ဒေါက်တာသန်းဦး
“နာဂတ် သက်သေ၊ ကမ္ဘာကြေလည်း၊
မကျေ တို့စွာ၊ အံ့မောရာသည်၊
နောင်လာပြောဖို့၊ ဥဒါန်းတည်း။”
မန်လည်ဆရာတော်ဘုရားကြီး မဟာသုတကာရီ မဃဒေဝလင်္ကာသစ် အပုဒ် (၇၈)၊ စာ ၄၈။
၁။
သမိုင်းနောက်ခံ
မြန်မာနိုင်ငံတွင် မြန်မာ့သမိုင်း တစ်လျှောက် မြန်မာ့ဘုန်းတော်ကြီးကျောင်းများက ပညာသင်ကြား ပို့ချပေးခြင်း၊ အတတ်ပညာများကို သင်ကြားလေ့ကျင့်ပေးခြင်း၊ ကိုးကွယ်သည့် ဘာသာတရားနှင့်အညီ ယဉ်ကျေးအောင် ဆိုဆုံးမပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။ မြန်မာ့ဘုန်းတော်ကြီးကျောင်းများ၏ ကျေးဇူးတရားကြောင့် မြန်မာနိုင်ငံသားအများ စာတတ်ကြသည်။ ပညာတတ်ကြသည်၊ သက်မွေးဝမ်းကျောင်း အတတ်ပညာများလည်း တတ်မြောက်လာကြသည်။ မြန်မာတို့ ယဉ်ကျေးသိမ်မွေ့ကြသည်မှာ မြန်မာ့သမိုင်း၌ အထင်အရှားတွေ့ရှိခဲ့ရသည်။
တစ်ဆယ့်ရှစ်ရာစု၊ တစ်ဆယ့်ကိုးရာစုကာလတွင် အနောက်နိုင်ငံများမှ သာသနာပြုသူများ (MISSIONARY) မြန်မာနိုင်ငံသို့ ရောက်ရှိလာ၍ သာသနာပြုကြရင်း သာသနာပြုကျောင်းများ (MISSIONARY SCHOOLS) များ တည်ထောင်ဖွင့်လှစ်ကြ၍ ဘာသာတရား သင်ကြားမှုနှင့်အတူ အနောက်တိုင်း ယဉ်ကျေးမှုများ ပြန့်ပွားထွန်းကားလာခဲ့သည်။
အဆိုပါကာလအတွင်း အနောက်နိုင်ငံ များမှ အာရှသို့ နယ်သစ်ရှာလာကြသော ကုန်သည်များ (Merchants) သည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာ၍ ကုန်ရောင်းကုန်ဝယ်မှုပြုလာရင်း မြန်မာနိုင်ငံသားများနှင့် အငြင်းပွားမှု၊ အချင်းများမှုတို့ပင်လျှင် ရှိလာခဲ့သည်။
ထိုအငြင်းပွားမှု၊ အချင်းများမှုတို့ကို အကြောင်းပြု၍ အနောက်နိုင်ငံမှ နယ်ချဲ့သမားတို့သည် လက်နက်ကိုင်များ (Mililary) တပ်ဖွဲ့များ စေလွှတ်ကာ ကျူးကျော်စစ်များကို ဖန်တီး၍ လက်နက်အားကိုးဖြင့် သုံးကြိမ်တိုင် မြန်မာနိုင်ငံကို စစ်ပြုကျူးကျော် တိုက်ခိုက်သိမ်းပိုက်စိုးမိုးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည်လည်း ဆုံးရှုံးခဲ့ရသည်။ အထက်တွင် တင်ပြခဲ့သော M သုံးလုံးကို အထူးမှတ်သား သတိထားမိပါသည်။
