၃၀ နိုဝင်ဘာ
“နတ္ထိဝိဇ္ဇာ သမံမိတ္တံ” ၊ “ပညာနှင့်တူသော မိတ်ဆွေမရှိ” ဆောင်ပုဒ်နှင့်အညီ မိမိရင်ခွင်တွင် ခိုလှုံပညာသင်ကြားသူ အားလုံးကို ပညာရပ်မိတ်ဆွေအသီးသီးနှင့် တွေ့ဆုံပေးရာ ရန်ကုန်တက္ကသိုလ်ကြီးသည် ယခုအချိန်၌ နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ခေတ်စနစ်အမျိုးမျိုးကို မည်သို့ပင်ဖြတ်သန်းခဲ့ရသည်ဖြစ်စေ အမိတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားသူ ကျောင်းသား ကျောင်းသူများ၊ တာဝန်ထမ်းဆောင်သူ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအားလုံးသည် အမိတက္ကသိုလ်ရှင်သန်ဖွံ့ဖြိုးနိုင်ရန် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါသည်။ ပညာရပ်ဆိုင်ရာပွဲများ၊ အားကစား၊ အနုပညာ၊ လူမှုရေး၊ ပညာရပ်အသင်းအဖွဲ့လှုပ်ရှားမှုများ စသည့် ကျောင်းခန်းပြင်ပ လှုပ်ရှားမှုများသည် အမိတက္ကသိုလ်၏ အနှစ်သာရကို ပါဝင်ဖော်ဆောင်ပေးနေသော အရာများ ဖြစ်ပါသည်။
နှစ်စဉ်ကျင်းပသည့်ပွဲဖြစ်
ထိုလှုပ်ရှားမှုများအနက်မှ ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း (UY Science Fair) ကို ၂၀၁၄ ခုနှစ်မှစတင်၍ တက္ကသိုလ်များ သိပ္ပံသုတေသနဌာနမှ ဦးစီး၍ နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၁၉ ခုနှစ်တွင် (၆)ကြိမ်မြောက်ရှိခဲ့ပါသည်။ ကျောင်းသား ကျောင်းသူများကို သိပ္ပံနည်းကျဆောင်ရွက် တတ်စေရန်၊ သိပ္ပံပညာရှင်များ၏စိတ်ဓာတ်မွေးမြူတတ် စေရန်နှင့် ပြည်သူလူထုကြားသိပ္ပံဆိုင်ရာ အသိပညာ ပြန့်ပွားလာစေရန် ရည်ရွယ်လျက် ပထမအကြိမ် ရန်ကုန် တက္ကသိုလ် သိပ္ပံပွဲခင်း-၂၀၁၄ ကို ထိုစဉ်က ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်သူက ကျင်းပ ရေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်များ သိပ္ပံသုတေသနဌာနမှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူဦးစီး၍ ရန်ကုန် တက္ကသိုလ်အပန်းဖြေရိပ်သာနှင့် ဝိဇ္ဇာခန်းမတို့တွင် ကျင်းပ ခဲ့ပါသည်။ ပထမအကြိမ်သိပ္ပံပွဲခင်းတွင် ရန်ကုန်တက္ကသိုလ် သိပ္ပံဘာသာရပ်ဌာနများမှ သုတေသနနှင့် သင်ကြား သင်ယူမှုဆိုင်ရာပြခန်းများ၊ လျှပ်စစ်ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒဂုံတက္ကသိုလ်၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့နှင့် သိပ္ပံပစ္စည်းအလုပ်ရုံ စသည်တို့မှ ပြခန်းများ၊ နည်းပညာကုမ္ပဏီများ၏ သင်ထောက်ကူနှင့် သုတေသနလုပ်ငန်းသုံး စက်ပစ္စည်းများပြသသည့် ပြခန်းများ စုစုပေါင်းပြခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသ ခဲ့ပါသည်။ ထို့အပြင်နည်းပညာဆိုင်ရာ ဟောပြောပွဲများ၊ ပဒေသာကပွဲများ၊ ပျော်ပွဲရွှင်ပွဲ ဈေးရောင်းပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ပျော်ပွဲရွှင်ပွဲဈေးရောင်းပွဲများတွင် ရန်ကုန် တက္ကသိုလ် ဘာသာရပ်ဌာန အားလုံး၊ စီမံဘဏ္ဍာဌာန၊ ကျောင်းသား ကျောင်းသူများဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ တိုင်းရင်းသားရိုးရာ စားသောက်ဖွယ်များ၊ အမှတ်တရပစ္စည်းများ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းပြိုင်ပွဲများဖြင့် ပါဝင်ဆင်နွှဲခဲ့ပါသည်။ ထို့ကြောင့် သိပ္ပံပွဲခင်းသည် သိပ္ပံဘာသာရပ်ဌာနများ အတွက်သာမဟုတ်ဘဲ ရန်ကုန်တက္ကသိုလ်၏ သင်ကြား/စီမံဌာနများနှင့် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်ဌာနအားလုံး ပူးပေါင်းပါဝင်ကြသော ရန်ကုန်တက္ကသိုလ်၏ နှစ်စဉ် ကျင်းပသည့်ပွဲ ဖြစ်ပါသည်။
ဒုတိယအကြိမ် ကျင်းပသော ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း-၂၀၁၅ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို ကျောင်းသား/ကျောင်းသူများ၏ ဆန်းသစ်သိပ္ပံပြပွဲ၊ ပြိုင်ပွဲ များကို စတင်ထည့်သွင်းကျင်းပခဲ့ပါသည်။ ကျောင်းသား ကျောင်းသူများ၏ “ဘီအေ (ဘီအက်စီ) အောင်ရင်ဘာလုပ် မလဲ” ဟူသော စိုးရိမ်စိတ်ကို စွန့်ဦးတီထွင် ကိုယ်ထူး ကိုယ်ချွန်လိုစိတ်ဖြင့် ပြောင်းလဲပေးနိုင်ရန်နှင့် သရုပ်ခွဲ စိစစ်လေ့လာမှုမှသည် ပေါင်းစပ်ဆန်းသစ်နိုင်စွမ်းသို့ မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။
သိပ္ပံပွဲခင်း၏ သိပ္ပံပရောဂျက်များသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ပြုလုပ်ရသည်မဟုတ်၊ စိတ်ကူးတူရာ လူငယ်များစုပေါင်း၍ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အပြင် လွတ်လပ်စွာ အချက်အလက်ရှာဖွေခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ယင်းနောက် မိမိတို့ဖန်တီးထားသည်တို့ကို အခြားသူများအား လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်ခြင်း အစရှိသည်တို့ ပါဝင်ပါသည်။
စတုတ္ထစက်မှုခေတ်
ယနေ့ခေတ်ကာလသည် နိုင်ငံတကာတွင် စတုတ္ထ စက်မှုခေတ် (Industry 4.0) သို့ ကူးပြောင်းနေပြီး ယင်းနှင့်လိုက်လျောညီထွေဖြစ်မည့် စတုတ္ထပညာခေတ် (Education 4.0) သို့ ပြောင်းလဲနေသော အချိန်အခါ ဖြစ်ပါသည်။ စတုတ္ထစက်မှုခေတ် (Industry 4.0) ဆိုသည် မှာ ဖန်တီးထားသောအသိဉာဏ် (Artificial Intelligence)၊ အလိုအလျောက် ကွန်ရက်သုံးထိန်းကျောင်းမှုနည်းပညာ (Internet of things)၊ စက်ရုပ်နည်းပညာ (Robotics) အစရှိသည့် နည်းပညာများနှင့် ပေါင်းစပ်နည်းပညာများ အပေါ်တွင် အခြေခံသည့် စက်မှုစီးပွားလုပ်ငန်းများပင် ဖြစ်ပါသည်။ အဆိုပါနည်းပညာများသည် ခေတ်နှင့်အညီ ပြောင်းလဲနေသည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှုအတွက် များစွာအကျိုးသက်ရောက်လျက်ရှိပါသည်။ ထို့ကြောင့် စက်မှုပြောင်းလဲမှု ၄.၀ နှင့် သဟဇာတဖြစ်စေ မည့် ပညာရေးကိုလည်း ခေတ်နှင့်အညီ ပြောင်းလဲနိုင် ရန်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှု နည်းစနစ်များ၊ ပညာရေးကဏ္ဍအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ အစရှိသည့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကာလလည်းဖြစ်ပါသည်။
