နှင်းမိုးအိမ်
အီရတ်နိုင်ငံ အများပြည်သူနှင့်သက်ဆိုင်သည့် ကဏ္ဍတွင် အလုပ်လုပ်ကိုင်ပြီးနောက် အဇာဟာသည် အိမ်တွင်း အကြမ်းဖက်မှုခံနေရသည့် အမျိုးသမီးများကို ကူညီရန် တရားဝင်ကမ်းလှမ်းခဲ့သည်။
ဆယ်စုနှစ်တစ်စုကြာ အမှုရင်ဆိုင်ခဲ့ရ
၎င်းကိုယ်တိုင်မှာလည်း ခင်ပွန်းသည်ဖြစ်သူ၏ အိမ်တွင်းအကြမ်းဖက်မှုနှင့် ရင်ဆိုင်ခဲ့ဖူးရာ အတွေ့အကြုံများ ရရှိထားသူလည်းဖြစ်သည်။ အဇာဟာမှာ မိသားစု၏ ဖိအားပေးမှုဖြင့် လက်ထပ်ခဲ့သူဖြစ်ပြီး ၎င်းကိုရိုက်နှက်သည့် ခင်ပွန်းသည်ဖြစ်သူနှင့် ကွာရှင်းခွင့်ရရှိရန် ဆယ်စုနှစ်တစ်စုစာကြာ တရားရုံး၌ အမှုရင်ဆိုင်ခဲ့ရသူလည်းဖြစ်သည်။
တွန်းအားတစ်ခုဖြစ်ခဲ့
အဇာဟာက ခင်ပွန်းသည်ဖြစ်သူနှင့် နေထိုင်စဉ် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများကို ဓာတ်ပုံရိုက်ထားခဲ့ပြီး ၎င်းရရှိထားသည့်ဒ ဏ်ရာများကို ပြသခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် သေတော့မည်ဟုပင် တွေးထားခဲ့ကြောင်း ၎င်းက ပြောပြသည်။ ထိုအချိန်၌ပင် ၎င်းကိုနှောင်ဖွဲ့ထားသော အချုပ်အနှောင်ကို ဖြတ်တောက်ရန် စတင်ကြိုးပမ်းခဲ့သည်ဟု ပြောသည်။ နောက်ဆုံးတွင် လွတ်မြောက်ခွင့်ရရှိခဲ့သော်လည်း ၎င်းကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးကြောင့် ဥပဒေကိုလေ့လာသင်ယူရန် တွန်းအားတစ်ခုဖြစ်ခဲ့ရသည်။ ။
တရားဝင်အကူအညီများပေး
တရားစီရင်မှုစနစ်နှင့်ရင်ဆိုင်ရာတွင် အားနည်းချက်ရှိသည်ဟု ခံစားရကြောင်း အဇာဟာက ၎င်း၏ ခံစားချက်ကို ပြောပြသည်။ ယခုအခါ ၎င်းသည် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုတွင် ဦးစီး ဦးဆောင်ပြုလျက်ရှိပြီး အဆိုပါအဖွဲ့အစည်းသည် အိမ်တွင်းအကြမ်းဖက်ခံရမှုများကို တရားဝင် ထောက်ပံ့ပေးသည့် အီရတ်အမျိုးသမီးကွန်ရက်လည်းဖြစ်သည်။
အကြမ်းဖက်မှုခံနေရသည့် မည်သည့်အမျိုး သမီးကိုမဆို လိုအပ်သည့် တရားဝင်အကူအညီများ ပေးသည်။ ထို့ကြောင့် အဆိုပါအမျိုးသမီးသည် ၎င်း၏အခွင့်အရေးကို သတိပြုမိလာပြီး မိမိကိုယ်ကို ကာကွယ်နိုင်လာသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ရုန်းကန်ကြိုးစားနေကြ
အရွယ်မရောက်သေးသူများကို လက်ထပ်ပေးခြင်းမှစ၍ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအထိ အမျိုးသမီးဝါဒီများနှင့် ရှေ့နေများသည် အမျိုးသမီးများ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရေး ရုန်းကန်ကြိုးစားနေကြသည်။ တိုင်းပြည်အတွင်း လူဦးရေသန်း ၄၀ အနက် ၂၀၂၁ ခုနှစ်တွင် အိမ်တွင်း အကြမ်းဖက်မှုဖြင့် တိုင်ကြားထားသူဦးရေမှာ ၁၇၀၀၀ ခန့် ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန မိသားစုရေးရာ စီမံခန့်ခွဲမှုဌာနမှ မီဒီယာအကြီး အကဲဖြစ်သူ ဆော့ဒ်မန်းက ပြောသည်။
အရွယ်မရောက်ဘဲ လက်ထပ်မှုများလာ အီရတ်နိုင်ငံအတွင်း အရွယ်မရောက်သေးဘဲ လက်ထပ်မှုများ များပြားလာကြောင်း အီရတ်အစိုးရ ၏ စစ်တမ်းကောက်ယူမှုအရ သိရသည်။ ပြီးခဲ့သည့် နှစ်အတွင်း အသက် ၁၈ နှစ်အောက် လက်ထပ်သည့် အမျိုးသမီးအရေအတွက်မှာ ၂၅ ဒသမ ၅ ရာခိုင် နှုန်းသို့ ခုန်တက်ခဲ့သည်။ အဇာဟာသည် ပထမဆုံးအကြိမ် လက်ထပ်စဉ်က အသက် ၂၀ ဝန်းကျင်သာ ရှိသေးသည်။ သို့သော်လည်း လက်ထပ်ပြီး မကြာမီအတွင်း မုဆိုးမဖြစ်ခဲ့ရပြီး ခုနစ်နှစ်အကြာတွင် နောက်တစ်ကြိမ် လက်ထပ်ရန် ဖိအားပေးခံခဲ့ရသည်။
ပြန်လည်ပေါင်းစည်းရေးကိုသာဖိအားပေး
နောက်ဆုံးတွင်၎င်းသည် အကြမ်းဖက်တတ်သော ဒုတိယခင်ပွန်းသည်နှင့် ကွာရှင်းရန် အမှုဖွင့်နိုင်ခဲ့သည်။ အဇာဟာသည် ဒုတိယခင်ပွန်းသည်နှင့်အတူ ကလေးရှစ်ယောက်ကို ထားရစ်ခဲ့သည်။ ပထမဦးဆုံး တရားသူကြီးမှာ ၎င်း၏ခင်ပွန်းသည် နှင့် ရင်းနှီးနေသည့်အတွက် တိုင်ကြားမှုကို လက်မခံခဲ့ပေ။
အဇာဟာရရှိထားသော ဒဏ်ရာများအတွက် ဆေးဘက်ဆိုင်ရာ ထောက်ခံချက်သုံးခုရရှိထားသော်လည်း အမှုကိုလက်မခံခဲ့ပေ။ အိမ်တွင်းအကြမ်းဖက်မှုများတွင် တရားသူကြီးများသည် ပြန်လည်ပေါင်းစည်းရေး ကိုသာ ဖိအားပေးကြသည်ဟု မိသားစု ကာကွယ်ရေးဆိုင်ရာဌာနမှ အလီမိုဟာမက်က ပြောသည်။
ကြိုးစားနေကြ
အီရတ်နိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုများ၌ အမျိုးသမီးများဘက်မှ အကာအကွယ်ပေးသည့် တိကျသည့် ဥပဒေမျိုးမရှိပေ။ လူ့အခွင့်အရေးအုပ်စုများသည် အိမ်တွင်းအကြမ်းဖက်မှုများအတွက် တရားဥပဒေအရ အကာအကွယ်ပေးရန် ဥပဒေကြမ်းကို ပါလီမန်မှထောက်ခံချက်ရယူရန် ကြိုးစားနေကြသည်။ သို့သော်လည်း ၂၀၁၀ ပြည့်နှစ်ကတည်းက အစ္စလာမ်မစ်ပါတီများ၏ ပိတ်ဆို့မှုနှင့်ကြုံတွေ့နေ ရသည်။
