ဂျကာတာ ဇန်နဝါရီ ၁၁
အင်ဒိုနီးရှားအာဏာပိုင်များသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးငါးမျိုးကို တတိယအကြိမ် အပိုဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအဖြစ် အရေးပေါ်အသုံးပြုရန် ယနေ့ခွင့်ပြုလိုက်သည်။
တရုတ်နိုင်ငံအတွက် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ အမေရိကန်နိုင်ငံထုတ် Pfizer ဗြိတိန်နှင့် ဆွီဒင်နိုင်ငံထုတ် AstraZeneca အမေရိကန်နိုင်ငံထုတ် Moderna နှင့် ပြည်တွင်းဖြစ် zifivax စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ငါးမျိုးကို တတိယအကြိမ် အပိုဆောင်း ကာကွယ်ဆေးအဖြစ် အသုံးပြုရန် နိုင်ငံအတွင်း ဖြန့်ဖြူးသွား မည်ဖြစ်ကြောင်း အင်ဒိုနီးရှား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အေဂျင်စီအကြီးအကဲ ပဲန်နီ လူကီသိုက ပြောသည်။
ထို့ပြင် အင်ဒိုနီးရှားအစိုးရသည် နောက်ထပ်ကာကွယ်ဆေး အများအပြားကိုလည်း အရေးပေါ်အသုံးပြုခွင့်ရရှိရန် စမ်းသပ်လျက်ရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။ ။
အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာန၏ တတိယအကြိမ် အပိုဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီ ၁၂ ရက်မှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖွယ်အန္တရာယ်များသည့် သက်ကြီးရွယ်အိုများကို ဦးစားပေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။
အင်ဒိုနီးရှားအစိုးရသည် ယမန်နှစ် ဇူလိုင်လအတွင်းက တတိယအကြိမ် အပိုဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်လိုအပ်သော ကာကွယ်ဆေးများအား ကျန်းမာရေးဝန်ထမ်းများအတွက် ဖြန့်ဖြူးခဲ့သည်။
ထို့ပြင် သက်ကြီးရွယ်အိုများနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖွယ် အန္တရာယ်များသော ပြည်သူများအတွက် အပိုဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အခမဲ့ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက်အထိ ရရှိသည့် အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄ ဒသမ ၂ သန်းကျော်ရှိပြီး ၎င်းတို့ အနက် ၁၄၄၀၀၀ ကျော်သည် အဆိုပါ ရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အင်ဒိုနီးရှားအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ထားသည့်ပြည်သူ ၂၀၈ သန်းအနက် ၁၁၆ သန်းကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ကိုးကား - အေပီ
ဘာသာပြန် - ဂျေတီ


