၁၁  ဇန်နဝါရီ

ကျွန်တော်ဟာ စီးပွားရေးပညာကို လေ့လာဆန်းစစ်တဲ့သူ တစ်ဦးဖြစ်ပါတယ်။  အထူးသဖြင့်  စီးပွားရေး အဖွဲ့အစည်းများကို အာရုံစိုက်ခဲ့ခြင်းဖြစ်ပါတယ်။ အခုလိုဆောင်ရွက်ရာမှာ ပုံစံအနေအထားမျိုးစုံရှိကြောင်း  တွေ့ရပါတယ်။ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးအဖွဲ့အစည်းလုပ်ငန်း များမှ  ခမ်းနားကြီးကျယ်လှပြီး  နိုင်ငံတကာဈေးကွက်များသို့  ထိုးဖောက်နိုင်စွမ်းရှိတဲ့  ကုမ္ပဏီကြီးများအထိ ပါဝင်တာတွေ့ရပါတယ်။  တချို့စီးပွားရေးအဖွဲ့အစည်းများအနေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်ပြီး တချို့ကတော့ နိုင်ငံတော်ကပိုင်ဆိုင်တဲ့   အဖွဲ့အစည်းတွေ  ဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍမျိုးစုံမှာ  ဒီအဖွဲ့အစည်းများအနေနဲ့ လှုပ်ရှားနေတာဖြစ်တယ်။  စီးပွာရေးအဖွဲ့အစည်း များဟာ နိုင်ငံရေးဘောဂဗေဒ  အခြေခံအရပြောင်းလဲခဲ့တာကိုလည်း တွေ့ရပါတယ်။

မြန်မာ့စီးပွားရေးသမိုင်း

မြန်မာနိုင်ငံရဲ့ စီးပွားရေးသမိုင်းကို လေ့လာသုံးသပ်တဲ့အခါ စစ်မဖြစ်မီကာလမှာ နိုင်ငံခြားသားပိုင်စီးပွားရေး အဖွဲ့အစည်းများက  ကိုလိုနီခေတ်မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ခဲ့တာတွေ့ရပါတယ်။ ပေါကြွယ်ဝလှတဲ့ သဘာဝ သယံဇာတ ထုတ်လုပ်တူးဖော်မှုလုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံမှာရှိတဲ့ ရေနံတွင်း တွေဟာ အလွန်ထင်ရှားလှပါတယ်။ တစ်ဖက်ကလည်း သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ၊ နိုင်ငံခြားတိုင်း ပြည်တွေကို တင်ပို့ခဲ့တဲ့ ဆန်စပါးလုပ်ငန်းတွေမှာ အဓိကကျတဲ့နေရာတွေ ယူထားခဲ့တာ တွေ့ရပါတယ်။ ဧရာဝတီ မြစ်တစ်လျှောက် ခရီးသွားလာရေးနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့တာ တွေ့ရတယ်။  ဘဏ်လုပ်ငန်းတွေဟာလည်း နိုင်ငံခြားသားများ   ပိုင်ဆိုင်ပြီး  ဘဏ္ဍာရေးစနစ်ကို   ချုပ်ကိုင်ခဲ့တာ တွေ့ရပါတယ်။

