ဝါရှင်တန် ဖေဖော်ဝါရီ ၆

 

အမေရိကန်နိုင်ငံ၌ဖေဖော်ဝါရီ ၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ကိုးသိန်းကျော်ရှိလာကြောင်း ဂျွန်ဟော့စ်ကင်းတက္ကသိုလ်က ထုတ်ပြန်သည့် နောက်ဆုံး အချက်အလက်များအရ သိရသည်။

 

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် လျော့ကျမှု ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ ရောဂါကြောင့် သေဆုံးသူအရေအတွက်နှင့် ဆေးရုံတက်ရောက် ကုသမှုခံယူရသူဦးရေသည် ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

 

ဂျွန်ဟော့စ်ကင်းတက္ကသိုလ်က ဖော်ပြသော နောက်ဆုံးအချက်အလက်များအရ အမေရိကန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှု စတင်ပျံ့နှံ့ခဲ့ချိန်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်း မှစတင်ကာ အဆိုပါရောဂါကြောင့် သေဆုံးသူ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

 

ထို့ပြင် အမေရိကန်နိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် တစ်သန်းအထိရှိခဲ့ရာမှာ လက်ရှိတွင်မူ ပြီးခဲ့သည့် ခုနစ်ရက်တာကာလအတွင်း နေ့စဉ်ကူးစက်ခံရသူ ၃၈၄၀၀၀ ဦးရှိကြောင်း သိရသည်။ နေ့စဉ်ပျမ်းမျှ ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူအရေအတွက်သည်လည်း ၂၄၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၆ ရက် တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက် ၉၆၀၀၀၀ အထိ မြင့်တက် လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

 

ထို့ကြောင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်း ထိုးနှံမှုခံယူရန်၊ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ရန်နှင့် လူစုလူဝေးရှောင်ရှားရန် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက တိုက်တွန်း ထားကြောင်း သိရသည်။ ။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်