ဗြိတိသျှနယ်ချဲ့သမားတို့သည် မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် ထာဝရကျွန်ပြု စိုးမိုးထားနိုင်ရေးအတွက် လော့မက်ကောလေး (Lord Macalay) (၁၈၃၅) ၏ ပညာရေးမူဝါဒအရ ကိုလိုနီပညာရေးစနစ်ကို သွတ်သွင်း ချမှတ်ကျင့်သုံး (၁၈၆၆) ခဲ့သည်။ ကိုလိုနီပညာရေးစနစ်ကြောင့် မြန်မာနိုင်ငံသား အများအပြားမှာ စာမတတ်ခြင်း၊ နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်များ တစ်စတစ်စ ခေါင်းပါးလာရခြင်း၊ ရောဂါဘယ ထူပြောလာခြင်း၊ ဆင်းရဲမွဲတေလာခြင်း တည်းဟူသော ဆိုးကျိုးအနိဋ္ဌာရုံများမှာ ဗြိတိသျှတို့လက်အောက် ကျွန်သဘောက်ဘဝတွင် တစ်နေ့တခြား တိုးပွားများပြားလာခဲ့ရပါသည်။
၂။
၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ဗုဒ္ဓဟူးနေ့တွင်၊ ကန့်ကွက်နေမှုများကြားက၊ ရန်ကုန်တက္ကသိုလ် ဥပဒေကို ဇွတ်အတည်ပြုခဲ့သည်။ ထိုဥပဒေအရ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ အင်္ဂါနေ့တွင် ရန်ကုန် တက္ကသိုလ်ကျောင်းကို ဖွင့်လှစ်ရန် ကြေညာသည်။ အဆိုပါ ရန်ကုန်တက္ကသိုလ် ဥပဒေကို လက်မခံနိုင်သည့် သပိတ်မှောက်ကောလိပ် ကျောင်းသားကြီးများ (ဘွိုင်ကော်တာများ) က တက္ကသိုလ်ကျောင်း မဖွင့်မီ နှစ်ရက်စော၍ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၅) ရက် တနင်္ဂနွေနေ့တွင် စတင်သပိတ်မှောက်၍ တက္ကသိုလ်ကျောင်းမှ ထွက်ခွာလာခဲ့ကြသည်။
ထိုနေ့သည်ကား မြန်မာနိုင်ငံသမိုင်းနှင့် မြန်မာ့ပညာရေးသမိုင်းတွင် အဓိကရ ထင်ထင်ရှားရှား၊ သမိုင်းတွင်ရစ်သည့်၊ သမိုင်းတင်ထားရသည့် သမိုင်းဝင်နေ့ကြီးတစ်နေ့ဖြစ်လာပါသည်။ ထိုနေ့ကိုပင် အကြောင်းပြု၍ နောင်တွင် မြန်မာနိုင်ငံ၌ “အမျိုးသားနေ့” (နေရှင်နယ်ဒေး) (National Day) အဖြစ် အညီအညွတ် သတ်မှတ်ခဲ့၍ နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့ကို မပျက်မကွက် ကျင်းပလျက်ရှိပါသည်။
၃။
ရန်ကုန်တက္ကသိုလ် ပထမကျောင်းသားသပိတ် လှုပ်ရှားမှုကြီး၏ ရလဒ်အဖြစ် အမျိုးသားရေးစနစ်ကြီး၏ အမြုတေဟု ဆိုအပ်သော “အမျိုးသားကျောင်း” အမျိုးသားပညာရေးဗိမာန်ကို သပိတ်မှောက် ကျောင်းသားကြီးများက ဦးစီးဦးဆောင်ပြုကာ ဗဟန်းကျောင်းတော်ရာ၊ ရွှေကျင်တိုက်၊ ဦးအရိယ ကျောင်းတွင် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် နတ်တော်လဆန်း (၇) ရက်။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ (၁၇) ရက် သောကြာနေ့ နံနက် ၁၀ နာရီတိတိအချိန်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။