ဆန်းသစ်သိပ္ပံပရောဂျက် ပြပွဲပြိုင်ပွဲများ
ထို့ကြောင့် ဆန်းသစ်သိပ္ပံပရောဂျက် ပြပွဲပြိုင်ပွဲများသည် ကျောင်းသား ကျောင်းသူများအတွက် စာသင်ခန်း အတွင်း သမားရိုးကျ သင်ကြားလေ့လာမှုမှ ဖောက်ထွက် လျက် မိမိစိတ်ပါဝင်စားရာကို စာသင်ခန်းပြင်ပတွင် လွတ်လပ်စွာရှာဖွေ ဆည်းပူးနိုင်မှု၊ စိတ်ကူးတူသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကို လှုံ့ဆော်ပေးနိုင်ပြီး လက်တွေ့သင်ယူနိုင်စွမ်း၊ သီးခြားသင်ယူနိုင်စွမ်း၊ ဒစ်ဂျစ် တယ်စွမ်းရည်၊ အချိန်စီမံခန့်ခွဲမှု၊ ပြဿနာဖြေရှင်းနိုင်မှု စသည့် စတုတ္ထပညာခေတ်အတွက် လိုအပ်သော အခြေခံများကို လေ့ကျင့်ပျိုးထောင်နိုင်မည်ဟု မြင်မိပါသည်။ ယခုအချိန်တွင် တက္ကသိုလ်၏အသက်သည် သုတေသန ဟုဆိုစကားနှင့်အညီ သုတေသနလုပ်ငန်းများ၊ သုတေ သန ဆောင်ရွက်မှု အလေ့အကျင့်များ တိုးတက်ဖြစ်ထွန်း လာစေရန် တွန်းအားပေးဆောင်ရွက်နေသည့် ကာလ လည်းဖြစ်ပါသည်။ အရည်အသွေးပြည့်ဝသည့် သုတေသနများထွက်ပေါ်လာစေရန် အလေ့အကျင့်ကောင်း၊ ပတ်ဝန်းကျင်ကောင်း၊ အထောက်အပံ့နှင့် သုတေသနအပေါ် စိတ်ဝင်စားမှုစသည့် အခြေခံအချက်များ ရှိရပါမည်။ တက္ကသိုလ်ဆိုသည်မှာ အဆိုပါအချက်များကို ဖန်တီးပေးသည့်နေရာ ဖြစ်ရပါမည်။ ကျောင်းသား ကျောင်းသူများကို ဘွဲ့ကြိုကာလမှပင်စတင်၍ ဖန်တီးလိုစိတ်၊ တီထွင်လိုစိတ် နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် အစရှိသည့် သုတေသန၏ အခြေခံမျိုးစေ့ကောင်းများကို ရရှိစေရန် ဖန်တီးပေးရမည် ဖြစ်ပါသည်။ သိပ္ပံပွဲခင်းများသည် အဆိုပါလိုအပ်ချက်များ၏ တစ်စိတ်တစ်ပိုင်းကို ဖြည့်ဆည်းပေးနေခြင်း ဖြစ်ပါသည်။
ဘွဲ့ကြိုကျောင်းသား ကျောင်းသူများမှလည်း ဆန်းသစ် သိပ္ပံပရောဂျက်ပြိုင်ပွဲများကို စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြသည်ကို တွေ့ရှိရပါသည်။ ၂၀၁၅ ခုနှစ်တွင် ပရောဂျက်အဖွဲ့ပေါင်း ၂၈ ဖွဲ့၊ ၂၀၁၆ ခုနှစ်တွင် အဖွဲ့ ၃၀ ၊ ၂၀၁၇ ခုနှစ်တွင် ၃၈ ဖွဲ့၊ ၂၀၁၈ ခုနှစ်တွင် ၂၆ ဖွဲ့နှင့် ၂၀၁၉ ခုနှစ်တွင် ၃၉ ဖွဲ့ အသီးသီး ပါဝင်ယှဉ်ပြိုင်ကြသည်ကို အားရဖွယ်တွေ့ရှိရပါသည်။
