တိုး)
၄။ ပဲခူးဆောင်က ကိုအောင်ဆန်းနှင့် ရန်ကုန်တက္ကသိုလ်ရာပြည့် ဆောင်းပါးများ (သိန်းအေး)
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
အမည်ရင်းမှာ ဦးဆန်းလင်းဖြစ်ပါသည်။
၁၉၈၇ ခုနှစ်တွင် အဘဦးမြင့်လှိုင်နှင့် အမိ ဒေါ်မြင့်မြင့်ဌေးတို့က ရန်ကုန်၌ မွေးဖွားခဲ့ပါသည်။
၂၀၀၅ ခုနှစ်တွင် အထက (၂) လမ်းမတော်မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်၍ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် ရန်ကင်း ပညာရေးကောလိပ် DTEC အပတ်စဉ် (၉၁၂) ကို တက်ရောက်ပြီး ၂၀၁၄ ခုနှစ်တွင် ပညာရေးဒီပလိုမာဘွဲ့ ကို ရရှိခဲ့သည်။
၂၀၁၄ ခုနှစ်တွင် မူလတန်းပြအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် အလယ် တန်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုလက်ရှိ၌ ရန်ကုန်တိုင်းဒေသကြီး အထက(၂)ဒလတွင် အလယ် တန်းပြတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။
၂၀၁၉ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနက ကျင်းပသော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါး ပြိုင်ပွဲ၌ အလယ်တန်းအဆင့်(ဗဟို)၌ ပထမဆု ရရှိခဲ့ပါသည်။
အရိပ်စစ်၊ မောင်ဆန်းထွန်း (ဝါးရုံကောက်) ကလောင်အမည်တို့ဖြင့် မြန်မာတိုင်းမ်သတင်းစာ၊ စောင့်ကြည့် သတင်းဂျာနယ်၊ ဇမ္ဗူဒိပ်ဂျာနယ်နှင့် ရတနာမွန်မဂ္ဂဇင်းများ၌ သုတ၊ ရသဆောင်းပါးများ ရေးသားလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် “ရင်ထဲကဆူး တစ်ချောင်းနှင့် အတွေးအမြင်စာစုများ”စာအုပ်ထွက်ရှိခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း (ဒလ မြို့နယ်) တွင် မြို့နယ်အမှုဆောင်အဖွဲ့ဝင် (၂) အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရပါသည်။


