တက္ကသိုလ်ဝင့်မာ

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်ပွဲ ဆင်နွှဲဖို့  အားခဲ ထားခဲ့ပါတယ်။ ကပ်ရောဂါဆိုးကြီး ကိုဗစ်-၁၉ ဖြစ်ပွား မှုကြောင့်   ခမ်းနားကြီးကျယ်စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ပေမယ့် တတ်စွမ်းသလောက်  ကြိုးပမ်း ဆောင်ရွက်ခဲ့တာမို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။  ရန်ကုန် တက္ကသိုလ်နဲ့ ဆက်နွှယ်တဲ့ ကျွန်မဘဝရဲ့ အချိုးအကွေ့၊ အကောက်အဖြောင့်များကို ငဲ့စောင်းကြည့်မိပါတယ်။
တက္ကသိုလ်ကျောင်းသူမဖြစ်ခင်         ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း (ပြည်လမ်း တီတီစီ) မှာ   ပညာသင်နေတုန်းက    တက္ကသိုလ်နယ်မြေမှာ ပွဲသဘင်ဆင်ယင်ကျင်းပပုံတွေကို အဝေးက  ငေးမော ခဲ့ရတာတွေ၊  သထုံလမ်း အခုအဝေးသင်တက္ကသိုလ်ဂိတ်ဝနဲ့  မျက်နှာချင်းဆိုင်မှာရှိတဲ့   နယ်မြေအင်ဂျင်နီယာရုံးရှေ့  တဲတန်းရှည်ကြီးမှာ ဆရာဦးခင်မောင်လတ် - ဒေါ်ခင်မျိုး ချစ်တို့နေတုန်းက   အဲဒီမှာရှိနေတဲ့    ကဗျာဆရာမ ကြည်အေးကို      အတန်းဖော်    ဒေါက်တာချိုနွယ်ဦး (အမေရိကန်မှာ ကွယ်လွန်)၊ မော်ဝါတို့နဲ့အတူ  ကဗျာရူး   စာရူး ကျွန်မတို့ မုန့်စားလွှတ်ချိန်မှာသွားပြီး ငေးရတာ တွေလည်း သတိတရရှိလှပါတယ်။
တက္ကသိုလ် ကျောင်းသူဘဝ
၁၉၅၄ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး ရန်ကင်း ကောလိပ်နဲ့ ထီးတန်းကောလိပ်တွေ စဖွင့်တဲ့ ပထမ နှစ်ဝက် ရန်ကင်းကောလိပ် (ယခု အထက- ၁ ရန်ကင်း)   မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ    ရန်ကုန်တက္ကသိုလ်    ပထမဦးဆုံး ပါမောက္ခချုပ် ဒေါက်တာထင်အောင် မိန့်ခွန်း ပြောကြားတာတွေ၊ ဒုတိယနှစ်ဝက်မှာ ရန်ကင်းကောလိပ် က   ကျွန်မတို့   ဝိဇ္ဇာသမားတွေ  ထီးတန်းကောလိပ် သွားတက်ရတာတွေလည်း အမှတ်ရနေပါတယ်။ ဥပစာ(ခ) တန်းရောက်မှ  ကမာရွတ်နယ်မြေ   ရန်ကုန်တက္ကသိုလ် မှာ ပညာသင်ရပါတယ်။    အဲဒီတော့မှပဲ  တက္ကသိုလ် ကျောင်းသူဘဝ စစ်စစ်ဖြစ်တယ်လို့ ခံစားရပါတယ်။
အဲဒီတုန်းက ကျွန်မရဲ့မြန်မာစာဆရာတွေကတော့ မြန်မာစာပါမောက္ခ ဦးဧမောင် (၁၉၀၅-၁၉၈၅)၊ ဆရာ ဦးကျော်ရင် [မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် (၃၀-၃-၁၉၆၆) ကွယ်လွန်]၊ ဆရာဦးမောင်မောင်ကြီး [တက္ကသိုလ် မောင်မောင်ကြီး (၁၉၈၂ ကွယ်လွန်)]၊  ဆရာဦးအောင်မိုး (ပါဠိပါရဂူ၊ ၁၉၉၁ ကွယ်လွန်)၊ ဒေါ်သန်းဆွေ (ပထမ  ဦးဆုံးအမျိုးသမီး မြန်မာစာပါမောက္ခ) (၁၉၂၀-၂၀၀၂ ကွယ်လွန်)၊ ဒေါ်ခင်စော (ပါမောက္ခ/ဌာနမှူး၊ မန္တလေး တက္ကသိုလ် ၁၅-၅-၂၀၁၀ ကွယ်လွန်)တို့ ဖြစ်ကြပါတယ်။  ကျေးဇူးရှင်ဆရာကြီး ဆရာမကြီးများအားလုံး စာသင် ကောင်းကြပြီး   စေတနာပြည့်ဝသူများ   ဖြစ်ပါတယ်။ ဆရာတွေနဲ့ပတ်သက်တဲ့         အမှတ်တရတွေလည်း မမှိန်မပြယ်ရှိနေဆဲပါ။     ပါမောက္ခဆရာဦးဧမောင်က  နှုတ်နဲ့ နည်းပြခန့်လိုက်လို့ ကျွန်မတက္ကသိုလ်ဆရာမဘဝ ရောက်ခဲ့ရတာပါ။
