နယူးဒေလီ ၂၁ မေ
အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို မေ ၁၇ ရက်က ဝင်ရောက်ခဲ့သော ဆယ်စုနှစ်များ အတွင်းအပြင်းထန်ဆုံးဟုဆိုရမည့် ဆိုင်ကလုန်း မုန်တိုင်း တောက်တဲ့ကြောင့် လူပေါင်း ၁၂၀ ထက် မနည်းသေဆုံးခဲ့ကြောင်း အတည်ပြုဖော်ပြခဲ့ပြီးနောက် နောက်ထပ်အင်အားကြီး မုန်တိုင်းတစ်ခု အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းကမ်းလွန် ဘင်္ဂလား ပင်လယ်အော်၌ အစပျိုးလျက်ရှိကြောင်း နိုင်ငံ တကာ သတင်းတစ်ရပ်တွင် ဖော်ပြလိုက်သည်။
လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဘက်ဘက်က ယိမ်းယိုင်နေသော ကမ္ဘာ့လူဦးရေ ထူထပ်သည့် အိန္ဒိယနိုင်ငံသို့ မုန်တိုင်းများ မကြာခဏ ဝင်ရောက်လာနိုင်ပြီး ပို၍အင်အား ပြင်းထန်နိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေး ထားသည်။
တစ်နာရီလျှင် လေတိုက်နှုန်း ၁၁၅ မိုင်နှုန်းဖြင့် ဂူဂျာရတ်ကို ဝင်ရောက်တိုက်ခတ်ခြင်းမပြုမီ တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့်ဖြစ်ပေါ် လာသည့် ပြင်းထန်သည့် မိုးရွာသွန်းမှုများနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် အိန္ဒိယနိုင်ငံ အနောက်ပိုင်းနှင့် တောင်ပိုင်းဒေသရှိလူ ၂၀ သေဆုံးခဲ့ကြောင်း သိရသည်။
တောက်တဲ့ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဂူဂျာရတ်ပြည်နယ် တစ်ခုထဲတွင် သေဆုံးသူ ၈ဝ အထိ ရှိလာသောကြောင့် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း၊ အိမ်ပြိုကျမှု များနှင့် အဆောက်အအုံ ပြိုကျမှုများကြောင့် လူအသေအပျောက်ပိုမိုဖြစ်လာနိုင်ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြလိုက်သည်။
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခြင်းမပြုမီ လူဦးရေ နှစ်သိန်းခန့် ပြောင်းရွှေ့မှုများပြုလုပ်ခဲ့သည်။ သို့သော်လည်း ကိုဗစ်-၁၉ ဆေးရုံများတွင် မုန်တိုင်းကြောင့် ဆိုးရွားသည့်သတင်းမျိုး ထပ်မံ ဖော်ပြခြင်းမရှိပေ။
ဆိုင်ကလုန်းမုန်တိုင်း တောက်တဲ့သည် အရှေ့ မြောက်ဘက်သို့ ရွေ့လျားသွားပြီး အင်အားပျော့ သွားပြီဖြစ်ကြောင်း သိရသည်။ မုန်တိုင်းကြောင့် အယ်လာဟာဘတ်နှင့် နယူးဒေလီတို့တွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီး နှစ်ပေါင်း ၇၀ အတွင်း မေလ၏ အစိုစွတ်ဆုံးနှင့် အအေးဆုံးနေ့တစ်နေ့ ဖြစ်ခဲ့သည်။
အိန္ဒိယလေတပ်သည် မုန်တိုင်းကြောင့် ကမ်းလွန်ရေနံထုတ်လုပ်ရာနေရာနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့်အတွက် အဆိုပါနေရာတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးများကို ဆောင်ရွက်ခဲ့သည်။
ယခုအချိန်အထိ အလုပ်သမားပေါင်း ၁၈၈ ဦးကို ကယ်တင်နိုင်ခဲ့သည်။ ထို့အပြင်သေဆုံးသူ ၃၇ ဦးကို ထပ်မံရှာဖွေ တွေ့ရှိခဲ့သည်။ ကျန်ရှိနေသည့် ပျောက်ဆုံး အလုပ်သမား ၃၆ ဦးကို ဆက်လက် ရှာဖွေလျက်ရှိသည်။
မုန်တိုင်းကြောင့် ဂူဂျာရတ်ပြည်နယ်တွင် အိမ်ပေါင်း ၁၆ဝဝဝကျော်ပျက်စီးခဲ့ပြီး ကျေးရွာပေါင်း ၆ဝဝဝ ခန့် မီးပြတ်တောက်ခြင်းကို ကြုံတွေ့ခဲ့သည်။
မုန်တိုင်းဒဏ်ခံပြည်သူများကို ကူညီရန် အမေရိကန်ဒေါ်လာ ၁၃၆ သန်းတန်ဖိုးရှိ အကူအညီပေးရေး အစီအစဉ်တစ်ခုကို ကြေညာခဲ့သည်။ လွန်ခဲ့သည့်နှစ် ကတည်းကစကာ အိန္ဒိယနိုင်ငံကို ဝင်ရောက်ခဲ့သည့် မုန်တိုင်းများအနက် တောက်တဲ့သည် ဒုတိယအကြီးဆုံး ဆိုင်ကလုန်း မုန်တိုင်းတစ်ခုဖြစ်သည်။
အေအက်ဖ်ပီ၊ အင်န်အိတ်ချ်ကေ