ထိုနေ့သည်ကား မြန်မာနိုင်ငံတွင် “အမျိုးသားကျောင်း” ကို စတင်ထူထောင်သော နေ့ထူးနေ့မြတ် တစ်ရပ်ဖြစ်လာပါသည်။
“မင်္ဂလာ မြန်မာတိုင်းတွင်ဖြင့် ကောင်း မြတ်ဖို့ ထူ” ဟူသော အမျိုးသားကျောင်းဘွဲ့ မင်္ဂလာစည်တော်၌ သမိုင်းဝင်မှတ်တမ်း တင်ထားခဲ့ပါသည်။
“မြို့မတိုင်းရင်းသား အထက်တန်းကျောင်း” ဟူသော အမည်သစ်ကိုမူ မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် ပြာသိုလပြည့်ကျော် (၇) ရက်၊ ၁၉၂၁ ခုနှစ် မတ်လ (၁) ရက် အင်္ဂါနေ့၌ ခံယူကြောင်း သမိုင်း အထောက်အထားများ တွေ့ရှိရသဖြင့် ထပ်လောင်းသိရှိ မှတ်သားထားရပါသည်။
မြို့မ အမျိုးသားကျောင်း ထူထောင်မှုနှင့် မရှေးမနှောင်းကာလအတွင်း နိုင်ငံတစ်ဝန်း၌ သပိတ်မှောက် ကျောင်းသားကြီးများ၏ ဦးစီးဦးဆောင်မှုဖြင့် အမျိုးသားကျောင်းပေါင်း (၉၃) ကျောင်း ပေါ်ထွန်းလာခဲ့ပါသည်။ ဝမ်းမြောက်ဂုဏ်ယူဖွယ် ကောင်းလေစွ။
၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသား ပထမသပိတ်မှောက်မှုနှင့် တစ်ဆက်တည်း သပိတ်မှောက် ကျောင်းသားများ တက္ကသိုလ် ဆက်မတက်ဘဲ အမျိုးသားကျောင်းများ နိုင်ငံတစ်ဝန်း ထူထောင်မှုသည်-
(က) နယ်ချဲ့ဗြိတိသျှတို့အား၊ မြန်မာတို့ ၏ မဟုတ်မခံ သူ့ကျွန်မခံ၊ အုံကြွတွန်းလှန်မှုဖြင့် ပထမအကြိမ် စိန်ခေါ်လိုက်သည့် လှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်လာသောကြောင့် နယ်ချဲ့ဗြိတိသျှတို့အဖို့ များစွာတုန်လှုပ် ချောက်ချားသွားစေသည့် ပထမအကျိုးတရား သည် ထင်ရှားပေါ်ထွက်လာစေခဲ့သည်။
(ခ) သွေးအေးနေသော၊ မီးခဲပြာဖုံးဖြစ်နေသော မြန်မာတစ်မျိုးသားလုံးအား ဤတက္ကသိုလ်ကျောင်း သားသပိတ် (တစ်နိုင်ငံလုံးရှိ အခြေခံပညာသင် ကျောင်းသားများပါ ပါဝင်သပိတ်မှောက်မှု) ကြီးက တိုက်ပွဲခေါ်သံအဖြစ် တစ်မျိုးသားလုံးကို လှုပ်နှိုးတပ်လှန့်လိုက်မှုဖြင့် ဝံသာနုရက္ခိတတရား၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်တို့ကို ထက်သန်လာစေသည့် ဒုတိယအကျိုးတရားတစ်ရပ် ထင်ရှားထွက်ပေါ်လာစေခဲ့သည်။