အကောင်းဆုံး ဆန်းသစ်သိပ္ပံ ပရောဂျက်များကို ဒိုင်အဖွဲ့ဝင် ဆရာ ဆရာမကြီးများက ရွေးချယ်၍လည်းကောင်း၊ လာရောက်ကြည့်ရှုသူ ကျောင်းသား ကျောင်းသူနှင့် ပြည်သူများမှ မဲစနစ်ဖြင့်လည်းကောင်း ရွေးချယ်၍ ထိုက်တန်စွာ ဆုချီးမြှင့်လျက်ရှိပါသည်။ သိပ္ပံပွဲခင်း၏ သိပ္ပံပြခန်းများကို လေ့လာကြည့်လျှင် ဘာသာရပ်ဌာန အသီးသီးနှင့် ကုမ္ပဏီအဖွဲ့အစည်းများ၏ အဆင့်မြင့်ပညာ ကဏ္ဍ သုတေသနနှင့် နည်းပညာပြခန်းများ၊ ဘွဲ့ကြို ကျောင်းသားများ၏ ဆန်းသစ်တီထွင် ပရောဂျက်ပြခန်း များ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ပညာပေးပြခန်းများ အပြင် သာမန်ပြည်သူလူထုနှင့် အခြေခံကျောင်းသား ကျောင်းသူများအတွက်ပါ ရည်ရွယ်ပြသသည့် သိပ္ပံ ဆပ်ကပ် (Science Circus) လည်း ပါဝင်သည်ကို တွေ့ရှိရပါမည်။ သိပ္ပံဆပ်ကပ်ဆိုသည်မှာ ပြည်သူလူထု ရှင်းလင်းလွယ်ကူစွာ နားလည်ရန် သိပ္ပံ ဘာသာရပ်အခြေခံ များကို ဖျော်ဖြေမှုနှင့် ပေါင်းစပ်ထားသော တင်ဆက် ပြသမှုဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်မှစ၍ တက္ကသိုလ်များ သိပ္ပံသုတေသနဌာနမှ ဆရာများနှင့် ရူပဗေဒဌာနမှ ဆရာများ ပူးပေါင်း၍ သိပ္ပံဆပ်ကပ်ပြပွဲများကို သိပ္ပံ ပွဲခင်း-၂၀၁၆ တွင် စတင်ထည့်သွင်း ပြသခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားသော ဩစတြေးလျအမျိုးသားတက္ကသိုလ် (Australian National University) မှ အမျိုးသားပြည်သူ လူထု သိပ္ပံပညာပေးစင်တာ (National Centre for Public Awareness of Science) မှ ပါမောက္ခနှင့်ဆရာများ လာရောက်၍ သိပ္ပံဆပ်ကပ်ကို သိပ္ပံပွဲခင်းများတွင် ပူးပေါင်းပါဝင်ပြသခဲ့ပါသည်။ သိပ္ပံဘာသာရပ် သင်ကြားမှုအတွက် အထောက်အကူပြုစေရန် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများအား သင်တန်းများ ပို့ချခြင်း၊ အခြေခံကျောင်းများသို့ သွားရောက်၍ သိပ္ပံဆပ်ကပ် ပြသခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်
သိပ္ပံပွဲခင်းသည် တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများသာမက ကုမ္ပဏီအဖွဲ့ အစည်းများ၊ စက်မှုစီးပွားအဖွဲ့အစည်းများ လာရောက်ကြည့်ရှုသူ ပြည်သူများအကြား အလွတ်သဘောမေးမြန်း ဆွေးနွေး အကြံပေးနိုင်ခြင်း၊ တက္ကသိုလ်များတွင် ဆောင်ရွက်လျက်ရှိသော ပညာရပ်ဆိုင်ရာလုပ်ငန်းများ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍများကို ဖွင့်လှစ်ပြသနိုင်ခြင်းတို့ကြောင့် တက္ကသိုလ်များနှင့် စက်မှုစီးပွားလုပ်ငန်းများ အကြား အပြန်အလှန်ယုံကြည်မှုရရှိပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက် အကူပေးမည်ဟု ယုံကြည်မိပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့ စသည့်အဖွဲ့အစည်းများမှလည်း ပြည်သူလူထုအတွက် ပညာပေးပြခန်းများ၊ ပညာပေးဖျော်ဖြေမှု အစီအစဉ်များဖြင့် အားဖြည့်ပါဝင်ခဲ့ကြပါသည်။ MRTV-4 မှလည်း သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းများ၊ သိပ္ပံဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများဖြင့် ပံ့ပိုးကူညီပေးခဲ့ပါသည်။
