ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းဖောင်းရေပူစမ်း အပန်းဖြေစခန်းတွင် ခရစ်စမတ်နှင့် ရုံးပိတ်ရက်များအတွင်း မိသားစုအလိုက် လာရောက်အပန်းဖြေသူများဖြင့် စည်းကားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျိုင်းဖောင်းရေပူစမ်းသည် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လွယ်လုံကျေးရွာအုပ်စုတွင် တည်ရှိပြီး သဘာဝအလျောက်တည်ရှိသော ရေပူစမ်းတစ်ခုဖြစ်ကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အများပြည်သူ အခမဲ့အပန်းဖြေနိုင်စေရန်အတွက် မွန်းမံပြင်ဆင်ထားရှိမှုများ ဆောင်ရွက်ထားခြင်းဖြစ်သည်။ ဒေသအစားအစာများဖြစ်သည့် ကောက်ညှင်းကင်၊ ငါးအခြောက်ကင်၊ ယိုးဒယား သင်္ဘောသီးထောင်းနှင့် ကောက်ညှင်းကျည်ထောက် စသည့် ဒေသတိုင်းရင်းသား အစားအစာများ ရောင်းချလျက်ရှိသဖြင့် ယခုနှစ် ခရစ်စမတ်နှင့် အလုပ်ပိတ်ရက်များအတွင်း မိသားစုအလိုက် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။
ကျိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူစက်ခံရမှုနှုန်း ကျဆင်းလာသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ သွားလာလျက်ရှိပြီး ယခုကဲ့သို့ ဆောင်းရာသီကာလနှင့် အများပြည်သူ အလုပ်ပိတ်ရက်များတွင် အဆိုပါ ကျိုင်းဖောင်းရေပူစမ်းသို့ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စိုင်းရွှေအောင် (ခရိုင်ပြန်/ဆက်)


