၁ ဒီဇင်ဘာ
ဆားဝက်ခြံစူးစူးလေးတွေက အရေပြားရဲ့ ဘယ်နေရာမှာမဆို ဖြစ်လာတတ်တယ်ဆိုပေမယ့် နှာခေါင်းတစ်ဝိုက်မှာ အဖြစ်များဆုံးပါပဲ။ မျက်နှာကိုသေချာ cleansing မလုပ်တာကြာရင်၊ မျက်နှာအသားအရေ စောင့်ရှောက်မှု နည်းလမ်းမမှန်ရင် ဆားဝက်ခြံတွေ ထကြွလာစေနိုင်ပါတယ်။
ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ၁၀ မိနစ်ပဲအချိန်ပေးပါ။ အမြန်သက်သာ ရှင်းလင်းသွားစေရမယ်။
(၁) ရေနွေးငွေ့ပေးခြင်း
မျက်နှာကို ရေနွေးငွေ့ပေးတဲ့နည်းဟာ အသားအရေကို ကြည်လင်သန့်ရှင်းစေပြီး ဆားဝက်ခြံကင်းစေမယ့် နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ အသားအရေကို နူးညံ့စေပြီး ဆားဝက်ခြံတွေ သူ့အလိုလိုထွက်သွားဖို့ လွယ်ကူစေပါတယ်။ အရင်ဆုံး သိပ်မပြင်းတဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။ ပြီးမှ ခြောက်အောင်တို့သုတ်ပြီး မျက်နှာကို အပူမဟပ်အောင် တစ်ပေခွဲ လောက်အကွာကနေ ရေနွေးငွေ့ပေးပါ (ဆားဝက်ခြံကိုတော့ ရေနွေးငွေ့ ထိတွေ့ပါစေ)။ ၁၀ မိနစ်လောက်ထားပြီးမှ မျက်နှာသုတ်ပုဝါနုနုနဲ့ ပွတ်သုတ်ပါ။
(၂) သစ်သီးအခွံနဲ့ ပေါင်းတင်ခြင်း
လိမ္မော်သီး ဒါမှမဟုတ် ငှက်ပျောသီးခွံကိုသုံးပြီး သဘာဝ scrub ဖန်တီးအသုံးပြုနိုင်ပါတယ်။ သိထားသင့်တာက scrub လုပ်သင့်တဲ့အကြိမ်ရေက သင့်အသားအရေ အမျိုးအစားပေါ် မူတည်နေတယ်ဆိုတာပါပဲ။ သင့်အသားအရေက ထူပြီးအဆီပြန်တဲ့ အသားအရေဖြစ်ရင် နေ့တိုင်း သဘာဝ scrub လုပ်ပေးလို့ရပါတယ်။ ဓာတ်မတည့်မှုဖြစ်လွယ်၊ ဒါမှမဟုတ် ခြောက်သွေ့တဲ့ အသားအရေဆိုရင်တော့ တစ်ပတ်တစ်ကြိမ်ဆို လုံလောက်ပါတယ်။ ငှက်ပျောသီး scrub လုပ်မယ်ဆိုရင် ငှက်ပျောသီးအခွံ အနည်းငယ်ကိုကြိတ်ချေပြီး သူ့ချည်းပဲ ဒါမှမဟုတ် အုန်းဆီ/ပျားရည် တစ်မျိုးမျိုးနဲ့ ရောသုံးနိုင်ပါတယ်။ လိမ္မော်သီးအခွံကို အမှုန့်လုပ်ပြီး ပျားရည် သို့မဟုတ် ရေ နဲ့ရောသုံးနိုင်ပါတယ်။ ချေးချွတ်ဖို့ အတွက်က အရေပြားပေါ်ကို စက်ဝိုင်းသဏ္ဍာန်နှိပ်နယ်သုတ်လိမ်းပေးပါ။
