၄ ဇန်နဝါရီ
မူလတန်းကျောင်းသားဘဝ ဖတ်စာအုပ်ထဲက တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ဝါဆိုလ ဝါဆိုပွဲ၊ တော်သလင်းလ လှေပြိုင်ပွဲ၊ သီတင်းကျွတ်လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲနှင့် အမျိုးသားအောင်ပွဲ၊ ပြာသိုလ မြန်မာ့လွတ်လပ်ရေးအောင်ပွဲဟု အထပ်ထပ်ရွတ်ဆိုစွဲထင်ခဲ့ရသမို့၊ ပြာသိုလဆန်းသည်နှင့် မန္တလေး ကျုံးနံဘေးမှာ ဝှဲချီးကျင်းပသည့် လွတ်လပ်ရေးအောင်ပွဲနေ့အခမ်းအနားကို ငွေနှင်းမှုန် အသိပ်အသည်းအောက် တိုးဝှေ့ကျပ်ညှပ် ပျော်ရွှင်ခဲ့ရသည်များလည်း ယခုထိ သတိရနေမိသည်။ နိုင်ငံတကာသုံး ပြက္ခဒိန်မှ နှစ်ဆန်းဇန်နဝါရီသည် မြန်မာပြက္ခဒိန် ပြာသိုလနှင့်အများ ဆုံးတိုက်ဆိုင်သည်။ ထို့ကြောင့်လည်း နှင်းတွေထူထပ်စွာကျတတ်သည့် မန္တလေးဆောင်းကို လွတ်လပ်ရေးနေ့ အခမ်းအနားပွဲလမ်းများနှင့် တစ်ထပ်တည်းစွဲမှတ်နေမိသည်။
ဇန်နဝါရီလဆန်းသည်နှင့် စတင်ကျင်းပသော
ထိုစဉ်က အခုလို ဒီဇင်ဘာ ၃၁ ရက်ည 'နှစ်သစ်ကူးည' အပျော်အရွှင်များမရှိခဲ့...။ ထိုနေ့ ထိုအချိန်တွင် ခရစ်ယာန် ဘာသာဝင်တို့က ဆိုင်ရာ ဆိုင်ရာ ဘုရားကျောင်းများ၌ စုဝေးဝတ်ပြုဆုတောင်းပြီး နှစ်သစ်ကူးသည်နှင့် ဓမ္မခေါင်းလောင်းများထိုးကာ နှစ်သစ်ကို ကြိုဆိုကြခြင်းပဲရှိသည်။ မြို့နေလူထုအများစုမျှော်လင့်ခြင်းက ဇန်နဝါရီ လဆန်းသည်နှင့်စတင်၍ ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနားများ ပျော်ပွဲရွှင်ပွဲများပဲဖြစ်သည်။ တောင်ဘက်မျက်နှာရှိ ကျုံးနှင့်မြို့ရိုးကြား ပေ ၂၅ဝ နှင့် ၃ဝဝ ကြား ကျယ်ဝန်းသောနေရာတွင် မင်္ဂလာတံခါးမှသည် အနောက်ဘက် ကျုံးထောင့်၊ ထို့နောက် မြောက်သို့ အာဠဝီတံခါးပေါက်ထိ နေရာကျယ်ကြီးအတွင်း လွတ်လပ်ရေးပွဲသဘင်ကို ခုနစ်ရက်ခုနစ်လီကျင်းပသည်။ ကျုံးတောင်ဘက်ခြမ်း မင်္ဂလာတံခါးမှ အနောက်ကျုံးထောင့်အတွင်းက မန်းသီတာဥယျာဉ်ရှိ၏။ ထိုဥယျာဉ်အတွင်း ပြန်ကြားရေးဌာန ပြခန်းများရှိသည်။ ပန်းချီပြိုင်ပွဲ၊ စာပေပြိုင်ပွဲများရှိသည်။ ဆို၊ က၊ တီးပြိုင်ပွဲများ ရှိသည်။ သမားစဉ်အကနှင့် မဟာ ဂီတသီချင်းကြီးများကို အဓိကထားသီဆိုခြင်း၊ တီးမှုတ်ခြင်း ပြိုင်ပွဲများဖြစ်၏။ မျိုးရိုးဇာတိဂုဏ်ကို မော်ကြွားခံ့ညားစေသည့် ပြိုင်ပွဲဖြစ်သည်။ ထို့နောက် ဂီတဆည်းဆာများရှိသည်။ စတုဒိသာ အစားအသောက်များ၊ ရန်ပုံငွေစားသောက်ဆိုင်များရှိသည်။ ကျုံးထောင့်မှာ ဂီတဆည်းဆာ၊ အငြိမ့်ပွဲ၊ ထို့နောက် မြောက် အာဠာဝီတံခါးအထိ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ဘော်လီဘောပွဲ၊ ဘတ်စကက်ဘောပွဲ၊ ခြင်းပွဲ၊ ဌာနဆိုင်ရာပြခန်းများ၊ ဂီတ ပဒေသာပွဲများ အပြည့်ရှိ၏။
ကျုံးထောင့်ဆီဦးတည်သည်။ 'အောင်ပွဲ ...' ဟူသော အသံနှင့်စကားလုံးက
