မောင်စာဂ
နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ဆောင်ရွက်သည်ဟုဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။
(စာတည်းအဖွဲ့)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၏ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူး သက်တမ်းအတိုင်းဖြစ်ပြီး ဦးစီးအဖွဲ့ဝင်များ၏ ရာထူး သက်တမ်းသည်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သက်တမ်းအတိုင်း ဖြစ်သည်။ မကြာခင် တတိယအကြိမ် လွှတ်တော်သက်တမ်း အတွက် လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပ ပါတော့မည်။ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက် ကြရပါတော့မည်။ အစိုးရအဖွဲ့များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖွဲ့စည်းရပါတော့မည်။ တစ်ဆက်တည်းပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ ဦးစီးအဖွဲ့များကို လည်း အသစ်ပြန်လည်ဖွဲ့စည်းရပါတော့မည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ဦးစီးအဖွဲ့များ မည်သို့ဖွဲ့စည်း ရပါသနည်း။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကိုးကား၍ အနှစ်ချုပ်မျှဝေပါရစေ။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများဆိုသည်မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုဆိုသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
စီရင်စုများဖြစ်သည့်အားလျော်စွာ အဆင့်အတန်းအားဖြင့် တူညီကြသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုရှိသည်။ ၎င်းမှာ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်သည်။ ရှမ်းပြည်နယ် အတွင်းမှာတည်ရှိသည်။ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခရိုင် ဖွဲ့ပြီး 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ် သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည် -
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စစ်ကိုင်းတိုင်း ဒေသကြီးတွင်ရှိသည်။ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းထားသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းပြည်နယ် တွင်ရှိသည်။ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းထားသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းပြည်နယ် တွင်ရှိသည်။ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်း မြို့နယ်တို့ကို စုစည်းထားသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းပြည်နယ် တွင်ရှိသည်။ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို စုစည်းထားသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းပြည်နယ် တွင်ရှိသည်။ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ် တို့ကို စုစည်းထားသည်။
လွှတ်တော်ကိုယ်စားလှယ်များရွေးချယ်ခွင့်
ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ အခြားသော မြို့နယ်များကဲ့သို့ ရွေးကောက်တင်မြှောက်မှုပုံစံ တူညီ သည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အတွက် ရွေးကောက်တင်မြှောက်ရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကျစီ ရွေးကောက် တင်မြှောက်ခွင့် ရရှိသည်။
ဦးစီးအဖွဲ့များ ဖွဲ့စည်းထားရှိခြင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများဖြစ်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ ဖွဲ့စည်းထားရှိ သည်။ အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦး ပါဝင်ရသည်။ ဖော်ပြပါ ဦးစီးအဖွဲ့များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေး အဖွဲ့များဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရဒေသ ဦးစီးအဖွဲ့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် များမှ ရွေးကောက်တင်မြှောက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာတာဝန်ဖြစ်စေ ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော် သားကိုယ်စားလှယ်များ ပါဝင်သည်။ ထို့ပြင် ဖော်ပြပါ ကိုယ်စားလှယ်များက ရွေးချယ်ဖြည့်စွက်ခန့်ထားသည့် ကိုယ်စားလှယ်များပါဝင်သည်။
ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်း
ဦးစီးအဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များက မိမိတို့အချင်းချင်း ညှိနှိုင်းလျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက် ထား သော လွှတ်တော်ကိုယ်စားလှယ်များအနက် သင့်လျော်သူ တစ်ဦးအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးချယ်သည်။
ထိုသို့ရွေးချယ်သည့်ပုဂ္ဂိုလ်၏ အမည်စာရင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံတင်ပြရသည်။ နိုင်ငံတော်သမ္မတ သည် အမည်စာရင်းတင်သွင်းလာသည့် ပုဂ္ဂိုလ်အား
သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌအဖြစ် ခန့်အပ် တာဝန်ပေးသည်။ ခန့်အပ်တာဝန်ပေးခြင်းခံရသော ဥက္ကဋ္ဌ သည် ရာထူးအလျောက် ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဖြစ်သည်။
တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များပါဝင်ခွင့်ရှိခြင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း နေထိုင်ကြသည့် သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်း သားလူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေ ဖြစ်သည့် လူဦးရေအနည်းဆုံး ၁၀၀၀၀ နှင့် အထက်ရှိကြောင်း သက်ဆိုင်ရာကသတ်မှတ်သည့် တိုင်းရင်းသားလူမျိုးများရှိလျှင် ယင်းတိုင်းရင်းသားလူမျိုးကိုယ်စားလှယ် တစ်ဦးကျစီကို မိမိတို့အချင်းချင်းညှိနှိုင်း၍ ရွေးချယ် ခန့်ထားခွင့်ရှိသည်။ ရွေးချယ်ခန့်ထားခြင်းခံရသော ဦးစီးအဖွဲ့ဝင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထား သောအရည်အချင်းများနှင့် ပြည့်စုံရန် လိုအပ်သည်။
သင့်လျော်သောပုဂ္ဂိုလ်များ ပါဝင်ခွင့်ရှိခြင်း
ဦးစီးအဖွဲ့တွင် အဖွဲ့ဝင် ၁၀ ဦး မပြည့်သေးပါက အဖွဲ့ဝင် အနည်းဆုံး ၁၀ ဦးပြည့်စေရန် လိုအပ်သည့်အဖွဲ့ဝင်ဦးရေ ကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင်သူများထဲမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများ နှင့် ပြည့်စုံသော သင့်လျော်သည့်ပုဂ္ဂိုလ်များအား မိမိတို့ သဘောဆန္ဒအလျောက် ရွေးချယ်ဖြည့်စွက်ခန့်ထားခွင့်ရှိသည်။
တပ်မတော်သားများပါဝင်ခွင့်ရှိခြင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့တွင် ဦးစီးအဖွဲ့ဝင်စုစုပေါင်း၏ လေးပုံ တစ်ပုံဖြစ်သည့် ဦးစီးအဖွဲ့ဝင်ဦးရေကို တပ်မတော်သား များဖြင့် လိုအပ်သလို ဖြည့်စွက်တာဝန်ပေးနိုင်သည်။ အဆိုပါ တပ်မတော်သားများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းများနှင့် ပြည့်စုံရပါမည်။
အလုပ်အမှုဆောင်ကော်မတီဖွဲ့စည်းခြင်း
ဦးစီးအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များ ကို အချိန်ပြည့် တာဝန်ယူဆောင်ရွက်ရန် ဦးစီးအဖွဲ့ဥက္ကဋ္ဌ သည် အနည်းဆုံး သုံးဦးမှ အများဆုံး ငါးဦးအထိပါဝင်သော ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီကို တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူညီချက် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်တို့ဖြင့် ရွေးချယ်ဖွဲ့စည်းသည်။ ဦးစီးအဖွဲ့ ဥက္ကဋ္ဌသည် ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီနှင့် ညှိနှိုင်းပြီး ဦးစီးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီဝင်များအား စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍအသီးသီးတွင် တာဝန် ခွဲဝေပေးအပ်နိုင်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးဖြစ်သည်။ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူး အလျောက် ထိုတိုင်း သို့မဟုတ် ထိုဒေသဦးစီးအဖွဲ့၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရပါမည်။
ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များသည် မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ၊ လမ်းတံတားများဖောက်လုပ် တည်ဆောက် ပြုပြင်ထိန်းသိမ်းရေး၊ ပြည်သူ့ကျန်းမာရေး၊ စည်ပင် သာယာရေးလုပ်ငန်းများ၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ စားကျက်မြေများထိန်းသိမ်းရေး၊ သစ်တော များ ကာကွယ်ထိန်းသိမ်းရေး၊ ပြည်ထောင်စုက ပြဋ္ဌာန်း သည့်ဥပဒေနှင့်အညီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြို့ပြနှင့် ကျေးရွာများအတွင်း ရေနှင့် လျှပ်စစ်မီးဆိုင်ရာကိစ္စများနှင့် မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာ ကိစ္စများအတွက် ဥပဒေပြုခွင့်အာဏာရှိသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသများ၏ ဦးစီးအဖွဲ့များသည် မိမိတို့၏ တိုင်း သို့မဟုတ် ဒေသအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကို ထမ်းဆောင်ကြရသကဲ့သို့ သတ်မှတ်ထားသည့် ဥပဒေပြုခွင့် အာဏာများကိုလည်း ကျင့်သုံးကြရသည်။
ပြည်ထောင်စု၏ ကြယ်ပွင့်များ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန် တာဝန်ရှိသည်။ ထို့ပြင် ပြည်ထောင်စုအစိုးရ၏ မူဝါဒနှင့် မဆန့်ကျင်စေဘဲ မိမိနယ်မြေဒေသအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲလျက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းထားရှိရသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသည် ပြည်ထောင်စု၏ ကြယ်ပွင့် များဖြစ်သည်ဟု ဆိုနိုင်သည်။ ပြည်ထောင်စုကြီးလှပနေဖို့ ပြည်ထောင်စု၏ ကြယ်ပွင့်များ ထာဝရလင်းလက်နေရမည်။ ပြည်ထောင်စုကြီးအဓွန့်ရှည်တည်စေဖို့ ပြည်ထောင်စု၏ ကြယ်ပွင့်များ အင်အားတောင့်တင်းနေရမည်။
ပြည်ထောင်စု ကြီး ထာဝရငြိမ်းချမ်းစေဖို့ ပြည်ထောင်စု၏ ကြယ်ပွင့်များ အမြဲစည်းလုံးညီညွတ်စွာဖြင့် ထွန်းလင်းတောက်ပနေကြရမည်ဖြစ်ကြောင်းပါဗျာ။
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ ထာဝရ ငြိမ်းချမ်း သာယာ ပျော်ရွှင်ချမ်းမြေ့ပါစေ။
- ဘက်စုံဖွံ့ဖြိုးတိုးတက်၍ သာယာဝပြောပါစေ။
- ပြည်ထောင်စု၏ ကြယ်ပွင့်များအဖြစ် ထာဝရ လင်းလက်နေပါစေ။