စတုတ္ထပညာခေတ်
အချုပ်အားဖြင့်ဆိုရသော် ရန်ကုန်တက္ကသိုလ်၏ သိပ္ပံပွဲခင်းများသည် ကျောင်းသား ကျောင်းသူများအတွက် သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မှုနှင့် စတုတ္ထ ပညာခေတ်အတွက် လိုအပ်သောအရည်အသွေးများကို ပြုစုပျိုးထောင်ပေးခြင်း၊ စာသင်ခန်းအတွင်း သမားရိုးကျသင်ကြားမှု (Chalk and Talk) မှ သက်ဝင်လှုပ်ရှား သင်ကြားမှု (Interactive Learning)၊ ပရောဂျက်အခြေပြုသင်ကြားမှု (Project Based Learning) သို့ ကူးပြောင်းရန် အထောက် အကူပေးခြင်း၊ အဆင့်မြင့်ပညာကဏ္ဍ သုတေသနလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုခြင်း၊ သိပ္ပံနည်းပညာနှင့်ပတ်သက်သော အသိပညာများ ပြည်သူများအတွင်း ပြန့်ပွားလာစေခြင်း၊ တက္ကသိုလ်များနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူမှုစီးပွားရေးအဖွဲ့အစည်း များအတွင်း သုတေသနနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် အထောက်အကူပြုခြင်း စသည့် ရည်ရွယ်ချက်ကောင်းများနှင့် ပြည့်စုံသောကြောင့် နိုင်ငံတော်၏ ပညာရည်တိုးတက်ရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်ကြီးများကို အခန်းကဏ္ဍတစ်ရပ်အဖြစ် အထောက်အပံ့ပေးမည်ဟု ယုံကြည်မိပါသည်။
ဒေါက်တာရေချမ်း
ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း
- အမည် ဒေါက်တာရေချမ်း
- ၁၉၆၆ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါ သည်။
- ၁၉၈၂ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တွင် ရူပဗေဒအဓိကဖြင့် တက်ရောက်သင်ကြားခဲ့ပြီး ၁၉၈၄ ခုနှစ်မှ စ၍ ရန်ကုန်တက္ကသိုလ်(ပင်မ)တွင် ရူပဗေဒ ဂုဏ်ထူးတန်းကို တက်ရောက်ခဲ့ပါသည်။
- ၁၉၈၇ ခုနှစ်တွင် ရူပဗေဒဂုဏ်ထူးဘွဲ့ B.Sc (Hons) ဘွဲ့ကို ပထမတန်းအဆင့်ဖြင့် အောင်မြင်ခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (M.Sc) ကိုရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ပါရဂူဘွဲ့ရူပဗေဒ(PhD)ကို ရရှိခဲ့ ပါသည်။
- ၂၀၁၀ ခုနှစ်တွင် ကိုရီးယားနိုင်ငံရှိ Seoul National University တွင် Post Doctorate Research သွားရောက်ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံ Aizu University ၌ Visiting Research Professor အဖြစ် သွားရောက်ခဲ့ပါသည်။
- ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ စစ်တွေ တက္ကသိုလ်များ၏ ရူပဗေဒဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအချိန်၌ ရန်ကုန်တက္ကသိုလ်၊ တက္ကသိုလ်များ သိပ္ပံသုတေသနဌာန၏ ပါမောက္ခ(ဌာနမှူး)အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။