ခိုလှုံရာဖန်တီးပေးရန်ဖြစ်
အဆိုပါဥပဒေကြမ်း အဓိကသော့ချက်မှာ အိမ်တွင်းအကြမ်းဖက်ခံရသူများကို ခိုလှုံရာ ဖန်တီးပေးရန်ပင် ဖြစ်သည်ဟု ရှေ့နေတစ်ဦးဖြစ်သူ မာဝေလ်အဲလီယိုအီက ပြောသည်။ လူထု၏ အမြင်ကိုလှုံ့ဆော်ပေးခြင်းမှာ တစ်ခုတည်းသော ရှေ့ဆက်နိုင်မည့်နည်းလမ်းဖြစ်နေသည်။
အသက် ၁၆နှစ် အရွယ် မာရီယံ၏အမှုမှာလည်း အလားတူပင်ဖြစ်သည်။ မာရီယံ၏နေအိမ်အတွင်းသို့ အမျိုးသားတစ်ဦး ဝင်ရောက်ခဲ့ပြီး မာရီယံကို အက်စစ်ဖြင့်ပက်ခဲ့သည်။ မာရီယံ၏မိသားစုက လက်ထပ်ပေးဖို့အရေး လှည့်စားသည်ဟုဆိုကာ အက်စစ်ဖြင့်ပက်ခဲ့ခြင်းဖြစ်သည်။ ယင်းအမှုဖြစ်ပွားပြီး ခုနစ်လအကြာတွင် မီဒီယာများ၌ဖော်ပြခဲ့၍ တစ်နိုင်ငံလုံး စာနာသနားမှုများဖြစ်ပေါ်ခဲ့ရသည်။ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ သံသယရှိသူနှစ်ဦးကို ရဲများကဖမ်းဆီးခဲ့သည်။ မီဒီယာများ၏ ဖိအား ပေးမှုမပါဘဲ ယင်းသို့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ မာရီယံ၏အမှုမှာ တရားရုံးသို့မရောက်မီ အချိန် နှစ်နှစ်ကြာမြင့်ခဲ့သည်။
ဖိအားပေးလက်ထပ်ပေးခြင်းခံရ
မြောက်ပိုင်းကီကွတ်ပြည်နယ်တွင် လီနာဆိုသည့် အမျိုးသမီးလေးတစ်ဦးမှာ အသက် ၁၃ နှစ်အရွယ်၌ပင် ဖိအားပေး လက်ထပ်ပေးခြင်းခံခဲ့ ရသည်။ ၎င်း၏ခင်ပွန်းသည်ဖြစ်သူမှာ ရိုက်နှက် နှိပ်စက်သည့်အတွက် အသက် ၂၅ နှစ်တွင် အဆိုပါ အိမ်ထောင်ရေးမှ ရုန်းထွက်ရန်ကြိုးပမ်းခဲ့သည် ဟုလည်း ၎င်းကဆက်ပြောသည်။ လီနာဘက်မှတိုင်တန်းမှုပြုလုပ်သည့်အခါ ၎င်း၏ခင်ပွန်းသည် ဖြစ်သူက ဆရာဝန်ထံမှ လီနာသည်စိတ်ပိုင်း ဆိုင်ရာ မကျန်းမာသူတစ်ဦးဟု ထောက်ခံချက်ရရှိရန် ကြိုးပမ်းခဲ့သည်။
တောင်းဆိုခဲ့
ယင်းနောက် ဆရာဝန်က လီနာ၏ဒဏ်ရာများကို မြင်တွေ့သည့်အခါ အယ်လ်အမဲလ် အဖွဲ့အစည်း နှင့် ဆက်သွယ်မှုရရှိရန် ကြိုးပမ်းပေးခဲ့သည်။ ယခုအခါ ၎င်းသည်လည်း အယ်လ်အမဲလ်အဖွဲ့အစည်းတွင် အရေးပါသူဖြစ်လာပြီး အမျိုးသမီးအခွင့်အရေးအတွက် အမျိုးသမီးများပါဝင်လာရန် တောင်းဆိုခဲ့သည်။ ကွာရှင်းခွင့်ရရှိပြီး တရားရုံးမှထွက်ခွာသည့်အခါ အကျဉ်းထောင်မှလွတ်မြောက်လာသူ တစ်ဦးကဲ့သို့ပင် ခံစားရကြောင်း လီနာက ၎င်း၏ ခံစားချက်ကိုပြောပြသည်။
ကိုးကား - အေအက်ဖ်ပီ