ဤပထမသပိတ်မှောက်မှုနှင့် အမျိုးသားကျောင်းများ ထူထောင်မှု၏ အကျိုးရလဒ်သည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေး၊ လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားရေးတို့အတွက် ကြီးမားသော မောင်းနှင်အား (Drive) တစ်ရပ်လည်း ဖြစ်လာပေသည်။ ဤသို့ သုံးသပ်ရရှိပါသည်။
ရာပြည့်အမျိုးသားကျောင်း
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ (၁၇) ရက်၊ သောကြာနေ့တွင် ကောင်းစွာ သန္ဓေတည် မွေးဖွားခဲ့သည့် “မြို့မ အမျိုးသားကျောင်း” ကြီးသည် လာမည့် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ (၂၀) ရက်၊ တနင်္ဂနွေနေ့တွင် ကျောင်း သက်တမ်းအားဖြင့် “နှစ်တစ်ရာ” တိတိပြည့်မည် ဖြစ်ပါသည်။
ဤကြုံတောင့်ကြုံခဲလှ၊ ဆုံတောင့်ဆုံခဲလှသော “မြို့မအမျိုးသားကျောင်း ရာပြည့်” အထိမ်းအမှတ် အခမ်းအနားကို “ရာပြည့်သဘင်” အဖြစ် အထူးအမှတ်တရအနေဖြင့် ခြိမ့်ခြိမ့်သဲသဲ၊ တစ်ခဲနက် ဆင်နွှဲကျင်းပကြရမည်သာ ဖြစ်ပါကြောင်း...။
၄။
“မြို့မအမျိုးသားကျောင်း” ကြီးကို ထိုကဲ့သို့ စတင်ထူထောင်၍ နှစ်ပေါင်းတစ်ရာ ကာလတစ်လျှောက် ယခုကဲ့သို့ မားမားမတ်မတ် ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နိုင်လာခဲ့မှုကို ယခုအခါ ကောင်းစွာ ပြန်လည်သတိတရ ဆန်းစစ်သုံးသပ် မှတ်တမ်းတင်မှုပြုလုပ်အပ်ပါသည်။
“မြို့မအမျိုးသားကျောင်း” (၁၉၂ဝ ပြည့်နှစ်) အဖြစ် စတင်ရပ်တည်လာစဉ်က မြို့မအမျိုးသားကျောင်း၏ ပတ်လည်ဝန်းကျင်၌ စိန့်ပေါ၊ စိန့်ဂျွန်၊ စိန့်မေရီ၊ စိန့်ဖင်နိုမင်နာ စသည့် စိန့်သာသနာပြု ပုဂ္ဂလိကကျောင်းများ၊ ဘက်ပတစ် မက်သဒစ် စသည့် သာသနာပြု ပုဂ္ဂလိကကျောင်းများ၊ ဗဟိုအစိုးရ အထက်တန်းကျောင်းကဲ့သို့သော အစိုးရကျောင်းများ ဝိုင်းဝိုင်းလည် တည်ရှိနှင့်ပြီး ဖြစ်နေသည်။ ထိုထိုသော ပုဂ္ဂလိက ကျောင်းများနှင့် ရင်ဆိုင်ယှဉ်ပြိုင် နေရပါသည်။ ထိုထိုသော ပုဂ္ဂလိက နှင့် အစိုးရကျောင်းများ၏ အလယ်တွင် တင့်တင့်တည်တည် ထည်ထည်ဝါဝါ မားမားမတ်မတ် ထီးထီးကြီး ကြံ့ကြံ့ခိုင်ခိုင် ရပ်တည် ရှင်သန်နိုင်အောင်၊ ကြီးထွား၊ ကြီးမားသော အောင်မြင်မှုကို ရရှိနိုင်အောင်၊ သတ္တိရှိရှိ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စွမ်းအား၊ စွမ်းပကားတို့ဖြင့် စွမ်းစွမ်းတမံ အထူးကြိုးစားကာ အားသွင်း၊ အားထည့်၊ အားထုတ်ခဲ့မှု ဆောင်ရွက်မှု အရပ်ရပ်ကို ယခုအခါ “ခါချိန်တန်သင့်၊ ပန်းနှယ်ပွင့်” ဟူသော ဆိုရိုးစကားနှင့်အညီ မြန်မာ့အမျိုးသားဂုဏ်ရောင်ကို ထွန်းပြောင်စေသည့် ဂုဏ်ဆောင်ကျောင်းတော်ကြီးအဖြစ် ကျောင်းတော်ကြီး၏ ရာပြည့်ကာလသမယ၌ နှစ်ထောင်းအားရ၊ ဝမ်းမြောက်ဝမ်းသာ နှစ်နှစ်ကာကာ ဂုဏ်ပြုအပ်ပါသည်။
မြို့မအမျိုးသားကျောင်းတံဆိပ် (Logo) တွင် တံဆိပ်၏ ထိပ်ဆုံး၌ “ပညာရဲရင့်ပွဲလယ်တင့်” ဟူသော စာသားပါရှိသည်။ ထိုစာသားအောက်တွင် ကမ္ဘာ့အထိမ်းအမှတ်ဖြစ်သော နေ (ဒေါင်း)၊ လ (ယုန်) ရုပ်တို့ကို ဒိုင်းပေါ်တွင်တင်၍ ဖော်ပြထားပါသည်။ ဒိုင်းကြီး၏ အတွင်းထိပ်တွင် “Knowledge is Power” ဟူသော စာသားကိုလည်း ဖော်ပြထားသည်။ ဒိုင်းကြီး၏အတွင်း၌ မြို့မအမျိုးသမီး အမျိုးသားကျောင်း ရန်ကုန်ဟူသော စာသားကိုလည်း ဖော်ပြထားသည်။ ဒိုင်းကြီး၏ တစ်ဖက်တစ်ချက်၌ အားမာန်အပြည့် သတ္တိရှိရှိဖြင့် မျက်နှာချင်းဆိုင်အသင့် ရင်ဆိုင်ထိုင်နေကြသော ခြင်္သေ့ရုပ်ကြီးနှစ်ရုပ် ပါရှိပါသည်။ ထိုကျောင်းတံဆိပ် အောက်ပိုင်း၌မူ “MYOMA CO- EDUCATIONAL SCHOOL” ထိုအောက်၌၊ RANGOON ဟူသော အင်္ဂလိပ်စာသားကိုပါ ဖော်ပြပါရှိထားသည်။ မြို့မအမျိုးသား ကျောင်းတံဆိပ်သည် ကျောင်း၏ အနှစ်သာရကို လိုရင်းတိုရှင်း ဖော်ဆောင်ထားခြင်း ဖြစ်ပေသည်။
မြို့မ အမျိုးသားကျောင်း၏ ပညာရေးဆောင်ပုဒ် - သုံးခု
“ပညာရဲရင့် ပွဲလယ်တင့်”
“ပညာရွှေအိုး လူမခိုး”
“ပညာမျိုးသာ ကိုယ့်ဥစ္စာ”
“မြို့မ အမျိုးသားကျောင်း” ကြီးသည် မြန်မာတစ်မျိုးသားလုံး၊ ကြီးစွာ မြတ်နိုးလေးစား တန်ဖိုးထားသည့် “ပညာ” တည်းဟူသော ရတနာကို၊ အလေးအနက်ထားသည့် စာစကား ဆောင်ပုဒ်များဖြစ်ကြသော- “ပညာရဲရင့် ပွဲလယ်တင့်၊ “ပညာရွှေအိုး လူမခိုး”၊ “ပညာမျိုးသာ ကိုယ့်ဥစ္စာ” ဟူသည့် မြန်မာ့နှလုံးသား၌ ထာဝရစွဲမြဲစွာ ထည့်သွင်းကိန်းအောင်းစေသည့်၊ ဦးထိပ်၌လည်း ပန်ဆင်စေသည့် “ဆောင်ရန်” တို့ကို ဆောင်ပုဒ်များအဖြစ် စွဲမြဲစွာ ဆောင်စေခြင်း ဖြစ်ပါပေသည်။