ပထမ တိပိဋက မင်းကွန်းဆရာတော်ကြီးနဲ့ ရဟန်း ဘဝက  စာဝါအတူတူလိုက်ခဲ့ဖူးတဲ့   ပါဠိပါရဂူဆရာ ဦးအောင်မိုးဆီ  ပျို့တွေထဲက  မသိတဲ့ ပါဠိစကားလုံးတွေ မေးဖို့   ကျွန်မတို့   ဆရာ့အခန်းသွားတဲ့အခါ   ဆရာက “ရှင်မာလေးတို့    လာကြလာကြ”ဆိုကာ   လက်ထဲက ဖတ်လက်စ  The  Nation    အင်္ဂလိပ်စာသတင်းစာကို ဘေးချပြီး     မေးသမျှ   ရှင်းပြပေးပါတယ်။   ဆရာ့ရဲ့ “ရှင်မာလေး” ဆိုတဲ့   အခေါ်ထူးသံလေးကို    အခုတိုင် ကြားနေဆဲပါ။  ဆရာ ဦးကျော်ရင်ကတော့  ပြုံးလိုက်ရင် ပါးချိုင့်ကလေးပေါ်ပြီး       အလွန်နှစ်လိုဖွယ်ရှိပါတယ်။ ကျွန်မတို့ ၁၉၆၀ ပြည့်နှစ်  စထရင်းဟိုတယ်မှာ   ထိမ်းမြား လက်ထပ်ပွဲကျင်းပတဲ့နေ့မှာ ညတော်တော်မိုးချုပ်ကျတော့ ဆရာဦးကျော်ရင်နဲ့အဖွဲ့ ကျွန်မတို့ ၂၈၁ ရွှေဂုံတိုင်အိမ်ခြံဝ ကနေပြီး ခဲဖိုးပေးဖို့ ရခိုင်သံဝဲဝဲနဲ့ အော်တောင်းလို့  ခဲဖိုးငွေ ကန်တော့လိုက်ရပါတယ်။   ဆရာ့ရဲ့   ရိုးသားပွင့်လင်းတဲ့ စရိုက်သဘာဝကို   မေ့မရနိုင်အောင်ပါပဲ။  ဦးခင်အေး (မောင်ခင်မင်- ဓနုဖြူ)  မြန်မာစာဌာနမှာ ဆရာဖြစ်လာတဲ့ အခါ      ဆရာမကြီးဒေါ်သန်းဆွေက “မောင်ခင်အေးကို မြန်မာစာဌာနကရတာ  အရတော်ပေတယ်”လို့  မှတ်ချက် ချပါတယ်။ ဆရာမကြီးရဲ့ မှတ်ချက်က  မှန်လွန်းပါတယ်။ 
ဆရာမကြီး ဒေါ်ခင်စောက မဟာဝိဇ္ဇာကို  ရေးဖြေနဲ့  ဘွဲ့ယူသူဖြစ်ပါတယ်။  လူတော်တော်များများ မသိတဲ့ အချက်က ဆရာမကြီး ဥပစာတန်းကျောင်းသူတုန်းက ဘာသာပြန်ပြိုင်ပွဲမှာ     ဦးဘေမောင်တင်ဆု  ရခဲ့တာပါ။ ဘာသာပြန်ပထမဆုပါ။      ဆုအဖြစ်ရတဲ့   စာအုပ်က  ဒေါက်တာထင်အောင်ပြုစုတဲ့ Burmese Drama စာအုပ်ပါ။ သူ့အကြိုက်စာအုပ်ဖြစ်လို့  အမြတ်တနိုး  နှစ်ရှည်လများ သိမ်းထားရာက ၂၀၀၄ ခုနှစ်မှာ ကျွန်မဆီကို လူကြုံ ဒေါက်တာထွန်းတင့်နဲ့ မန္တလေးကနေ လက်ဆောင်ပို့ပေး လိုက်တာပါ။ စာအုပ်ဖွင့်ဖွင့်ချင်း စာမျက်နှာမှာပဲ ---
တက္ကသိုလ်ကျောင်းတိုက်
မြန်မာအသင်း
၁၃၀၁ ခု
ဦးဘေမောင်တင်ဆု
ဘာသာပြန်ပထမရသူ   မခင်စော  ဥပစာတန်းမြင့် 
ထွန်းတင်                    ဆရာလင်း 
အကျိုးဆောင်              ဥက္ကဋ္ဌ
ပြာဆုတ် ၁၅၊ ၁၃၀၁ ခုလို့ရေးထားတဲ့ ဆုလက်မှတ် စာရွက် ကပ်ထားပါတယ်။ အောက်နားမှာတော့-
မာလေးသို့ အမှတ်တရလက်ဆောင်
 မခင်စော
 ၆-၁-၂၀၀၄ လို့ရေးထားပါတယ်။
အကျိုးဆောင်ထွန်းတင်ဆိုတာ စာရေးဆရာ မန်းတင် ဖြစ်ကြောင်း၊ ၁၉၃၉ ခုနှစ်ကဖြစ်ကြောင်း  ဆရာမကြီးက ရှင်းပြပေးထားပါသေးတယ်။