နောက်တစ်နည်းကတော့ သစ်သီးနဲ့ပေါင်းတင်တာပါ။ scrub ထက်တော့ ပိုညင်သာတဲ့နည်းပါပဲ။ အသီးတစ်ခုခုကို ပျားရည်နဲ့ ရောကြိတ်ပါ။ ထောပတ်သီးက ရောင်ရမ်းမှုကို လျော့ကျစေပြီး ပျားရည်နဲ့ရောသုံးရင် အသားအရေကို အားဖြည့်ပေးပြီး ဘက်တီးရီးယားတွေ တိုက်ဖျက်ပေးပါတယ်။ သင်္ဘောသီးကလည်း ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ပိုလျှံနေတဲ့အဆီတွေကို စုပ်ယူပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပါတယ်။
(၃) မုန့်ဖုတ်ဆိုဒါ(စားဆိုဒါ) ကိုအသုံးပြုခြင်း
မုန့်ဖုတ်ဆိုဒါဟာ အရေပြားကို သန့်စင်စေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝပိုးသတ်ဆေး ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းစာကိုရေနဲ့ အနှစ်ဖျော်ပြီး ဆားဝက်ခြံပေါ် သုတ်လိမ်းပါ။ နောက်မှ ရေခပ်နွေးနွေးနဲ့ ဆေးကြောပါ။ ဒီနည်းက မွေးညင်းပေါက်တွေကို ပွင့်စေပြီး အသားအရေကို လန်းဆန်းသန့်ရှင်းစေပါလိမ့်မယ်။
ဒီနည်းက လူတိုင်းအတွက်တော့ အဆင်မပြေနိုင်ဘူးဆိုတာ သတိရပါ။ မုန့်ဖုတ်ဆိုဒါဟာ တချို့အသားအရေ ပိုင်ရှင်တွေအတွက် ပြင်းနေတတ်တာကြောင့် မျက်နှာမှာမသုံးခင် အရေပြားတစ်နေရာရာ (ဥပမာလက်ဖမိုး)မှာ ဓာတ်မတည့်မှုရှိမရှိ အနည်းငယ်စမ်းသုံးကြည့်သင့်ပါတယ်။
(၄) အရေပြားဆဲလ်သေတွေကို သကြားနဲ့ဖယ်ရှားမယ်
သကြားမှာပါတဲ့ Glycolic acid က သဘာဝ scrub ချေးချွတ်ဆေးတစ်ခုလို စွမ်းဆောင်နိုင်ပါတယ်။ ဆဲလ်သေတွေကို ဖြိုခွဲပြီး ဝက်ခြံကို ကုသနိုင်တာကြောင့် ပျောက်ကင်းဖို့လွယ်ကူစေပါတယ်။ collagen ကုထုံးနဲ့ သုံးတဲ့အခါမှာလည်း အရေပြားအသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။
သကြား၊ သစ်သီး၊ နွားနို့တို့နဲ့ အိမ်မှာပဲ ပေါင်းတင်ဆေးဖန်တီးနိုင်ပြီး ပေါင်းတင်မှု ၅ မိနစ် ၁၀ မိနစ်ကြာတဲ့အခါ မျက်နှာသစ်ပါ။ အုတ်ဂျုံ၊ ပျားရည်၊ နွားနို့နဲ့ငှက်ပျောသီးတို့ကို သုံးတာကလည်း လူသုံးများတဲ့နည်းတွေပါ။
ဆားနဲ့ scrub လုပ်တဲ့နည်းတွေကရော။ ဆားအဖြူကို scrub တွေမှာအခြေခံအဖြစ် ထည့်သုံးတတ်ကြပေမယ့် မျက်နှာအတွက်ဆို မသုံးတာအကောင်းဆုံးပါပဲ။ ဆားက သင့်မျက်နှာအတွက် ပြင်းထန်လွန်းသလို အသားအရေကို ကြမ်းတမ်း၊ခြောက်သွေ့စေပါတယ်။
(၅) ကြက်ဥအကာနဲ့ ပွတ်တိုက်သန့်စင်ခြင်း