နေ့လယ်နေ့ခင်းတွင် ကျုံးအတွင်း လှေပြိုင်ပွဲများရှိသည်။ အလှပြလှေများလည်းရှိသည်။ ကျုံးအတွင်း ရေပန်းတွေ ဆင်ထားသည်။ မင်္ဂလာတံတား၊ မေတ္တာပေါင်းကူး တံတား၊ မတ္တရာ မီးရထားတံတား၊ အာဠဝီတံတားတို့မှာ အလှမီးလုံးတွေမြိုင်နေ၏။ နိုင်ငံတော်အလံများက ကျုံးကမ်းစပ်မှာ၊ မြို့ရိုးပေါ်မှာ တညီတညာတည်းရဲရဲတောက် တလူလူလွင့်နေသည်။ မြို့ရိုး၏သူရဲခိုများ၊ ပြအိုးများ၊ ပြာသာဒ်များတွင် မီးလုံးရောင်စုံဆင်ထား၏။ ထိုနေရာတစ်ဝိုက်သစ်ပင်များမှာလည်း မီးလုံး မီးသီး မီးပွင့်တို့ ဝေဆာနေသည်။
တစ်နေကုန် အသံချဲ့စက်သံဆူညံနေ၏။ မြို့တွင်းလမ်း အနှံ့ ဘတ်စ်ကားတွေ၊ မြင်းလှည်းတွေက 'အောင်ပွဲကို အောင်ပွဲကို ...' ဟု တကြော်ကြော်ဟစ်ကာ ပါစင်ဂျာတွေ အပြည့်အသိပ်ဖြင့် ကျုံးထောင့်ဆီဦးတည်သည်။ 'အောင်ပွဲ...' ဟူသော အသံနှင့်စကားလုံးက အဓိပ္ပာယ်ပြည့်ဝစွာဖြင့် အားလုံး၏ရင်ထဲတွင် ဟည်းထနေသည်။ 'ငါတို့ လွတ်လပ်ရေး ...၊ ငါတို့ အောင်ပွဲ' ဟု မာန်တက်ကာ သွေးသစ်အားသစ် ဖြစ်နေကြသည်။ ပြန်ကြားရေးပြခန်းရှေ့တွင် လွှင့်ထူထားသော ဧရာမနိုင်ငံတော်အလံကြီးနှင့် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူပန်းချီကားကြီးက ပြပွဲလာပရိသတ်အားလုံး၏ ဦးညွှတ်ဂါရဝပြုရာ ဌာနကြီးဖြစ်နေ သည်။ ပွဲတော်ကျင်းပရာရက်များအတွင်း ညလုံးပေါက်မျှ လူတွေကြိတ်ကြိတ်တိုးနေ၏။ ပြာသို၏အအေးဓာတ်က ကြိတ်ကြိတ်တိုးနေသော ပရိသတ်၏ အနွေးဓာတ်ကို လက်လျှော့သွားသည်။ သီချင်းသံ၊ ဂီတသံ၊ တေးသံများက မြို့ရိုးပေါ်က တလူလူလွင့်နေသည့် နိုင်ငံတော်အလံများနှင့်အတူ ကွင်းတစ်ကွင်းလုံးလွင့်ပျံ့ဖုံးလွှမ်းနေ၏။ ညဉ့် တော်တော်နက်တော့ ထိုအသံများအားလုံး တစ်မြို့လုံး ဖုံးလွှမ်းနေသည်။ ထိုရက်သတ္တပတ်၊ ဆယ်ရက်ကဖြင့် တစ်မြို့လုံး စိတ်တူကိုယ်တူ အတန်းအစားမရွေး စိတ်ပါလက်ပါ ပျော်ရွှင်ခဲ့ကြတာ သေချာသည်။
နန်းတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်
နန်းတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ကြီးမှာလည်း မီးစောင်းတန်း မီးရောင်စုံသွယ်တန်းကာ ကျောက်တိုင် ကွင်းအတွင်း ပြခန်းများ၊ တီးဝိုင်း၊ အငြိမ့်နှင့် ပျော်ပွဲရွှင်ပွဲများ ခြိမ့်ခြိမ့်သဲကာ အများပြည်သူတို့ လွတ်လပ်စွာ ဝင်ထွက် ဆင်နွှဲနိုင်ခဲ့ကြသည်။
နန်းတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ကို ဒုတိယမြို့တော် မန္တလေးမှာ ၁၉၅၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ စတင်တည်ဆောက်ဖို့ ပန္နက်ရိုက်ခဲ့သည်။
