မော်စကို၊ ၁၉ ဇန်နဝါရီ

 

ရုရှားအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အစုလိုက်အပြုံလိုက်ထိုးနှံမှုကို ယမန်နေ့မှစ၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရုရှားအခြေစိုက်တော့စ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ဆန္ဒရှိသော ရုရှားပြည်သူများအနေဖြင့် ပြည်တွင်းထုတ် SputnikV နှင့် EpivacCorona ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်မျိုးအနက် တစ်မျိုးကို ရွေးချယ်ထိုးနှံနိုင်ကြောင်း သတင်းအေဂျင်စီက ထပ်မံဖော်ပြထားသည်။

 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ကျန်းမာရေးအရ အန္တရာယ်များသောအုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုမှသည် ပြည်သူတစ်ရပ်လုံး အစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုသို့ ပြောင်းလဲရန် ဇန်နဝါရီ ၁၃ ရက်က ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အစုလိုက်အပြုံလိုက် ထိုးနှံမှု ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် တာတီယာနာဂိုလီကိုဗာက ရုရှားနိုင်ငံသည် ယခုနှစ်မကုန်မီ အရပ်သားများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအလုံးရေ ၂ ဒသမ ၁ သန်းခန့် ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့အပြင် ရုရှားနိုင်ငံ၏ စားသုံးသူအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် လူသားများ သာယာဝပြောရေးဌာန အကြီးအကဲ အန်နာပိုပိုဗာက နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ရုရှားနိုင်ငံသည် Sputnik V နှင့် EpivacCorona ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်မျိုးကို လက်ရှိအချိန်အထိ မှတ်ပုံတင်ထားကြောင်း သိရသည်။ Sputnik V ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရုရှား၏ ဆေးဝါးကုမ္ပဏီဖြစ်သည့် amaleya Scientific Research Institute of Epidemiology and Microbiology ကုမ္ပဏီက ထုတ်လုပ်ပြီး EpivacCorona ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ရုရှား၏ Research Center of Virology and Biotechnology Vector က တီထွင်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အခြားသော ရုရှားဆေးဝါး ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စမ်းသပ်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဘာနားမား

ဘာသာပြန် - ဂျေတီ