စနစ်သစ်ပညာရေးအစ  ရန်ကုန်တက္ကသိုလ်  သိပ္ပံ ဆောင် သစ်ပုပ်ပင်ဘက်ခြမ်း တောင်ပံမှာရှိတဲ့ မြန်မာစာ ဌာနကို    တောင်ငူဆောင်ဘက်    ပြောင်းရွှေ့ရတုန်းက ပါမောက္ခ ဆရာဦးမောင်မောင်ကြီးက ဌာနစာကြည့်တိုက်ရှိ အဖိုးတန်စာအုပ်တွေ သယ်ဖို့ “စောကြည်ကြည်နဲ့ မာလေး  နင်တို့လုပ်ကြ”လို့ တာဝန်ပေးပါတယ်။ ဌာနက ဆရာတွေရဲ့  ပုဆိုးတွေကို လိုက်စုပြီး စာအုပ်တွေထုပ်၊ ချယ်ဂါရီလှည်းနဲ့ တောင်ငူဆောင်ကို  သယ်ရပါတယ်။  နတ်ရှင်နောင်ကဗျာ တွေကို အလွန်နှစ်သက်တဲ့ ကျွန်မက ဆရာဦးမောင်မောင်ကြီး ကို မြန်မာစာဌာန    တောင်ငူဆောင်ပြောင်းရတာ  ဝမ်းသာ လိုက်တာဆရာရယ်လို့ ပြောမိပါသေးတယ်။ တောင်ငူဆောင်  နဲ့ မြန်မာစာ အတွဲအဖက်အပ်စပ်လိုက်ဖက်လှပါတယ်။
ကျွန်မတို့    ဘွဲ့ယူတဲ့   ရန်ကုန်တက္ကသိုလ်  ၁၈-၁၂-၁၉၅၉  ရက်နေ့    ဘွဲ့နှင်းသဘင်က     ထူးခြားပါတယ်။   အိမ်စောင့်အစိုးရကာလဖြစ်ပြီး        မေမြို့စစ်တက္ကသိုလ် အပတ်စဉ်-၁ (1st intake) ဗိုလ်တွေနဲ့ အတူတူ တက်ရ ပါတယ်။ တက္ကသိုလ်အဓိပတိ၊  ဝန်ကြီးချုပ်  ဗိုလ်ချုပ်ကြီး နေဝင်းက   စစ်တက္ကသိုလ်ဆင်းဗိုလ်တွေကို   ဘွဲ့လက်မှတ် ပေးပါတယ်။   အဲဒီဘွဲ့နှင်းသဘင်မှာ   ကျွန်မနဲ့အတူတူ  ဘွဲ့ယူခဲ့သူတစ်ဦးကတော့    သူငယ်ချင်း    ဦးစိုးဝင်း   (ယခု ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန) ဖြစ်ပါတယ်။ 
ရန်ကုန်တက္ကသိုလ်က      ဝိဇ္ဇာဘွဲ့ရပြီးတဲ့နောက် မြန်မာစာဌာနမှာ  တစ်ရက်တာ   လုပ်ခွင့်ရတာတောင် ကျေနပ်ပါပြီလို့    ပြောခဲ့တဲ့ကျွန်မ   မြန်မာစာပါမောက္ခ  ဦးဧမောင်ရဲ့ နှုတ်ခန့်နည်းပြဆရာမဖြစ်လာခဲ့တဲ့ အချိန် ကစပြီး   ခုတော့တစ်သက်တာ   ဆရာမ  ဖြစ်ခဲ့ပါပြီ။ ပါမောက္ခဒေါက်တာဇင်မာသန်းကတော့ တောင်ငူဆောင် ကို ဂုဏ်တင်ပြီး ရာသက်ပန် (တောင်ငူဆောင်) အမည်နဲ့  လူသိများတဲ့ စာရေးဆရာမဖြစ်နေပါပြီ။ ဟုတ်ပါတယ်။ တောင်ငူဆောင်ဆိုတာ   တစ်ခါဆက်ဆံ  ရာသက်ပန် တွယ်ငြိနေမယ့်  မြန်စာမြေ   နက်သန်ပါပဲ။  ကျွန်မက နည်းပြဆရာမ လုပ်သက် ၁၅ နှစ်ကျော်မှ လက်ထောက် ကထိကဖြစ်ပြီး ကထိက၊ တွဲဖက်ပါမောက္ခအထိ ဖြစ်လာ တာပါ။    ပုသိမ်ဥပစာကောလိပ်   (၁၉၆၀-၁၉၆၁)၊ မော်လမြိုင်တက္ကသိုလ် (၁၉၇၄-၁၉၇၈) နဲ့နောက်ဆုံး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်  (၁၉၈၉- ၁၉၉၅) ကနေ     တွဲဖက်ပါမောက္ခ/ဌာနမှူးဘဝနဲ့   သက်ပြည့် အငြိမ်းစားယူခဲ့ပါတယ်။
ဆရာတပည့် ဖြစ်ခဲ့
စာသင်ယူဖို့ စာသင်ပေးဖို့ ဝါသနာကြီးသူ ကျွန်မ  တက္ကသိုလ်ဝင်တန်းတွေ   အခမဲ့သင်၊ ကျောက်တံတား မြို့နယ်၊  ကမာရွတ်မြို့နယ်မှာ  တက္ကသိုလ်စာပေးစာယူ သင်တန်းတွေ  စေတနာ့ဝန်ထမ်းသင်နဲ့  အဲဒီလိုထဲမှာ ထူးခြားတဲ့  ပညာဒါနပွဲကတော့  အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ သင်ပေးရတာပါ။ အဲဒီတက္ကသိုလ်က   မြန်မာစာပါမောက္ခ    ဒေါက်တာ ချိုချိုအောင် ပြည်ပခရီးတစ်ခုရှိနေလို့ အကူအညီတောင်း တာနဲ့ နိုင်ငံခြားသား BA(A), BA(B) တန်း (၂၀၁၄-၂၀၁၅) တွေကို ပညာဒါန  သုံးလ သင်ပေးခဲ့ရပါတယ်။ အဲဒီမှာ  သမိုင်းဌာန ဆရာကြီးဒေါက်တာခင်မောင်ညွန့်နဲ့ဆုံလို့ ထိုင်ကန်တော့ခွင့်ရခဲ့ပါတယ်။ ဆရာကြီးက စာသင်ဖို့ စောင့်နေ၊ ကျွန်မက စာသင်ပြီး ထွက်လာနဲ့ ဆုံကြတာပါ။ ဆရာကြီးနဲ့ ကျွန်မက  ပထမနှစ်  ရန်ကင်းကောလိပ်မှာ ကတည်းက ဆရာတပည့် ဖြစ်ခဲ့ပါတယ်။
