ဝါရှင်တန် ဒီဇင်ဘာ ၆

 

အမေရိကန်ပြည်နယ် ၁၂ ခု၌ ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်ကူးစက်ခံရမှုကို တွေ့ရှိခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ကျန်းမာရေးအာဏာပိုင်များက ပြည်သူများအား ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်ကြရန် တောင်းဆိုလာကြသည်။ ။

 

အိုမီခရွန်ကူးစက်မှုကို နယူးယောက်၊ ကယ်လီဖိုးနီးယား၊ နီဘရာစကာ၊ လူဝီစီယားနားနှင့် အခြားသောပြည်နယ် ရှစ်ခုတို့၌ တွေ့ရှိရသည်။ ပြည်တွင်း၌ ကူးစက်ပျံ့နှံ့မှုများရှိနေကြောင်း ရုပ်သံအင်တာဗျူးတွင် အိမ်ဖြူတော် ဆေးဘက်ဆိုင်ရာ အကြံပေးအကြီးအကဲဖြစ်သူ အန်သိုနီ ဖောင်ချီက ပြောသည်။

 

ဒေသခံများ ကာကွယ်ဆေးထိုးကြရန်နှင့် နှစ်ကြိမ်ကာကွယ်ဆေး ထိုးပြီးသူများကလည်း တတိယအကြိမ် ကာကွယ်ဆေး ထိုးနှံမှုခံယူကြရန် ဒေသခံအာဏာပိုင်များက တိုက်တွန်းထားသည်။ ကယ်လီဖိုးနီးယားရှိ ကာကွယ်ဆေးထိုးပေးရာ စင်တာတစ်ခု၌ ကြိုတင်စာရင်းသွင်းထားမှုများနှင့် ပြည့်နေသည်။ ။

 

ပြည်သူများသည် အိုမီခရွန်ကူးစက်ခံရမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံဆရာဝန်တစ်ဦးက ပြောသည်။ နယူးယောက်ရှိ ကာကွယ်ဆေးထိုးပေးရာ စင်တာတစ်ခုတွင်လည်း ဆေးထိုးသူများနှင့် ပြည့်နှက်နေသည်။

 

လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း ဆိုက်ရောက်လာသည့်ခရီးသည်များကို ဆေးစစ်ရန်အတွက် ဆေးစစ်ကိရိယာများ အခမဲ့ထောက်ပံ့ပေးထားသည်။ အိုမီခရွန်မျိုးကွဲသည် နိုင်ငံပေါင်း ၄၀ သို့ ကူးစက်ပျံ့နှံ့နေပြီဟု သိရသည်။

အင်န်အိတ်ချ်ကေ