ဆားဝက်ခြံ သို့မဟုတ် ဝက်ခြံရှိတဲ့နေရာတစ်ဝိုက်ကို ကြက်ဥအကာလိမ်းပေးပါ။ ခြောက်သွားတဲ့အခါ မွေးညင်းပေါက်တွေ ကျုံ့သွားစေပြီး ပိတ်ဆို့နေတဲ့ အဆီခဲတွေညှစ်ထုတ်သလိုဖြစ်စေပါမယ်။ တစ်ကြိမ်လုပ်ရင် ကြက်ဥ ၂ လုံးမှ ၃ လုံးအထိ သုံးနိုင်ပါတယ်။ ခြောက်သွားတဲ့အခါ ရေနွေးနွေးစွတ်ထားတဲ့ သန့်စင်တဲ့ သဘက်နဲ့ အသာအယာပွတ်သုတ်ပစ်ပါ။
(၆) ပျားရည်ကုထုံး
ဆားဝက်ခြံတွေက ရောင်ရမ်းလာပြီဆိုရင် ပျားရည်သုံးပြီး ကုသနိုင်ပါတယ်။ ပျားရည်ကို ဝက်ခြံတွေ၊ ဆားဝက်ခြံ တွေပေါ်လိမ်းလိုက်ရင် ဘက်တီးရီးယားရှင်သန်ကြီးထွားမှုကို တားဆီးပေးပြီး ဝက်ခြံဆက်လက်မဖြစ်ပေါ်အောင် ကာကွယ်ပေးပါတယ်။
(၇) သံပရိုသီးရည်
သံပုယိုရည်ကို ဆားဝက်ခြံပေါ်သုတ်ပေး၊ တို့ပေးရင် ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ပိုးသတ်ပေးတာကြောင့် နောက်ထပ်အသစ်ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ ပိုကောင်းတာကတော့ အသားအရေကို လင်းလက်စေပြီး အမာရွတ်လည်း ကင်းစေပါတယ်။
(၈) သွားတိုက်ဆေးက သုံးသင့်သလား
ဆားဝက်ခြံအတွက် လူသိများတဲ့ အိမ်သုံးဆေးနည်းတွေထဲမှာ သွားတိုက်ဆေးအနည်းငယ်ကို ဆားဝက်ခြံပေါ် တို့ပေးတဲ့နည်း ပါဝင်ပါတယ်။ သွားတိုက်ဆေးရဲ့ ပိုးမွှားသေစေတဲ့အစွမ်းသတ္တိက အဲ့သည့်ဧရိယာတဝိုက် သန့်စင်စေမယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် သွားတိုက်ဆေးက အသားအရေကို ခြောက်သွေ့စေနိုင်တာကြောင့် သည်နည်းကို အကြံမပြုလိုပါဘူး။
ဆားဝက်ခြံမဖြစ်အောင် ဘယ်လိုလုပ်ရမလဲ
ဘက်တီးရီးယားကြောင့် ဆားဝက်ခြံမဖြစ်အောင် လုပ်လို့ရမယ့်နည်းလမ်းတစ်ခုကတော့ အသားအရေကို သန့်ရှင်း အောင် ထားဖို့ပဲဖြစ်ပါတယ်။ လက်ဖက်ပင်အဆီလိုမျိုး သဘာဝပိုးသတ် သန့်စင်ဆေးတွေကို သံလွင်ဆီ၊ အုန်းဆီ၊ ဗာဒံစေ့ဆီတို့လိုအဆီတွေနဲ့ရောသုံးနိုင်ပါတယ်။ သံပုယိုရည်ကို ပျားရည်နဲ့ရောသုံးနိုင်ပါတယ်။
ဆားဝက်ခြံကို မညှစ်ဖို့လည်း သတိထားရပါမယ်။ ညှစ်ရင်းနဲ့ ပိုညစ်ပေပြီး အရေပြားထဲဘက်တီးရီးယား ဝင်ရောက်စေပြီး ရောင်ရမ်းမှုတွေဖြစ်လာစေနိုင်ပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”