အငြိမ်းစားယူပြီးနောက်မှာလည်း မိခင်ဌာနဖြစ်တဲ့ မြန်မာစာဌာန မဟာဝိဇ္ဇာတန်းတွေကို   ဆက်လက်ပို့ချ ခြင်း၊   ကျမ်းကြီးကြပ်ခြင်း၊   ကျမ်းအကဲဖြတ်ခြင်းစတဲ့ တာဝန်တွေကို ဆက်ထမ်းခဲ့ပါတယ်။ ထိုစဉ်က မဟာဝိဇ္ဇာ ဘွဲ့  ကျမ်းပြုဖြစ်တဲ့   ကိုအောင်မြင့်ဦး    (ပထမ ဦးဆုံး မြန်မာစာပါရဂူဘွဲ့ရသူ ၂၀၀၀ ပြည့်နှစ်)ရဲ့ မဟာဝိဇ္ဇာ ကျမ်းကို  ကြီးကြပ်ပေးခဲ့ရပါတယ်။ ဆရာကြီးဦးဖေမောင် တင်ရဲ့စကားအတိုင်း ဆရာ့ထက်တော်တဲ့  တပည့်တွေ ပါပဲ။ ပါရဂူအကြိုတန်းမှာတော့ စတုတ္ထအသုတ်ဖြစ်တဲ့  ဒေါက်တာညိမ်းညိမ်း (ယခု ရန်ကုန်တက္ကသိုလ်၊ မြန်မာစာ ပါမောက္ခ/ဌာနမှူး)၊  ဒေါက်တာရွှေပြည်စိုး၊  ဒေါက်တာ နေလင်းတို့ကို  ပျူအရိုးအိုးစာ၊  ပုဂံခေတ်မင်စာတွေကို  သင်ပေးတာက အစပြုပြီး ပါရဂူအကြိုတန်း  စဉ်ဆက် မပြတ်သင်ကြားရေးတာဝန်ကို ယူခဲ့ပါတယ်။ မြန်မာစာ သင်ကြားရေး အဖွဲ့အစည်းတွေကိုလည်း  မပျက်မကွက် တက်ရောက်ခဲ့ပါတယ်။ ဒဂုံတက္ကသိုလ်ကိုလည်း သွားသင်  ပေးခဲ့ပါတယ်။  မြန်မာစာဆိုင်ရာ  တာဝန်များကိုလည်း ဝမ်းပန်းတသာ ထမ်းရွက်ခဲ့ပါတယ်။ 
ပါရဂူသင်တန်းဦးစီးကော်မတီအဖွဲ့ဝင်    တစ်ဦး ဖြစ်တဲ့ ကျွန်မကို  ပါရဂူကျမ်းခေါင်းစဉ်  အတည်ပြု အစည်းအဝေးတစ်ခု (၂၀၁၆) မှာ သဘာပတိ  ဒေါက်တာ ခင်အေး (မောင်ခင်မင် - ဓနုဖြူ) က  ဝါရင့်ပါရဂူကျမ်း တင်မယ့် မဥမ္မာမြိုင်ရဲ့  “လေးမြိုင်၏  ဘဝနှင့်စာပေ” ကျမ်းကို    ကြီးကြပ်ပေးနိုင်မလားလို့   မေးပါတယ်။ ပါမောက္ခ/ဌာနမှူး    ဒေါက်တာအောင်မြင့်ဦးကလည်း ဆရာမ လုပ်ပေးနိုင်မလားလို့ ထပ်မေးပါတယ်။ ၈၂ နှစ် အရွယ်အိုပေမယ့် စိတ်ပျိုနေသေးတဲ့ ကျွန်မကလုပ်ပေး ပါ့မယ်လို့ မဆိုင်းမတွဖြေလိုက်ပါတယ်။ “လေးမြိုင်၏ ဘဝနှင့်စာပေ”က     စာပေဆိုင်ရာကျမ်း  ဖြစ်ပါတယ်။   ကျွန်မပထမဆုံးကြီးကြပ်ရတဲ့    စာပေဆိုင်ရာပါရဂူကျမ်းက ၂၀၀၆ ခုနှစ်မှာ ပါရဂူဘွဲ့ရသွားတဲ့ အခုပညာရေးတက္ကသိုလ် မြန်မာစာ ပါမောက္ခ/ဌာနမှူး ဒေါက်တာခင်မာသက်ရဲ့ “ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ      စာပေလေ့လာချက်” ဖြစ်ပါတယ်။ အခုကြီးကြပ်ရတဲ့ စာပေဆိုင်ရာ  ပါရဂူ ကျမ်းရဲ့   ကျမ်းပြုခံပုဂ္ဂိုလ်  ဆရာကြီးဦးလေးမြိုင်က နှယ်နှယ်ရရမဟုတ်ဘဲ စာပေထူးချွန် ပေါက်မြောက်တဲ့ ကဝိတစ်ဆူ    ဖြစ်ပါတယ်။    ကျွန်မတို့ဇနီးမောင်နှံနဲ့ မြန်စာပြန့်အစည်းအဝေးတွေမှာ တွေ့ခဲ့ဆုံခဲ့ ခင်မင်ခဲ့သူ၊ ၁၉၇၄     ခုနှစ်ထုတ်     ဖိုးကျော်မြင့်    စာအုပ်မှာလည်း
n စာမျက်နှာ  ၆ မှ
