ဟင်္သာတ ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အားကစားခန်းမတွင် ယနေ့ နံနက် ၉ နာရီ၌ ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP)အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိူးသားပိုက်ကျော်ခြင်းနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဖူဆယ် ဘောလုံးဆပ်ကော်မတီနှင့် မြို့နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ကို တာဝန်ရှိသူများက အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။
အားကစားပြိုင်ပွဲများအား ဇူလိုင်လ(၂)ရက်မှစတင်ကျင်းပမှာဖြစ်ရာ ဖူဆယ်ဘောလုံးအသင်း (၈)သင်း၊ ပိုက်ကျော်ခြင်း အသင်း(၁၂)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်းနှင့် ဆုချီးမြှင့်ပွဲအား ဇူလိုင်လ (၄)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးကျော်သန်း နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အားကစားဆပ်ကော်မတီအဖွဲ့ဝင်များနှင့် အားကစားသမားများ တတ်ရောက်ခဲ့ကြသည်။
ကိုဇော် (ပြန်/ဆက်)