လွတ်လပ်ရေးရပြီးချိန်မှာ နိုင်ငံခြားသားပိုင်စီးပွားရေး အဖွဲ့အစည်းတွေ တစ်စတစ်စလျော့နည်းသွားတာ တွေ့ရပါတယ်။ ဖဆပလအစိုးရအနေနဲ့ ပုဂ္ဂလိကကဏ္ဍကို တစ်ဖက်က အားပေးခဲ့ပေမယ့် နိုင်ငံတော်ကဦးစီးပြီး လှုပ်ရှားတဲ့  စီးပွားရေးအဖွဲ့အစည်းများကို တည်ထောင်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ တပ်သားတွေရဲ့ သက်သာ ချောင်ချိရေးအတွက် ဦးတည်ပြီး စီးပွားရေးအဖွဲ့အစည်းတွေကို တည်ထောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အခုလို ပိုင်ဆိုင်မှုပုံစံမျိုးစုံနဲ့ ရှင်သန်နေတဲ့ အခြေအနေဟာ ၁၉၆၂  ခုနှစ်မှာ  လုံးဝပြောင်းလဲခဲ့ပါတယ်။  မြန်မာ့          ဆိုရှယ်လစ်လမ်းစဉ်အရ နိုင်ငံမှာရှိတဲ့  စီးပွားရေးစနစ်များဟာ နိုင်ငံပိုင်ဖြစ်ရမယ်ဆိုတဲ့ မူဝါဒအရ ပုဂ္ဂလိက လုပ်ငန်းကြီးငယ်မကျန် အားလုံးကို ပြည်သူပိုင်သိမ်းခဲ့တာ တွေ့ရှိရပါတယ်။ စီးပွားရေးအဖွဲ့အစည်းအားလုံးဟာ နိုင်ငံတော်ရဲ့ပိုင်ဆိုင်မှုနဲ့ အုပ်ချုပ်စီမံမှုအောက်ကို ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာ ဒုတိယမဏ္ဍိုင်အနေနဲ့ သမဝါယမ အဖွဲ့အစည်းများကို  ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

အရည်အသွေးထက် အရေအတွက်ဦးစားပေးခဲ့

အခုလိုပိုင်ဆိုင်မှုရော လုပ်ငန်းလှုပ်ရှားဆောင်ရွက်မှုတွေဟာ အစိုးရရဲ့ယန္တရားအတွင်း သက်ရောက်သွားခဲ့တယ်။ စီးပွားရေးဦးတည်ချက်ဖြစ်တဲ့ အကျိုးအမြတ်ရရှိရေး  ဈေးကွက်ထိုးဖောက်မှုတွေအပေါ် အာရုံမပြုဘဲ စီမံကိန်းအရ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေပြည့်မီဖို့ အာရုံပြုခဲ့ကြတယ်။ အရည်အသွေး ဦးစားပေးမှုထက် အရေအတွက်ကို ဇောင်းပေးခဲ့တာ တွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို အုပ်ချုပ်စီမံရာမှာ စီးပွားရေး ပေတံတွေ  အသုံးမပြုဘဲ  နိုင်ငံရေးပေတံ၊ အုပ်ချုပ်ရေး ပေတံတွေအသုံးပြုပြီး စီမံအုပ်ချုပ်ခဲ့တာ တွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ ဈေးနှုန်းထိန်းချုပ်မှု ယန္တရားကိုအသုံးပြုခဲ့တယ်။ စားသုံးသူတွေရဲ့ အကျိုးအတွက် စေတနာကောင်းနဲ့  စီမံဆောင်ရွက်ခဲ့ပေမယ့် ရောင်းလိုအားနဲ့ဝယ်လိုအား ညီမျှမှုမရှိတာကြောင့် မှောင်ခိုဈေးကွက်ကို   ဖော်ထုတ်ခဲ့တာ  တွေ့ရပါတယ်။ မဆလခေတ်တစ်ခေတ်လုံးမှာ  မှောင်ခိုစီးပွားရေးစနစ် ကြီးထွားလာခဲ့ပြီး ပုံမှန်စီးပွားရေးလည်ပတ်မှုကို ယှဉ်ပြိုင်ခဲ့တာတွေ့ရတယ်။ စားသုံးသူများလိုချင်တဲ့ ကုန်ပစ္စည်း တွေကို  အပြည့်အဝထုတ်ပေးနိုင်ခဲ့ခြင်း မရှိတာကြောင့် မှောင်ခိုစနစ်ကို အများပြည်သူက အားကိုးလာခဲ့ရတယ်။ စီးပွားရေးလုပ်ငန်း  အဖွဲ့အစည်းတွေမှာ အထူးသဖြင့် ပြည်သူပိုင်သိမ်းခဲ့တဲ့ စက်ရုံအလုပ်ရုံတွေမှာ နိုင်ငံရေးအရ ယုံကြည်စိတ်ချမှုရှိစေရေး ဦးတည်ချက်နဲ့ ပါတီကေဒါတွေကို တာဝန်ပေးခဲ့ပြန်တယ်။ တစ်နည်းအားဖြင့် စီးပွားရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းခဲ့ခြင်းဖြစ်တယ်။