ဖိုးကျော်မြင့်ကို အလုံးစုံသော “ကြွေးကင်းသူ”အဖြစ်  အမှတ်တရဆောင်းပါးရေးခဲ့သူပါ။ 
ကျမ်းကြီးကြပ်သူဆိုတာ အလွန်တာဝန်ကြီး
“လေးမြိုင်၏    ဘဝနှင့်စာပေ”   ကျမ်းမှာတော့ သမီးဥမ္မာမြိုင်က ဖခင်အိုရဲ့  ဘဝရုန်းကန်ဖြတ်သန်းမှု၊ ပညာဆီမီးတောက်ညီးမှုတွေကို ဘဝရုပ်ပုံလွှာနဲ့ စာပေ ရုပ်ပုံလွှာ သဟဇာတညီညီကုံးစီ ရေးဖွဲ့ပြထားပါတယ်။ “လေးမြိုင်၏ ဘဝနှင့်စာပေ” ဝါရင့်ပါရဂူကျမ်း နှုတ်ဖြေ ပွဲကို ၂၀-၃-၂၀၂၀  ရက်နေ့မှာ  ပြုလုပ်ပြီး  ပါမောက္ခ/ ဌာနမှူး ဒေါက်တာအောင်မြင့်ဦးအပါအဝင် စာစစ်အဖွဲ့ဝင်  တွေ စစ်မေးကြပါတယ်။  ပြင်ပစာစစ်က  ဒေါက်တာ စုစုနွယ်၊ အတွင်းစာစစ်က ကထိက(ငြိမ်း)  ဦးဟုန်ဝမ် တို့ဖြစ်ကြပါတယ်။ ကျမ်းကြီးကြပ်သူဆိုတာ  အလွန် တာဝန်ကြီးသူပါ။ ဝီရိယမနည်းဘဲ ကျမ်းကြီးကြပ်သူနဲ့ ကျမ်းပြုစုသူတို့    ကိုယ်စီကြိုးစားအားထုတ်ခဲ့ကြလို့ ဥမ္မာမြိုင်ရဲ့ ဝါရင့်ပါရဂူကျမ်း နှုတ်ဖြေစာစစ်ပွဲချောချော မောမော ပြီးစီးသွားပါတယ်။ နှုတ်ဖြေပွဲပြီးလို့ ၂၄-၃-၂၀၂၀ ရက်နေ့ကစပြီးတော့ ကိုဗစ်-၁၉ ရောဂါကြောင့်  သင်တန်းတွေ၊ ကျောင်းတွေ၊ လုပ်ငန်းဆိုင်ရာတွေ ရပ်ကုန် ပါတယ်။  ကံကြမ္မာရဲ့  ဖေးမမှုကြောင့်   ကိုဗစ်-၁၉ ကပ်ဘေးကနေ   လက်မတင်ကလေး  လွတ်သွားတဲ့ ဥမ္မာမြိုင်ရဲ့    ဝါရင့်ပါရဂူကျမ်းနဲ့   နှုတ်ဖြေပွဲရလဒ် အောင်စာရင်းက   ၂၀၂၀  ပြည့်နှစ်  ဇူလိုင်လလယ်မှာ ထွက်လာလို့ စိတ်ချမ်းမြေ့ရပါတယ်။
မြန်မာစာဌာနဆိုတာ အမိတက္ကသိုလ်ရဲ့ ကိုယ်ပွားမို့ ကျွန်မတို့အဖို့    မိခင်ဌာနပါ။  မိခင်ဌာနရဲ့ကျေးဇူးက ကြီးပါတယ်။ ခင်ပွန်းသည် ဦးဖိုးကျော်မြင့်ကို  ၁၉၆၆-၁၉၆၈ ခုနှစ် မှာ ဆိုဗီယက်ယူနီယံ နိုင်ငံတကာဆက်ဆံရေး တက္ကသိုလ်မှာ     မြန်မာစာ    ဧည့်ပါမောက္ခအဖြစ် ထမ်းဆောင်ဖို့ နိုင်ငံတော်က စေလွှတ်ရာမှာ ကျွန်မလည်း မှီခိုသူအဖြစ် လိုက်ပါခဲ့ပါတယ်။  မိခင်ဌာနမြန်မာစာရဲ့ ကျေးဇူးတစ်ခုပါ။ အဲဒီအချိန်က USSR ခေါ် ဆိုဗီယက် ယူနီယံက နှစ် ၅၀ ပြည့်ချိန် (၁၉၁၇-၁၉၆၇) ရွှေရတု ကာလ ဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံ တစ်ပြည်တည်း မှာသာ လည်ပတ်ခရီးသွားခွင့်ရတာကို ပညာရေးဌာနက ဆရာ ဒေါက်တာညီညီက စာပေလေ့လာခွင့်၊   ပြတိုက် စာကြည့်တိုက် စတဲ့နေရာတွေ  သွားရောက်လေ့လာ ခွင့်ရအောင်  နိုင်ငံခြားရေးရုံးက  ဦးစောဒိုးဆိုက်ဒိုးထံ ဖုန်းဆက်ဆောင်ရွက်ပေးမှုကြောင့် (နိုင်ငံတစ်နိုင်ငံမှအပ) သွားခွင့် Endorsement ရခဲ့ပါတယ်။ 
ဆရာ့စေတနာ၊     ဆရာ့ကူညီမှုကြောင့်လည်း ကျောင်းပိတ်ရက်ကာလမှာ ကိုယ့်စရိတ်နဲ့ကိုယ် ဥရောပ ခရီးထွက်ခဲ့ပါတယ်။   အင်္ဂလန်က    အောက်စဖို့ဒ်၊ ကိန်းဘရစ်ချ်၊ ရှိတ်စပီးယားဇာတိ Stratford-upon–Avon၊ ဗြိတိသျှပြတိုက်၊ ဗစ်တိုးရီးယားနဲ့  အဲလ်ဘတ်ပြတိုက်၊ ဝင်ဆာရဲတိုက်၊ Westminister Abbey ၊  ဘာကင်ဟန် နန်းတော်၊ SOAS စတဲ့ သွားသင့်တဲ့နေရာတွေ သွားရောက် လေ့လာနိုင်ခဲ့ပါတယ်။ SOAS ရောက်တော့ ပါမောက္ခ  ဆရာ ဒေါက်တာလှဘေ   (ကွယ်လွန်)ကို    ဂါရဝပြု နှုတ်ဆက်တော့  တက္ကသိုလ်ဝင်းထဲမှာရှိတဲ့   ကရာချိ စားသောက်ဆိုင်မှာ နေ့လယ်စာကျွေးပါတယ်။ 