မြို့မ အမျိုးသားကျောင်း အဓိဋ္ဌာန်
“အမျိုးသားကျောင်း တို့ကျောင်း
တို့ကောင်းအောင်
ကြိုးစားမည်။
အနာဂတ် မျိုးဆက်သစ်
တို့ဖြစ်ရမည်။
မျိုးချစ်စိတ်၊ အခြေတည်
စွမ်းဆောင်ရည်မြင့်မား
စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့်
ရှေးအစဉ်အလာ ထိန်းသိမ်းကြ
မြို့မကျောင်းသား။”
ဤ မြို့မ အမျိုးသားကျောင်း အဓိဋ္ဌာန် သည်လည်း “မြို့မစိတ်ဓာတ်” ဖြစ်သော မိမိတို့ အမျိုး(တစ်မျိုးသားလုံး) (ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး)၊ မိမိတို့အားလုံး၏ အကျိုးကို ကောင်းစွာသယ်ပိုးကြရာ၌ ကောင်းမြတ်သော အစဉ်အလာနှင့်အညီ ဝံသာနုရက္ခိတတရား အရင်းခံအခြေခံထားကာ စဉ်ဆက်မပြတ် လက်ဆင့်ကမ်း ထမ်းဆောင်သယ်ဆောင်သွားကြမည့် အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာတို့ကို အစဉ် ထာဝရ ထိန်းသိမ်းစောင့်ရှောက်သွားကြမည် ဟူသော ရဲရဲတောက် အဆုံးအဖြတ်ဖြင့် အခိုင်အမာ၊ အညီအညွတ် ရွတ်ဆို “အဓိဋ္ဌာန်” ပြုထားခြင်း ဖြစ်ပါသည်။
ဤ “မြို့မစိတ်ဓာတ်” သည် “မိသားစု စိတ်ဓာတ်” ဖြစ်သည်။ တစ်နည်းအားဖြင့် “ပြည်ထောင်စု စိတ်ဓာတ်” ပင် ဖြစ်ပါသည်။
မြို့မအမျိုးသားကျောင်း တူညီဝတ်စုံ
မြို့မ အမျိုးသားကျောင်း၌ ပညာရည်နို့ သောက်စို့ကြရသည့် ကျောင်းသား ကျောင်းသူအားလုံး၊ ပညာသင်ကြား ပို့ချနေကြသည့် ဆရာကြီးနှင့်အတူ ဆရာ ဆရာမများ အားလုံးသည် တစ်စိတ်တည်း တစ်ဝမ်းတည်း တစ်သဘောတည်း တူတူညီညီ ရှိကြသည်ဟူသော အထိမ်းအမှတ် အမှတ်အသားအဖြစ် တူညီ ဝတ်စုံကို သတ်မှတ်ဝတ်ဆင်ကြပါသည်။
မြို့မအမျိုးသားကျောင်း၏ တူညီဝတ်စုံ (Uniform) မှာ လုံချည်၊ ထဘီ အစိမ်း၊ အင်္ကျီ အဖြူ၊ တိုက်ပုံ ပင်နီတို့ ဖြစ်ပါသည်။
(ဤစာရေးသူသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူစဉ်က အခြေခံပညာကျောင်း ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ အားလုံး လုံချည်၊ ထဘီ၊ အစိမ်း ကျောင်းတူညီဝတ်စုံအဖြစ် ဝတ်ဆင်ကြရန် သတ်မှတ်ပေးခဲ့ပါသည်။)
