မင်းခန့်

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့မှာ နိုင်ငံတော်၏ အရေးပေါ်အခြေအနေ ဖြစ်လာတဲ့အတွက် တပ်မတော်က နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ထားရပါတယ်။ ဒီလို အရေးပေါ်အခြေအနေ ပေါ်ပေါက်လာရတဲ့ အကြောင်းက၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲမှာဖြစ်ပေါ်ခဲ့တဲ့ မတရားမှုတွေ၊ မဲမသမာမှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုမတရားမှုတွေ၊ မသမာမှု တွေရှိခဲ့ပေမယ့်လည်း ယခင် NLD အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာအဖြေရှာနိုင်တဲ့ အခွင့်အရေးတွေရှိခဲ့ပါတယ်။ တပ်မတော်က ထုတ်ပြန်ချက်တွေ အကြိမ်ကြိမ်အခါခါထုတ်ပြီး တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ ဖြေရှင်းနိုင်ဖို့အခွင့်အရေးတွေ၊ အရင်းအမြစ်တွေနဲ့ နည်းလမ်းတွေအားလုံးသည်လည်း NLD အစိုးရနဲ့ တစ်ပါတီကြီးစိုးထားတဲ့ လွှတ်တော်မှာ ရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း NLD အစိုးရက လွတ်လပ်စွာရှိနေရမယ့် ရွေးကောက်ပွဲကော်မရှင်ကိုလည်း အလုံးစုံချုပ်ကိုင်ထားတဲ့အတွက် ဒီဖြေရှင်း နည်းတွေ၊ အချိန်တွေအားလုံး လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်၏အရေးပေါ် အခြေအနေကို ဆိုက်ခဲ့ရတယ်ဆိုပါတော့။

 

ဒီမိုကရေစီစနစ်ကိုလိုချင်ရင်

 

ယနေ့ဖြစ်ပေါ်နေရတဲ့ နိုင်ငံရေးအခြေအနေရဲ့ မူလဘူတကို ပြန်ပြောနေရပေမယ့်လည်း ဒီဆောင်းပါးမှာ အဓိကပြောချင်တာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေကိစ္စဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံရေးစနစ်ရဲ့ အနှစ်သာရက မိမိနဲ့မတူကွဲပြားမှုကို တည်တည်ငြိမ်ငြိမ် လက်ခံနိုင် ခြင်းပဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကိုလိုချင်ရင် ဒီလိုစိတ်ဓာတ်မျိုး၊ ခံယူချက်မျိုးရှိအောင် အရင်ပြုစု ပျိုးထောင်ရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်ခြင်းဆိုတာက ဒီမိုကရေစီနည်းလမ်းရဲ့ ဘောင်ထဲမှာ ရှိနေပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုတွေဟာ ဘာကြောင့် အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြောင်းလဲခဲ့ရပါသလဲ။

 

အဓိကအချက်ကြီး ၂ ချက်ရှိပါတယ်။ ပထမ အချက်က နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်မှု ဖြစ်ပါတယ်။ NUG/PDF အကြမ်းဖက်အဖွဲ့တွေ ပေါ်ပေါက်လာဖို့ နိုင်ငံတချို့က ကူညီခဲ့ကြပါတယ်။ မကြာသေးခင်ကပဲ ဖေဖော်ဝါရီလအတွင်းကနေစပြီး အမေရိကန်နိုင်ငံသားတစ်ဦးက အကြမ်းဖက် သင်တန်းတွေ ပေးခဲ့တဲ့အကြောင်း စင်ကာပူအခြေစိုက် လွတ်လပ်တဲ့ အင်တာနက်မီဒီယာတစ်ခုဖြစ်တဲ့ New Naratif က စက်တင်ဘာလ ၉ ရက်နေ့က ဖော်ထုတ်ရေးသားထားပါတယ်။ လက်လုပ်ဗုံး၊ လက်လုပ်သေနတ် ပြုလုပ်နည်းတွေနဲ့ လူထုအကြား ဖောက်ခွဲမှုတွေလုပ်ဖို့ နည်းလမ်းတွေကို Zoom Application ကနေ တစ်ဆင့် သင်ကြားပေးခဲ့ပါတယ်။ အမှန်တော့ သတင်းအရင်းအမြစ်တွေအရ အကြမ်းဖက်လက်နက်ပစ္စည်းတွေ ပြုလုပ်နည်းတွေတင်မကပါဘူး၊ အစွန်းရောက် အတွေးအခေါ်တွေကိုပါ မသိမသာ ထည့်သွင်း သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသင်တန်းကို NUG က ဆာဆာက တက်ရောက်အားပေးခဲ့ပါတယ်။ ဒါကြောင့် New Naratif ရဲ့ ဖော်ထုတ်ရေးသားထားချက်က NUG အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုလုပ်ငန်းတွေမှာ တိုက်ရိုက်ပါဝင် ပတ်သက်နေတယ်ဆိုတာ နိုင်ငံတကာအဖွဲ့အစည်းများအတွက် ငြင်းမရနိုင်တဲ့ သက်သေဖြစ်ပါတယ်။