အခုလို နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း လုပ်ငန်းတွေဟာ ကြီးထွားကျယ်ပြန့်လာခဲ့တယ်။  ပုဂ္ဂလိကလုပ်ငန်းများ လုံးဝပပျောက်သွားပြီး စီးပွားရေးကျွမ်းကျင်လိမ္မာသူများဟာ မှောင်ခိုစနစ်မှာ လှုပ်ရှားခဲ့ကြတာ  တွေ့ရ တယ်။ တချို့စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍနဲ့ ဖက်စပ်လုပ်ခဲ့ပြန်တယ်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ထောင်ပြီး ဆောင်ရွက်ခဲ့ပေမယ့် စီးပွားရေးအရ စိန်ခေါ်မှုမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရကာ ၁၉၈၇ ခုနှစ်မှာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံများစာရင်းဝင် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ၁၉၈၈    အရေးအခင်းဟာ အဓိက နိုင်ငံရေးလှုပ်ရှားအုံကြွမှုဖြစ်ပေမယ့် စီးပွားရေးအခြေခံတွေ အားနည်းခဲ့တဲ့ အကြောင်းရင်းလည်းပါဝင်ကြောင်း လက်ခံရမှာဖြစ်ပါတယ်။ စားဝတ်နေရေးအခြေအနေတွေ တဖြည်းဖြည်း ဆိုးရွားကျပ်တည်းလာပြီး  ထွက်ပေါက်မမြင်တဲ့  အခြေအနေကိုရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။

အခွင့်အလမ်းတွေ ဖော်ထုတ်ပေး

၁၉၈၈ ခုနှစ် နဝတအစိုးရအနေနဲ့ နိုင်ငံရေးအာဏာကို လွှဲပြောင်းယူခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို အကောင် အထည်ဖော်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ တစ်ဖက်မှာ နိုင်ငံရေးဖိအားတွေ၊ ပိတ်ဆို့မှုတွေနဲ့  ကြုံတွေ့ခဲ့ရတယ်။ ပုဂ္ဂလိကကဏ္ဍကိုဖွင့်လှစ်ပြီး အခွင့်အလမ်းတွေ ဖော်ထုတ်ပေးခဲ့တယ်။ ရင်းနှီးပတ်သက်တဲ့သူများကို  ဦးစားပေးခဲ့တဲ့အတွက် Crony စီးပွားရေးစနစ် ပေါ်ပေါက်ခဲ့ပြန်တယ်။ နိုင်ငံတော်စီမံကိန်းများကို ရင်းနှီးတဲ့သူများ၊ ပတ်သက်သူများကို လုပ်ခွင့်ပေးခဲ့တာတွေ့ရတယ်။

စီးပွားရေးအဖွဲ့အစည်းမျိုးစုံ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် မဆလခေတ်က  လွှဲပြောင်းရယူခဲ့တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို  ယခင်ပုံစံအတိုင်း လှုပ်ရှားစေ ခဲ့တယ်။  နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ   အရှုံးပေါ်နေ           သော်လည်း ဆက်လက်လှုပ်ရှားခဲ့တာ တွေ့ရတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ ဦးသိန်းစိန် အစိုးရအနေနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် ကြိုးစားခဲ့ပါတယ်။

နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေးပြဿနာကို ဆိုရှယ်လစ်ကွန်မြူနစ်စနစ်မှ  ဈေးကွက် စီးပွားရေးစနစ်သို့ ပြောင်းလဲတဲ့နိုင်ငံတိုင်းကြုံတွေ့ခဲ့ရပါ တယ်။   ရုရှားနိုင်ငံမှာ  ရင်ဆိုင်ဖြေရှင်းခဲ့ရသလို အရှေ့ ဥရောပနိုင်ငံတွေနဲ့ တရုတ်ပြည်မှာလည်း အလားတူ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်။ ရုရှားနိုင်ငံနဲ့ အရှေ့ဥရောပနိုင်ငံများအနေနဲ့  တစ်ချိန်က   ပြည်သူပိုင်သိမ်းပိုက်ပြီး အစိုးရစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများကို Privatization   အစီအစဉ်အရ   လေလံပစ်ပြီး ထုခွဲရောင်းချခဲ့တယ်။  ယခုလိုဆောင်ရွက်ရာမှာ မရိုးသားမှုတွေ ကြောင့် တန်ဖိုးကြီးမားလှတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ဈေးပေါပေါနဲ့ပတ်သက်သူများလက်ထဲသို့  လွှဲပြောင်းခဲ့ တယ်။ နိုင်ငံအရင်းအနှီးတွေ ဆုံးရှုံးခဲ့တယ်။ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့အနေနဲ့   ပုံစံတစ်မျိုးနဲ့    ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တယ်။   နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများကို အုပ်ချုပ်မှုပုံစံအသစ်ဖြစ်တဲ့ Corpo-ratization ကို ကျင့်သုံးအကောင်အထည်ဖော်ခဲ့တယ်။ ပိုင်ဆိုင်မှုကို နိုင်ငံတော်လက်ဝယ် ထိန်းသိမ်းထားစေတဲ့  လုပ်ငန်းဆောင်ရွက်မှုကို  ကျွမ်းကျင်လိမ္မာတဲ့ စီမံခန့်ခွဲ သူတွေကို လုပ်ကိုင်ဆောင်ရွက် စေခဲ့ပါတယ်။

ပုဂ္ဂလိကကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးကို ဦးစားပေး

မြန်မာနိုင်ငံအနေနဲ့ အခုလို အခြေခံရွေးချယ်မှုနှစ်ရပ်အနက်   ကျွန်တော့်အနေနဲ့ ဒုတိယချဉ်းကပ်မှုကို တိုက်တွန်းအားပေးခဲ့တယ်။ ဒါကြောင့်လည်း စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနများရဲ့ စီးပွား ရေးလုပ်ငန်းအဖွဲ့အစည်းတွေကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးခဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာ ဝန်ကြီးဌာနများရဲ့ ပါဝင်စွက်ဖက်မှုရှိနေဆဲဖြစ်တာကိုတွေ့မြင်ရတယ်။ အမှန်တော့ ကျွမ်းကျင်လိမ္မာတတ်ကျွမ်းတဲ့ စီမံခန့်ခွဲသူတွေကို အပြည့်အဝယုံကြည်မှုရှိဖို့  လိုအပ်တယ်။  မဟာဗျူဟာ ပြဿနာများနဲ့ ပတ်သက်ပြီး  ဝန်ကြီးဌာနများအနေနဲ့ အာရုံစိုက်ရမှာဖြစ်တယ်။  ရေရှည်အနာဂတ်ကာလအတွက် ရည်မှန်းချက်တွေကို    ချမှတ်ပြီး    စီမံခန့်ခွဲသူများကို ယုံကြည်မှုအပြည့်နဲ့ တာဝန်ပေးအပ်ရမှာ  ဖြစ်တယ်။ အသေးစိတ်အဆုံးအဖြတ်တွေနဲ့ ပတ်သက်ပြီး စိတ်ချစွာဖြင့် လှုပ်ရှားခွင့်ပြုရမှာ ဖြစ်တယ်။ တာဝန်ပေးအပ်ခြင်း ခံရတဲ့ စီမံခန့်ခွဲသူများအနေနဲ့ စီးပွားရေးရလဒ်ကို အခြေခံ ပြီး အဆုံးအဖြတ်တွေ  ပေးသွားခွင့်ရှိရမှာ ဖြစ်တယ်။ စီးပွားရေးဆန်ဆန် လှုပ်ရှားခွင့်ရှိရမှာဖြစ်တယ်။ တာဝန်ယူ၊ တာဝန်ခံမှုကို ဦးစားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးစီးတဲ့ နိုင်ငံတော်အစိုးရ (၂၀၁၅) တာဝန်ယူချိန်ကစပြီး ပုဂ္ဂလိကကဏ္ဍတိုးတက် ဖွံ့ဖြိုးရေးကို  ဦးစားပေးဆောင်ရွက်ခဲ့တယ်။  ဒုတိယ           သမ္မတ ဦးမြင့်ဆွေဦးစီးတဲ့  ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နဲ့ လစဉ်တွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းရှင်များရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့ ပါတယ်။    စီးပွားရေးလုပ်ငန်းများ  လွယ်ကူစွာလှုပ်ရှားဆောင်ရွက်နိုင်ရန် အစီအစဉ်တွေ  ဖော်ထုတ်ချမှတ်ခဲ့ပါတယ်။ အောင်မြင်မှုလည်းရရှိခဲ့ပါတယ်။ အခြေခံအချက်အနေနဲ့ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများနဲ့ ပတ်သက်ပြီး ကောင်းမွန်သော  စီမံအုပ်ချုပ်မှုကို  ဦးစားပေးသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

