နေပြည်တော် ဒီဇင်ဘာ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (AERDTC) ၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးစီးဌာနများ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအောက်ရှိ နိုင်ငံဝန်ထမ်း အားကစားမောင်မယ်များ တက်ရောက်ကြသည်။
ကိုယ်လက်လှုပ်ရှား အားကစားနည်းများတွင် ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ကိုယ်စိတ်အပန်းပြေစေရန် နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် ဆက်စပ်နေသည့် ဌာနများ အချင်းချင်း ဝန်ထမ်းများ အချင်းချင်းကြားတွင် ခင်မင်ရင်းနှီးမှုများ ဖြစ်ပေါ်လာရေးတို့ကို ရည်ရွယ်ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၀ ရက် မှ ၂၂ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲများ တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက အကဲဖြတ် အမှတ်ပေးခဲ့ကြခြင်း ဖြစ်သည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တံခွန်စိုက်ဆု၊ အမျိုးသားတစ်ဦးချင်းဆုများ၊ အမျိုးသမီး တစ်ဦးချင်း ဆုများ နှင့် နှစ်ယောက်တွဲဆုများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြရာ ဆုရအားကစားမောင်မယ်များက ဆုအမျိုးအစားများအလိုက် လက်ခံရယူခဲ့ကြပြီး တံခွန်စိုက်ဆုကို ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်