 

ပြည်ဖျက်မီဒီယာတွေ နှုတ်ဆိတ်နေ

 

သင်တန်းတက်ခဲ့တဲ့ လူငယ်တွေကိုယ်တိုင်က CIA က သင်တန်းပေးနေတယ်လို့ ထင်မှတ်နေခဲ့တာပါ။ ဒါကြောင့်လည်း ဆန္ဒပြနေတဲ့လူငယ်တွေအကြားမှာ မြန်မာနိုင်ငံကို အမေရိကန်တပ်တွေ ဝင်လာတော့မယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ယုံကြည်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဝင်ခဲ့ရတာ ဖြစ်ပါတယ်။ အစိုးရဘက်ကပြောတဲ့ သတင်းအချက်အလက်တွေကို အမျိုးမျိုးပုံဖျက်နေကြပေမယ့် ဒီလို နိုင်ငံတကာ ဂျာနယ်လစ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အစွန်းရောက်အကြမ်းဖက်ဝါဒကို ဝိုင်းဝန်း ဖော်ထုတ်လာကြတာကိုတော့ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတွေ နှုတ်ဆိတ်နေကြပါတယ်။

 

ဒီလိုအကြမ်းဖက်မှု လမ်းကြောင်းပေါ်ရောက် ရှိသွားစေတဲ့ နောက်တစ်ချက်က မြန်မာနိုင်ငံနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းအပေါ်မှာ သဘောထား မှန်ကန်မှုမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ကြောင့် ဖြစ်ပါတယ်။ ယခုအချိန်ထိ ကြားသိနေရတဲ့ သတင်းတွေအရ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေ တဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်စေဖို့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့ ကူညီပံ့ပိုးပေးနေကြတဲ့ အဖွဲ့တွေကတော့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ဖြစ်ပါတယ်။ တချို့အဖွဲ့တွေက အဖွဲ့အစည်းအလိုက် ပါဝင်ကြတာမဟုတ်ပေမယ့် ကိုယ့် လက်အောက်ခံ တပ်ဖွဲ့တွေကို မအုပ်ချုပ်နိုင်တာ တွေ့ရပါတယ်။ ။

 

ထင်ရှားတဲ့ ဥပမာတွေကို ဖော်ထုတ်ပြရရင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှာ အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးအဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကို မှတ်မိကြ လိမ့်ဦးမယ် ထင်ပါတယ်။ ဒီဖြစ်စဉ်မှာ အသေဖမ်းဆီးရမိခဲ့တဲ့အကြမ်းဖက်သမား ရှစ်ဦးထဲက နှစ်ဦးက KIA အဖွဲ့က ဗိုလ်အဆင့်ရှိတဲ့ တူးဖိုးနဲ့ ကိုရိုင်းဆိုသူဖြစ်ပါတယ်။ ဒီအဖွဲ့တွေနဲ့ဆက်စပ်ပြီး မန္တလေး - ဗန်းမော် ကားလမ်း ဝါးရုံကုန်းကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်မျိုးစုံ ၁၁၄ လက်နဲ့ ခဲယမ်းအရေအတွက် အမြောက်အမြားကလည်း KIA အဖွဲ့က ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ မိုးညှင်းမြို့နယ်က NLD ပါတီဝင် သက်ထားနှောင်းကို ဖမ်းဆီးရမိတဲ့ဖြစ်စဉ်မှာလည်း သူ့အနေနဲ့ KIA သောင်းကျန်းသူအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး KIA တပ်မဟာ (၈) ဒုတပ်မဟာမှူး အောင်ဂျာရဲ့ ခိုင်းစေချက်နဲ့ အကြမ်းဖက်မှုဆောင်ရွက်ဖို့ သယ်ယူပို့ဆောင်ရေးတာဝန်တွေကို ယူထားတယ်လို့ ဆိုပါတယ်။

 

အကြမ်းဖက်သင်တန်း တက်ရောက်လာသူတွေ

 

ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ ဆောင်ရွက်ခဲ့သူ အများစုနဲ့ ဦးဆောင်သူတွေက KNU တပ်မဟာ တချို့မှာ အကြမ်းဖက်သင်တန်း တက်ရောက်လာ သူတွေဖြစ်ပါတယ်။ TNLA အနေနဲ့လည်း နောင်ချိုမြို့နယ် နောင်စိုးလေးကျေးရွာအနီးမှာ အကြမ်းဖက်သင်တန်းပေးခြင်းနဲ့ လက်နက်ထောက်ပံ့တာ တွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒဂုံမြို့နယ်မှာ ဖမ်းမိတဲ့ အကြမ်းဖက်ဗုံးခွဲသူတွေထဲမှာ KNPP က သင်တန်းပေးထားတဲ့ အဖွဲ့တွေလည်း ပါဝင်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာမီးပွိုင့် ခုံးကျော် တံတားအောက်မှာ အကြမ်းဖက်ဗုံးဖောက်ခွဲခဲ့တဲ့ တရားခံတွေထဲမှာ ပင်လုံမြို့ အနောက်မြောက်ဘက် တောထဲမှာ RCSS တပ်မဟာ (၇၀၇) ရဲ့ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့သူတွေ ပါပါတယ်။

 

အကြမ်းဖက်မှုတွေဆောင်ရွက်တဲ့နေရာမှာ CNF လည်း ပါဝင်ပါတယ်။ NUG က ဆာဆာက NLD ပါတီဝင် ချင်းလူမျိုးတွေနဲ့ CDM ဝန်ထမ်းတွေကို CNF အခြေစိုက် တလန်လိုရွာမှာ အကြမ်းဖက် သင်တန်းတွေပေးပြီး CNF ကို PDF အမည်ခံပြီး ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့အနေနဲ့ တီးတိန်မြို့က တပ်မတော်တပ်ရင်းတွေ၊ ဟားခါးမြို့က အစိုးရအဖွဲ့ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်၊ ထန်တလန်မြို့နယ်မှာရှိတဲ့ လုံလဲစခန်းနဲ့ တီးဘွယ် ရဲကင်းစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။ ချင်းပြည်နယ် အတွင်းမှာလည်း လူသတ်မှုနဲ့ ဓားပြမှုတွေကို ကျူးလွန်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

 

အမြဲတမ်းစောင့်ကြည့်ကြိုးစားနေ

 

ဒီအဖွဲ့တွေက တပ်မတော်အပေါ် နိုင်ငံရေးနဲ့ စစ်ရေးအရအမြတ်ထုတ်ဖို့ အမြဲတမ်းစောင့်ကြည့် ကြိုးစားနေကြတာဖြစ်ပါတယ်။ အခုလည်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို အမြတ်ထုတ်ပြီး ပြည်တွင်းက မြန်မာလူငယ်တွေကို အကြမ်းဖက်သင်တန်းတွေ ပေးနေကြပါတယ်။ သင်တန်းဆင်းလာတဲ့အဖွဲ့တွေကို မြန်မာပြည်တွင်းကိုဝင်ပြီး အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်စေပါတယ်။ သူတို့ကတော့ သက်ဆိုင်ရာဒေသတွေက တပ်မတော်စခန်းနဲ့ ရဲစခန်းအချို့ကို တိုက်ခိုက်ကြပါတယ်။ ဒီလိုနည်းနဲ့ စစ်ရေးအမြတ်ရယူကြပါတယ်။ ၎င်းတို့ကိုယ်တိုင် မူးယစ်ဆေးဝါးနဲ့ စီးပွားရှာနေကြပြီး ပြည်ပအဖွဲ့ အစည်းတချို့ကနေလည်း ထောက်ပံ့ကြေးတွေ ရယူထားပါသေးတယ်။ ဒီလိုအဖွဲ့တွေအတွက်ကတော့ ကြောင်ကြာကြာရေမငုပ်နိုင်ဘူးလို့ပဲ ဆိုချင်ပါတယ်။ မြန်မာ ပြည်သူလူထုက အခြေအနေမှန်ကို သဘောပေါက် လာကြပါပြီ။ ။

 

ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆီကနေ အကြမ်းဖက်သင်တန်းဆင်းလာတဲ့ အဖွဲ့တွေက အစွန်းရောက်နေသူတွေပီပီ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့သက်ဆိုင်တဲ့ နေရာတွေကို ဦးတည်တိုက်ခိုက်ကြပါတော့တယ်။ NUG/PDF ရဲ့ အကြမ်းဖက်မှုဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်တွေကိုတော့ ဇယားနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