မြို့မ အမျိုးသား အထက်တန်းကျောင်း (ယခုလက်ရှိကျောင်း) သည် သုံးထပ်ကျောင်းဆောင် ဖြစ်ပါသည်။ မြန်မာမူဟန်အပြည့်နှင့် တည်ဆောက်ထားသည့် ဘုံဆင့်ပြာသာဒ်နှင့် မြန်မာဗိသုကာလက်ရာ မြောက်သော မြန်မာ့ဂုဏ်ဆောင် ကျောင်းဆောင်လည်း ဖြစ်ပါသည်။ အဝေးကပင် မြင်နိုင်ပါသည်။ ကျောင်းအိပ် ကျောင်းစား နေထိုင်ရန် ဘော်ဒါဆောင်လည်း တစ်ပါတည်း ပါရှိပါသည်။ ကျောင်းအင်္ဂါရပ်နှင့် ကုံလုံပြည့်စုံသော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။
ဤ “မြို့မအမျိုးသားကျောင်း” မိခင်ကျောင်းတော်ကြီးက စဉ်ဆက်မပြတ် မွေးထုတ်ပေးခဲ့သော ပြုစုပျိုးထောင်ပေးခဲ့သော မြို့မကျောင်းသား၊ ကျောင်းသူများအားလုံးသည် မိခင်၏ သားကောင်း၊ မိခင်၏ သမီးမွန် ပီသစွာ –
လွတ်လပ်ရေးမရမီကာလ
(၁၉၂ဝ မှ ၁၉၄၈ အထိ) (၂၈ နှစ်)
မြန်မာနိုင်ငံ သူ့ကျွန်ဘဝမှ လွတ်မြောက် ရေး၊ လုံးဝလွတ်လပ်မှု ရရှိရေးတို့အတွက် ရှေ့တန်းမှ လည်းကောင်း၊ နောက်တန်းမှလည်းကောင်း ကြိုးပမ်းအားထုတ်ကြရာ၌ ထူးထူးချွန်ချွန်၊ ထက်ထက်မြက်မြက်၊ စွမ်းစွမ်းတမံ၊ ထင်ထင်ရှားရှား၊ ကြိုးစား အားထုတ်ခဲ့ကြပါသည်။
လွတ်လပ်ရေးရပြီးကာလ
(၁၉၄၈ မှ ၂၀၂၀ အထိ) (၇၂ နှစ်)
အသက်၊ ချွေးတို့ဖြင့် စတေး၍ ရယူထားသော မြန်မာ့အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ကို အဓွန့်ရှည်စွာ တည်တံ့စေအံ့သောငှာ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေအံ့သောငှာ ရှေ့တန်းမှလည်းကောင်း၊ နောက်တန်းမှ လည်းကောင်း ပါဝင်ကြိုးပမ်း အားထုတ်ကြရာ၌ ကျရာနေရာမှ ကျရာတာဝန်တို့ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် နိုးနိုးကြားကြား ရိုးရိုးသားသား ကြိုးကြိုးစားစား၊ ဆောင်ရွက် အားထုတ်မှုပြုကြသူများလည်း ဖြစ်ကြပါသည်။
သို့ဖြစ်၍ “မြို့မ အမျိုးသားကျောင်း” မိခင်ကျောင်းတော်ကြီး၏ ရာပြည့်အထိမ်း အမှတ်အဖြစ် အမှတ်တရ တင်ပြအပ်သော ဤတင်ပြချက်ကို “မြို့မကျောင်းဘွဲ့ သံချပ်” ဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပါ သတည်း...
