မော်လူး ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့တိုက်နယ်ဆေးရုံတွင် ဆေးရုံသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူသူအား သံတိုသံစများရောင်းချရာမှ ပြစ်မှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၈ ရက် ည ၈ နာရီခန့်က မော်လူးမြို့ မင်းဇေယျာရပ်ကွက်နေ ဦးဆံရှည် သံတို/သံစ ဝယ်ယူသည့်နေအိမ်သို့ မင်းသစ္စာရပ်ကွက် (ဟဲနုရွာ) နေထိုင်သူ နေလင်းဦး ဆိုသူက သံတို/သံစများ လာရောက်ရောင်းချခဲ့ရာ ဆေးရုံသုံးပစ္စည်းများ ဖြစ်နိုင်ကြောင်း မသင်္ကာသဖြင့် မော်လူးမြို့ရဲစခန်းသို့ အပ်နှံခဲ့ပြီး ဇန်နဝါရီ ၉ ရက် နံနက် ၇ နာရီတွင် မော်လူးမြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မော်လူးနယ်မြေစခန်းမှူး ရဲအုပ်ရွှေခိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မင်းထိုက်အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ ဆေးရုံဟောင်း ဘိုးဘွားအခန်းမှ နံရံကပ်ပန်ကာ (၁၀)လုံး၊ ပလတ်စတစ်ထိုင်ခုံ အလုံး (၇၀)၊ Water Collar (၁)လုံး၊ ဓာတ်မှန်စက်ပစ္စည်းများ၊ Instrument ပစ္စည်းပေါင်းအိုး (၁)လုံး၊ ဆေးရုံသုံး အသုံးအဆောင်ပစ္စည်းများ၊ Methadone အခန်းမှ မတ်တပ်ပန်ကာအရှည် (၂)လုံး၊ ဆုံလည်ထိုင်ခုံ (၁)လုံး၊ ခွဲစိတ်ခန်းမှ Aircon (၃)လုံး၊ Duty ခန်းမှ Aircon (၁)လုံးနှင့် ဆေးပစ္စည်းအချို့ (စိစစ်ဆဲ) ပျောက်ဆုံးနေကြောင်းနှင့် အခန်းတိုင်းတွင် တံခါးဖျက်၍ ဝင်ရောက်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သံတိုသံစများကို လာရောက်ရောင်းချခဲ့သူ မော်လူးမြို့ မင်းသစ္စာရပ်ကွက် (ဟဲနုကျေးရွာ) နေထိုင်သူ နေလင်းဦး (၂၁)နှစ်အား မော်လူးနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ကွင်းဆက်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နီတိုး (၀၇၈)