နေပြည်တော် မတ် ၂၈
အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်သက် ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကန်စွယ်ရွာနေ မမော်မော်လွင် (ခ) ဇင်မာဌေး (ခ) အားလီ က မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်နေ မ xxx ၊ ၂၉နှစ် ကို တရုတ်နိုင်ငံရှိ မြီးရှည်ဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် (၁၃၀၀) ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် ရောင်းစားပြီး ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်း(ပ)၄ / ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မင်းဘူးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ မမော်မော်လွင် (ခ) ဇင်မာဌေး (ခ) အားလီသည် လွယ်ဂျယ်နယ်မြေရဲစခန်း (ပ) ၆/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရပြီး လူကုန်ကူးမှုအား ထပ်မံကျူးလွန်သူဖြစ်၍ မတ် ၂၄ ရက် တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၁ အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