မြို့မကျောင်းဘွဲ့သံချပ်
မိုး၊ မိုး၊ မိုး လား မောင်တို့
လေ၊ လေ၊ လေ လား မောင်တို့
မြို့မ ကျောင်းကြီး ကျက်သရေ
ကမ္ဘာသင်္ချေ ပြောလို့မဆုံး
ကျောင်းတော်ပြီးလို့ လွန်စွာကျယ်၊
ဝံသာအနွယ် ကောင်းဖို့ပါပဲ။
တိုက်ကျောင်းသစ်နှင့် ကျက်သရေ ဆောင်
တက်နေအရောင် ထွန်းတဲ့ ကျောင်း ကြီး၊
ဆရာကြီးဘွဲ့ ဦးဘလွင်
အထူးစတင် ဆောက်တဲ့ကျောင်းဗျ။
မြို့မကျောင်းနှင့် ဂုဏ်ထူးဆောင်
မကြုံဖူးအောင် ထူးတဲ့ကျောင်းပဲ၊
ယိုင်းပင်းကြပါ မျိုးမြန်မာ
တန်ခိုးပါဝါ ရှိဖို့ပါပဲ။
ဝံသာနုနှင့် ရက္ခိတာ
စိတ်ကျေနပ်စွာ စောင့်တဲ့ ကျောင်း သား
လုံချည်စိမ်းနှင့် ပင်နီဖြူ
ရွှေပြည်တော်သူ ကြိုက်တဲ့ အဆင်ပဲ။
တိုက်ကျောင်းဖွင့်တဲ့ နေရှင်နယ်
ဖွေသင်တကယ် ကောင်းတဲ့ ကျောင်း ကြီး။
မြို့မအမျိုးသားကျောင်းတော်ကြီး၊ ကမ္ဘာ တည်သရွေ့၊ အဓွန့်ရှည်စွာ၊ တည်ပါစေ ကြောင်း၊ ဆုမွန်ကောင်း၊ တောင်းအပ်ပါ သတည်း ....။ ။
ဆောင်းပါးရှင် ဆရာကြီး ဒေါက်တာ သန်းဦး၏ ကိုယ်ရေးအကျဉ်း
၁၉၅၀ ရန်ကုန်တက္ကသိုလ်၊ ဘီအေ (အီးဒီ) ဘွဲ့
၁၉၅၄ ကျောင်းအုပ်ကြီး၊ အထက၊ ပုတီးကုန်း၊ ပြည်ခရိုင်
၁၉၆၀ ဘီအီးဒီဘွဲ့ မဟာသရေ စည်သူ ဒေါက်တာ ဦးဘ၏ ပထမရွှေ တံဆိပ်ဆုကို ဝန်ကြီး ချုပ်ဦးနုက ချီးမြှင့်ခဲ့
၁၉၆၀ ကျောင်းအုပ်ကြီး၊ အထက၊ အုတ်ဖို၊ သာယာဝတီခရိုင် အမ် အီးဒီဘွဲ့ (အမေရိကန် ပြည်ထောင်စု ဟာဝိုင်ရီ တက္ကသိုလ်)
၁၉၆၃ လက်ထောက် အုပ်ချုပ်ရေးမှူး၊ ပညာမင်းကြီးရုံး
၁၉၆၄-၁၉၆၅ ကျောင်းအုပ်ကြီး၊ ပုသိမ်ဆရာအတတ်သင်ကျောင်း
၁၉၆၆-၁၉၇၇ လက်ထောက် သုတေသနအရာရှိမှ ဥက္ကဋ္ဌ ရာထူးအထိ ထမ်းဆောင်၊ မြန်မာနိုင်ငံပညာရေး သုတေသန အဖွဲ့/ ဦးစီးဌာန
၁၉၇၇-၁၉၈၅ ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီး ဌာန
၁၉၉၉ မြန်မာနိုင်ငံ ပညာရေးဌာနသမိုင်းစာအုပ် ဖြင့် (အမျိုးသားစာပေ ဆုရ)
၁၉၉၉-၂၀၁၃ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့
၁၉၉၉- ယနေ့အထိ ဥက္ကဋ္ဌ၊ ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့
၁၉၉၉- ယနေ့အထိ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန
၂၀၁၅-ဇန်နဝါရီ ရန်ကုန် တက္ကသိုလ် Doctor of Letters (Honoris Causa) ဘွဲ့
၂၀၁၅-မေ အမေရိကန်နိုင်ငံ ဟာဝိုင်ရီ တက္ကသိုလ် Doctor of Humane Letters, (Honoris Causa) ဘွဲ့
၂၀၁၅-ဇွန် နိုင်ငံတော် သမ္မတ၏ ပညာရေး အကြံပေးအဖွဲ့ အဖွဲ့ဝင်
၂၀၁၈ ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာ စာပေဆုရ