 

ဒီလိုမျိုး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနေရာတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်ပစ်ခတ်မှုနဲ့ ဗုံးခွဲတဲ့ဖြစ်စဉ်၂၆ ကြိမ်ရှိပြီး အပြစ်မဲ့ပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်း ၇ ဦးသေဆုံး၊ ၂၂ ဦး ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမရွာဖြစ်စဉ်မှာလည်း PDF အမည်ခံ လက်နက်ကိုင် အကြမ်းဖက်သမားတွေက အပြစ်မဲ့တဲ့ကျေးရွာနေ ပြည်သူတွေရဲ့ အိမ်ခြေ ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ချင်းပြည်နယ် ထန်တလန် ရာပြည့်နှစ်ခြင်း ခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာလည်း PDF အကြမ်းဖက်သမားတွေလက်ချက်သာဖြစ်ပါတယ်။ ထန်တလန်မြို့ အမှတ်(၁)ရက်ကွက်မှာ PDF အကြမ်းဖက်သမားတွေက ရပ်ကွက်ထဲကနေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ကြပါတယ်။ ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်က ညနေ ၄ နာရီကနေ ၄ နာရီ ၂၅ မိနစ်အထိသာဖြစ်ပါတယ်။ သင်းအုပ်ဆရာသေဆုံးခဲ့တဲ့အချိန်က ညနေ ၆ နာရီဖြစ်နေပါပြီ။ ဒါကို တပ်မတော်က ပစ်ခတ်တယ်လို့ ပြည်ဖျက် မီဒီယာတွေက စွပ်စွဲရေးသားကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်နဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တို့ရဲ့ ထုတ်ပြန်ချက်တွေကလည်း ဘာသာရေးဘက်ကို ဆွဲယူရေးသားနေတာမျိုးတွေ တွေ့နေရပါတယ်။ သတိပြု စရာကိစ္စရပ်တွေပါပဲ။

 

မကြာသေးခင်က KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ နော်ဘူက မိုင်ဆတ်ပါရွာ ကိုဗစ်စခန်းကို တပ်မတော် က လက်နက်ကြီးနဲ့ ပစ်နေတယ်ဆိုပြီး ပြောတဲ့ သတင်းဖတ်လိုက်ရတော့ ငပြူးက ပြဲရတယ်လို့ပဲ ဆိုချင်တော့တယ်။ တကယ့်လက်တွေ့မှာ ပြည်သူလူထုကို တိုက်ရိုက်ထိခိုက်စေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ဆိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ရဲ့ အကြမ်းဖက်သင်တန်းဆင်းလာတဲ့ PDF အကြမ်း ဖက် အဖွဲ့တွေပဲဖြစ်ပါတယ်။ ဒီလိုအစွန်းရောက် အကြမ်းဖက်ဝါဒမျိုးဆိုတာ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းကမှ လက်မခံနိုင်တာကြောင့် ကျွန်တော်တို့လို ယဉ်ကျေးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း ရှင်သန်လာစရာ အကြောင်းမရှိပါဘူး။ ။

 

ဒါကြောင့် မြန်မာနိုင်ငံမှာ အစွန်းရောက် အကြမ်းဖက်ဝါဒကို ဦးဆောင်နေသူက NUG/PDF ဖြစ်ပေမယ့် ဒီလမ်းကြောင်းပေါ် ရောက်အောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြတဲ့ ပြည်ပနိုင်ငံတချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တချို့ရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ ပြည်သူလူထုကြီး သတိထားမိစေချင်ပါတယ်။ ပညာရေး၊ ကျန်းမာရေး နဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ နေရာမရှောင် ဗုံးခွဲနေကြပြီး သာမန်ပြည်သူတွေနဲ့ သံဃာတော်တွေကို ဒလန်လို့စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်နေကြတဲ့ NUG/PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေက အလွန်ပဲ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုကြီးအနေနဲ့ အကြမ်းဖက်ဝါဒ ထွန်းကားလာအောင် ဆိုရှယ်မီဒီယာပေါ်ကနေ လှုံ့ဆော်နေကြတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းအမှား၊ အချက်အလက်အမှားတွေကိုလည်း သတိပြု ဆင်ခြင်နိုင်ကြပြီး အစွန်းရောက်အကြမ်းဖက်ဝါဒ မုချကျဆုံးအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရအောင်လို့ တိုက်တွန်းလိုက်ရပါတယ်။