စီမံခန့်ခွဲမှုရှုထောင့်မှ သုံးသပ်လေ့လာရာ၌ အစိုးရ (Government) နဲ့ စီမံအုပ်ချုပ်မှု(Governance)ကို ခွဲခြားပြီး သုံးသပ်လေ့လာပါတယ်။ အစိုးရဆိုတဲ့ဝေါဟာရကို လူတိုင်းအလွယ်တကူ နားလည်သဘောပေါက်ပေမယ့် စီမံအုပ်ချုပ်မှုကို  အသိနည်းကြပါတယ်။   အမှန်တော့ ဒီဝေါဟာရနှစ်ခုဟာ မတူညီဘဲ ကွဲပြားခြားနားတာ ဖြစ်တယ်။

အခြေခံဖြစ်သော 4P

စီးပွားရေးအဖွဲ့အစည်းများအတွက် ကောင်းမွန်သောစီမံအုပ်ချုပ်မှုကို စဉ်းစားရာမှာ အခြေခံလေးချက်ရှိကြောင်း တွေ့ရှိရပါတယ်။ ပထမအချက်က People ဖြစ်တဲ့ လူနဲ့ပတ်သက်ပါတယ်။ လူလို့ ပြောရာမှာ လုပ်ငန်း ရှင်များ၊ စီမံအုပ်ချုပ်သူများ၊ ဝန်ထမ်းများ၊ ပြည်သူများ၊ စားသုံးသူများ အစရှိသူတွေကို ပြောခြင်းဖြစ်တယ်။ စီးပွားရေးလုပ်ငန်းများအနေနဲ့ ပတ်သက်သူအားလုံးရဲ့ လိုအပ်ချက်မျှော်လင့်ချက်တွေကို ထည့်သွင်းစဉ်းစားသင့် ရမှာ ဖြစ်ပါတယ်။ ဒုတိယအချက်က Purpose ဖြစ်တဲ့  ဦးတည်ချက်၊ရည်ရွယ်ချက်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း တည်ထောင်ခြင်းဟာ အမြတ်ရရှိမှုတစ်ခုတည်း မဟုတ်ဘဲ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊ လူမှုရေး စောင့်ရှောက်မှုကို ဦးစားပေးရေး စသည်များကို ထည့်သွင်း စဉ်းစားဖို့လိုအပ်မှာ  ဖြစ်ပါတယ်။ တတိယအချက်က Process ၊  ဖြစ်စဉ်ဖြစ်ပါတယ်။ လုပ်ငန်းတွေလှုပ်ရှားရာမှာ သွက်လက်မြန်ဆန် ချောမွေ့အောင်ဆောင်ရွက် သွားဖို့လိုအပ်မှာ  ဖြစ်ပါတယ်။    နောက်ဆုံးအချက်က  Performance ၊  လုပ်ငန်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။

စီးပွားရေးအဖွဲ့အစည်းများနဲ့  ပတ်သက်ပြီး စီမံအုပ်ချုပ်မှုကို ဦးစားပေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။ မကြာမီ အစိုးရ တာဝန်ကိုယူမယ့် အစိုးရအသစ်အနေနဲ့ ပုဂ္ဂလိကကဏ္ဍကို  ဦးစားပေးပြီး ကောင်းမွန်သော စီမံအုပ်ချုပ်          မှုကို   အကောင်အထည်ဖော်သွားမယ်လို့  ယုံကြည်မိပါတယ်။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်