ပြင်သစ်နိုင်ငံကို အင်္ဂလိပ်ရေလက်ကြားက ဖယ်ရီနဲ့ ကူးပြီး လုဗ်ပြတိုက် (Venus ရုပ်တု၊ မိုနာလီဇာပန်းချီ)၊  တောင်ပိုင်းရှိ ဗာဆေးနန်းတော်၊ ကမ္ဘာကျော် အီဖဲလ် မျှော်စင်ပေါ်အထိ တက်ကြည့်လေ့လာခဲ့ပါတယ်။ အပြန် ခရီးကတော့  လန်ဒန်ကနေ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ စိန့်ပီတာစဘတ်၊ မော်စကိုကို ပြန်ခဲ့ပါတယ်။ ကျေးဇူး တော်ရှင်   ပါမောက္ခချုပ်     ဆရာတော်ဘဒ္ဒန္တ  ဒေါက်တာ နန္ဒမာလာဘိဝံသရဲ့ အဆိုအရ အတွေ့အကြုံဆိုတာ  ပညာပဲတဲ့။  တကယ့်မှတ်သားစရာ  ဖြစ်ပါတယ်။
အောက်မေ့မိ
အဲဒီအချိန်   ၁၉၆၃-၁၉၆၄  ခုနှစ်ကစပြီး  ဆိုဗီယက် ယူနီယံကို ဂီတ၊ စာပေ၊  ဘာသာစကား၊  ဆေး၊  ရုပ်ရှင်၊  အင်ဂျင်နီယာစတဲ့ နယ်ပယ်စုံက မြန်မာပညာတော်သင် တွေ စေလွှတ်ခဲ့ပါတယ်။       မြန်မာပညာတော်သင်တွေဖြစ်တဲ့ အင်ဂျင်နီယာပညာသင် (ကျွန်မတို့က  သူ့ကို ဟန်စကီးလို့ ခေါ်တဲ့) ကျောင်းရှေ့ရှိ လူရည်ချွန်စာရင်း ကျောက်သင်ပုန်း မှာ    အပတ်စဉ်ဓာတ်ပုံနဲ့တကွ    ဖော်ပြကြေညာခံရတဲ့ ဦးဟန်ဇော် (ယခု ပြည်ထောင်စုဝန်ကြီး၊  ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊    ချိုင်ကော့စကီး   ဂီတတက္ကသိုလ်မှာ  တက်နေတဲ့      ဂီတပညာတော်သင်      စန္ဒရားနီနီနဲ့ ဆေးတက္ကသိုလ်တက်နေတဲ့   သူ့ဇနီး   မစန်းမြင့်တို့ ကျွန်မတို့ အိမ်မှာ တစ်ပတ်တစ်ခါ ဆုံကြ၊ စားကြ၊  တီးကြ၊   ဆိုကြ၊   ပျော်ကြတာတွေလည်း  အောက်မေ့မိပါတယ်။ 
မြန်မာစာဆရာမဖြစ်တဲ့  ကျေးဇူးကြောင့်  တရုတ် တပည့်တွေရဲ့    ဖိတ်ကြားချက်အရ  ၂၀၁၁  ခုနှစ် ဧပြီလ  ကွမ်ရှီးကျွမ်းဒေသ   နန်နင်းတိုင်းရင်းသားတက္ကသိုလ်မှာ တစ်လတာ     စာပို့ချခဲ့ပါတယ်။      သမီးတပည့်ဖြစ်တဲ့  ဧည့်ပါမောက္ခ      ဝတီသွင်အခန်းမှာ   အေးအေးချမ်းချမ်း နေထိုင်ရင်း နေ့ဘက်မှာ စာသင်၊ ညဘက်မှာ ဆရာ  ဆရာမ တွေဖြစ်တဲ့  ရီရီဝင်း  (Ou Jianling)၊  အောင်လင်း  (Tang Xiuxian ကွယ်လွန်)တို့နဲ့   စာမေးတာတွေ    ရှင်းပြရင်း အချိန်ကုန်လွန်ခဲ့ပါတယ်။     ဝတီသွင်၊   မြင့်မြင့်အေး၊  စာအမြဲပေးလေ့ရှိတဲ့  စန်းစန်း    (Huang   Shanshan၊ ယခုမြန်မာနိုင်ငံဆိုင်ရာ တရုတ်ယဉ်ကျေးမှုရုံး) တို့နဲ့အတူ ပေကျင်းကို    တစ်ပတ်ခန့်        ခရီးဆန့်ခဲ့ကြပါသေးတယ်။ ချောစုယဉ်    (Lin Qiong၊ တွဲဖက်ပါမောက္ခ၊   မြန်မာ ဘာသာဌာန၊ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၊ ၁၉၉၀  ပြည့် IFL တပည့်)က မြတ်စွယ်တော်ဖူးဖို့၊ မဟာတံတိုင်း တက်ဖို့၊     တိန်အန်မင်ရင်ပြင်ကြည့်ဖို့    လိုလေသေးမရှိ  ကိုယ်တိုင် လိုက်ပို့ပေးပါတယ်။ 