မန္တလေးလွတ်လပ်ရေးကျောက်တိုင်ကြီး တည်ဆောက်မည့်နေရာက မန္တလေးနန်းတွင်းအင်္ဂါထောင့် (အရှေ့တောင်ထောင့်) မှာရှိသော ပိုလိုကွင်းဟုခေါ်သည့် ကွင်းကြီးအတွင်းဖြစ်သည်။ မူလက ပေ ၉ဝ အမြင့်ရှိ မန္တလေး လွတ်လပ်ရေးကျောက်တိုင်ကို အနောက်တောင်ကျုံးထောင့် ကျုံးနှင့်မြို့ရိုးကြားကွက်လပ်တွင် ၁၉၅ဝပြည့်နှစ် ဧပြီ ၂၉ရက်နေ့က ပန္နက်ရိုက်တည်ဆောက်ခဲ့သည်။ သို့သော် နေရာကကျဉ်းမြောင်းသဖြင့် တည်ဆောက် လက်စကျောက်တိုင်ကို ဖျက်သိမ်းပြီး လက်ရှိကျောက်တိုင် ကို ထပ်မံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မန္တလေး အနောက်တောင် ကျုံးထောင့်၌ကျင်းပသော ခုနစ်ကြိမ်မြောက် လွတ်လပ်ရေး နှစ်ပတ်လည်နေ့တွင် ကျောက်တိုင်သစ်ဖွင့်ပွဲကို တစ်ပါတည်းကျင်းပခဲ့တာကလည်း အမှတ်တရဖြစ်သည်။ မနက် ၄ နာရီကတည်းက ကျောက်တိုင်ဖွင့်ပွဲအတွက် လူထုပရိသတ်က တိုးမပေါက်အောင် စည်ကားနေပြီ။ ကျောက်တိုင်သစ်ဖွင့်ပွဲတွင် မြို့လူထု၊ ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ အလုပ်သမားများသာမက တပ်မတော်ကပါ တက်ရောက်ကြသဖြင့် အထူးစည်ကားလှ၏။ ကျောင်းသူ ကျောင်းသား ၆၀၀၀ ကျော်က ကာယအလှလေ့ကျင့်ခန်းတွေ ပြကြသကဲ့သို့ စက်ဘီး အမြန်စီးပွဲ၊ အားကစားပြိုင်ပွဲ၊ လက်နှိပ်စက်ပြိုင်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပခဲ့ခြင်းဖြစ်သည်။
ကျုံးနံဘေးတွင် ခုနစ်ရက် ခုနစ်လီ စည်စည်ကားကား
ကျောက်တိုင်သစ်ဖွင့်ပြီးသည်နှင့် ဗမာ့တပ်မတော်က စစ်ရေးပြကာ အလေးပြုပြီး တပ်မတော်သား ၁၀၀၀ နှင့် အတူ ရဲအတတ်သင်ကျောင်းက သင်တန်းသား ၈၀၀ ကျော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တွေက မင်္ဂလာတံခါးမှ ၂၆ ဘီ အာဇာနည်လမ်း အနောက်ဈေးချိုနာရီစင်၊ ထိုမှ တစ်ဆင့် ၈၄ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း တောင်ဘက် ၃၅ လမ်းအထိ၊ ထို့နောက် ၃၅လမ်းအတိုင်း အနောက် မလွန်ဘောလုံးကွင်းအထိ စစ်ရေးပြချီတက်ကြသည်။
ကျောက်တိုင်သစ်ကြီးက အမြင့် ၁၃၂ ပေရှိကာ အမြင့် ၂၇ ပေခွဲရှိ ကြယ်ပုံသဏ္ဌာန် ကျောက်တိုင်ငယ် ၅ လုံးက ခြံရံထားသည်။ မြို့ရိုးပြအိုး ပြာသာဒ်များ နောက်ခံအပြာရောင် မိုးကောင်းကင်ကြီးတွင် လွတ်လပ်ရေးကျောက် တိုင်ကြီးကား ထည်ဝါမြင့်မားပြီး ခံ့ညားကျက်သရေ ရှိလှသည်။ နောက်ပိုင်း ဆက်တိုက်ဆိုသလို လွတ်လပ်ရေး အောင်ပွဲအခမ်းအနားများကို နှစ်စဉ် ပရိသတ်သိန်းချီ ဆံ့သော နန်းတွင်းကျောက်တိုင်ကွင်းနှင့် တောင်ဘက် ကျုံးနံဘေးတွင် ခုနစ်ရက် ခုနစ်လီ စည်စည်ကားကား ကျင်းပခဲ့ကြတာ အမှတ်တရရှိလှသည်။
လွန်ခဲ့တဲ့ နှစ် ၃၀ ကျော် ၄၀ ဝန်းကျင်မှာတော့ ဒီအစဉ် အလာ ပျက်သုဉ်းသွားခဲ့သည်။ ယခု မန္တလေးတွင် လွတ်လပ်ရေးကျောက်တိုင်ရှိသည်ဆိုတာပင် နှောင်းခေတ်လူငယ်တော်တော်များများ မသိကြတော့။ ဒါကလည်း အပြစ်မဆိုသာ။
ဆူးငှက်