မြတ်စွယ်တော်ဖူးရတဲ့တစ်နေ့က  မြန်မာနှစ်ဆန်း တစ်ရက်နေ့လည်း ဖြစ်နေတဲ့အတွက် ပိုကြည်နူးရပါတယ်။ မြတ်စွယ်တော်အဆောက်အအုံအတွက်     မျက်နှာကြက်  အပါအဝင်  ကျွန်းသစ်တန်   ၃၀၀   ခန့်  မြန်မာနိုင်ငံက လှူဒါန်းထားတာကိုလည်း ဝမ်းမြောက်စွာ ကုသိုလ်ယူရပါ တယ်။ မြတ်စွယ်တော်မှာ    မြန်မာသံအမတ်ကြီးနဲ့အတူ ပါလာတဲ့  တပည့်ချစ်သံမှူး  လှိုင်မြင့်ဦးနဲ့လည်း ဆုံတွေ့ ရပါတယ်။ ပါမောက္ခဆရာမိုး (Li Mou)၊  ဦးဉာဏ်  (Wang  Danian)၊  ဦးသိန်းဟန်  (Han Deying)၊  ခင်မောင်ကြည် (Zhong Zhixiang) စတဲ့ မြန်မာစာပေသုတေသီပညာရှင် တွေက     တက္ကသိုလ်ဝင်းထဲရှိ   စားသောက်ဆိုင်တစ်ခုမှာ နေ့လယ်စာနဲ့    ဧည့်ခံပါတယ်။   IFL    တပည့်ဟောင်း ခင်မောင်ကြည် (ပန်ကာ)   (Zhong Zhixiang၊ ပါမောက္ခ Loyang တက္ကသိုလ်) က အလှမ်းဝေးလှတဲ့ Loyang မြို့က နေ  ကျွန်မတည်းခိုနေတဲ့   ပေကျင်းက  ဟိုတယ်ကို တကူးတကနဲ့လာပြီး  ကန်တော့တာကတော့  မမေ့နိုင် စရာပါပဲ။
ရှေးဟောင်းပေစာထုပ်ကြိုး
နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) ၁၉၉၆ မဖြစ်ခင်  နိုင်ငံခြား ဘာသာသိပ္ပံ (IFL)    အကြိုကာလကတည်းက  မွန်းလွဲ  ၁  နာရီကနေ ညနေ၃ နာရီအထိ  သင်တန်းရှိတဲ့  ရက်တွေမှာ   တောင်ငူဆောင်ကနေ   ကားကြုံရှိရင်ကားကြုံ၊  မရှိရင်   လမ်းလျှောက်သွားပြီး   စာသင်ခဲ့ရတာလည်း အမှတ်တရပါ။  အဲဒီတုန်းက(၁၉၇၉-၁၉၈၀) မြန်မာစာ သင်တဲ့   နိုင်ငံခြားသား     ကျောင်းသားတွေထဲက    တစ်ဦး ကတော့    H.E. Ichiro   Maruyama   (ယခုမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး) ပါ။ သူ့ကို  ဆရာမကြီး ဒေါ်သန်းဆွေက မျိုးတင့်ဆွေလို့ မြန်မာနာမည်ပေးပါတယ်။ အခုကြုံလို့ဆုံလို့ ဧည့်ခံပွဲတွေ မှာတွေ့ရင် ကျွန်မကို သူ့ရဲ့  ကကြီး၊  ခခွေး  သင်ပေးတဲ့ ဆရာမဆိုပြီး အသိအမှတ်ပြုပြောတတ်တာမို့  ဆရာပီတိ ဖြစ်ရပါတယ်။  ကျွန်မရဲ့  သံတမန်စာသင် တပည့်တွေထဲက ထူးထူးခြားခြား မြန်မာမှု၊    မြန်မာ့ယဉ်ကျေးမှု ဆိုင်ရာ ရှေးဟောင်းပေစာထုပ်ကြိုး  (စာစည်းကြိုး)  ကို စိတ်ဝင်စားသူက သံမှူးကြီးဘဝ  ၂၀၀၇  ခုနှစ်ကတည်းက  စာသင်ပေးခဲ့တဲ့ Ms. Vanessa Chan  (ယခု မြန်မာနိုင်ငံ ဆိုင်ရာ  စင်ကာပူသံအမတ်ကြီး) ဖြစ်ပါတယ်။ သူကအထူး သဖြင့် စာထုပ်ကြိုးရက်လုပ်တဲ့ မြန်မာမှု ရက်ကန်းလက်မှု ပညာကို စိတ်ဝင်စားပါတယ်။ မင်းတုန်းမင်းကြီးရဲ့ မိဖုရား နှစ်ပါး ကောင်းမှုပေစာထုပ်  ကြိုးများအပါအဝင်  ပေစာထုပ် ကြိုးပေါင်း ၁၉၀ မှာ  ရက်ဖော်ထားတဲ့  ကဗျာဟန်အလှူ မှတ်တမ်းစာတွေကို    ဦးကျော်ညွန့်    (မောင်မင်းယာ၊ မဟာဝိဇ္ဇာ ရန်ကုန်တက္ကသိုလ်)က ဝေါဟာရဖွင့်ဆိုရှင်းလင်း ချက်နဲ့တကွ စကားပြေ ပြန်ဆိုပေးပါတယ်။ 
အဲဒီစကားပြေပြန်ကို နိုင်ငံခြားဘာသာတက္ကသိုလ်  ဘာသာဗေဒဌာနက ဒေါက်တာမြတ်စိုး (ယခု နေပြည်တော်) က အင်္ဂလိပ်လို ဘာသာပြန်ပေးပါတယ်။ ရွှေဘို မိမိကြီးရဲ့ သား  ဒေါက်တာရဲမြင့်နဲ့  ကျွန်မက တစ်ခန်းတစ်ကဏ္ဍက  ပါဝင်ကူညီပါတယ်။  သူကိုယ်တိုင်  အင်္ဂလိပ်ဘာသာနဲ့ အနှစ်ချုပ်ပြုစုထားတဲ့       စင်ကာပူသံအမတ်ကြီးရဲ့ SARSIKYO: WOVEN BUDDHIST RIBBONS OF  MYANMAR – Vanessa CHAN စာအုပ်ပြပွဲ၊  ပေးအပ်ပွဲကို  ၁၄-၁၂-၂၀၁၉ ရက်နေ့ ညနေ ၃ နာရီက Myanmar Book Centre မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ Sone – Tu Chin Weaving     ရက်ကန်းပညာရှင်    မိုင်နီနီအောင်နဲ့အဖွဲ့က ပေစာထုပ်     ကြိုးရက်လုပ်ပုံကို    လက်တွေ့ပြသခဲ့ပါတယ်။    အဲဒီပွဲကို     သူရဦးအောင်ကို   (ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန)၊    စည်သူ ဒေါက်တာသော်ကောင်း၊   ဦးစိုင်းအောင်ထွန်း  (ကွယ်လွန်)စတဲ့   ဧည့်သည်တော်တွေ    တက်ရောက်ကြပါတယ်။  စင်ကာပူ သံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ပျောက်ကွယ်လုနီးပါး လက်မှုပညာရပ်တွေကို နှစ်သက် မြတ်နိုးတာကြောင့်   အခုလို   ပြုစုထုတ်ဝေရကြောင်း ပြောသွားပါတယ်။   နောက်တစ်နေ့မှာ   ကျွန်မအိမ်ကို  ကိုယ်တိုင်လာပြီး   လက်မှတ် ထိုးကာ စာအုပ်လက်ဆောင် အမှတ်တရပေးပါတယ်။
ရန်ကုန်မှာမွေး၊   ရန်ကုန်မှာကြီး၊   ရန်ကုန်မှာ ပညာသင်  ရန်ကုန်ပညာရေးတက္ကသိုလ်    လေ့ကျင့်ရေး ကျောင်း (ပြည်လမ်းတီတီစီ) က   တက္ကသိုလ်ဝင်တန်း အောင်ဆိုတော့ ရန်ကုန်တက္ကသိုလ်နယ်မြေ    မြကျွန်းညို ဝန်းကျင်မှာ နှစ်ပေါင်း  ၇၀  ကျော်  ကျင်လည်နေခဲ့တာ အခုတက္ကသိုလ်ရာပြည့်တိုင်ပါပဲ။ ဘဝသက်တမ်းအရ  ၈၇ နှစ်အရွယ် အိုမစွမ်းသာပေမယ့် အမိရန်ကုန်တက္ကသိုလ် ကိုယ်ပွားဖြစ်တဲ့ မိခင်ဌာန မြန်မာစာဌာနမှာ  စိတ်ဓာတ် ခိုင်ကျည်စွာ မြန်မာစာဆရာမဘဝကို မြတ်မြတ်နိုးနိုး တန်ဖိုးထားရင်း ရာသက်ပန် ရှင်သန်နေချင်သူပါ။ 
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ဖျာပုံမြို့  ဘဝ အလှဆင် ဓမ္မသဘင်မှာ ဟောကြားတဲ့ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်  ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသရဲ့    “ဆရာကောင်းရှိမှ   နိဗ္ဗာန်ရောက်သည်” တရားကိုနာရင်း ကျွန်မအနေနဲ့ အမိရန်ကုန်တက္ကသိုလ်၊ မိခင်မြန်မာစာဌာနကနေ ဆရာကောင်းများစွာရခဲ့တဲ့၊ မိတ်ဆွေသူငယ်ချင်းကောင်း      လုပ်ဖော်ကိုင်ဖက် ကောင်းများစွာရခဲ့တဲ့၊    တပည့်ကောင်းများစွာရခဲ့တဲ့   ကျွန်မဘဝက  အချိုး အကွေ့အကောက် အဖြောင့်များကို ငဲ့စောင်းကြည့်မိရာက “ရခဲတဲ့ လူ့ဘဝမှာ ကျွန်မရခဲ့ တဲ့ ဘဝက ကံကောင်းပေစွတကား” လို့ရင်ထဲက သိမ့်ခနဲ ကြည်ကြည်နူးနူး ခံစားနေမိပါတယ်။ ။
ကြေးမုံ